ပါတီကြီးနှစ်ခု မဲဆွယ် ပဋိပက္ခ စပြီလော

0
482

မဲဆွယ်စည်းရုံးရေး ကာလ မရောက်မီကပင် အင်အားကြီး ပါတီ နှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြားတွင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် ပြော ဆိုခြင်းဟူသည့် ကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲမှု၊ အငြင်းပွား မှုများ စလာသည်။

ပထမဖြစ်ရပ်မှာ တိုင်းဒေသကြီး လွှတ်တော် တနင်္သာရီမြို့နယ် မဲဆန္ဒ နယ် (၂) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ် လောင်း ဦးထင်ပေါ်က ယင်းမြို့နယ် အနောက် သရဖုံကျေးရွာ ဓမ္မလင်္ကာရ ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ်လ ၂၉ ရက်က ပြုလုပ်သည့် မဲရုံ ကိုယ် စားလှယ် လောင်းရွေးချယ်ခြင်း၊ အောင် နိုင်ရေးကော်မတီ ဖွဲ့ခြင်းနှင့် မဲပေးနည်း သင်တန်းတွင် ပြိုင်ဘက် ကိုယ်စားလှယ် လောင်းများအပေါ် ပုဂ္ဂိုလ်ရေး ပုတ်ခတ် ပြောဆိုခဲ့သည်ဟု ယင်းကျေးရွာ ဒေသ ခံတချို့ထံမှ သိရသည်။

ထို့အတူပင် နောက်တစ်ခုမှာ သရက်ချောင်းမြို့နယ် ပန်းတောရပ် ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ရပ်ကွက်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ ဝါဆိုသင်္ကန်း အလှူဖိတ်စာနှင့်အတူ NLD အပေါ် ပုတ်ခတ်သည့် စာများကို ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးဖြစ်သည့် ဒေါ်ကြိုင် ဆိုသူက ဖြန့်ဝေသည်ဟူသည့် စွပ်စွဲ ချက် ဖြစ်သည်။
ယင်းစာကို အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့မှ ဖြန့်ဝေသည့် ဟန်ရေးသားထားပြီး ဗ ၄ သုံးခေါက်ချိုး လက်ကမ်းစာစောင် ပုံစံ ပြုလုပ်ထားသည်။

” ကြေညာစာတမ်းက NLD ပါတီ ကို အကြီးအကျယ် ပုတ်ခတ် တိုက် ခိုက်ထားတာပါ။ နိုင်ငံရေးကို ဘာသာရေး၊ လူမျိုးရေးနဲ့ မှိုင်းတိုက်တာမျိုး လုံးဝလက်မခံဘူး။ ပြည်ခိုင်ဖြိုးပါတီက ဒီဟာကို လုပ်နေတယ်။ ကော်မရှင်ကနေ အရေးယူ ပေးတာကို လိုချင်တယ်”ဟု NLD ပါတီ၏ သရက်ချောင်းမြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။

ဖြစ်ရပ်နှစ်ခုစလုံးနှင့် ပတ်သက်၍ စွပ်စွဲခံရသူမှာ ကြံ့ခိုင်ရေး ပါတီက စွပ်စွဲချက်များကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
]]ပုဂ္ဂိုလ်အရေးကို ထိခိုက်ပြီး အပုတ်ချပြောတာ မဟုတ်ပါဘူး။ နှိုင်း ယှဉ်ပြတာပါ။ ဘယ်ပါတီမှ ဘယ်သူက လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ မယ်ဆိုရင် ဘယ်အတိုင်းအတာထိ ရောက်နိုင်မလဲဆိုတာကို ပြောပြခဲ့ တာပါ။ မဲပေးတာမပေးတာက ပြည်သူတွေရဲ့ သဘောပါ” ဟု ဦးထင်ပေါ်က တုန့်ပြန်သည်။
သို့သော် တနင်္သာရီမြို့နယ်တွင် ဝင်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ပညာရေး၊ အိမ်ထောင်ရေး အခြေအနေ များကို ထိပါး ပြောဆိုခဲ့သည်ဟု ယင်းပွဲကို တက်ရောက်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

NLD ပါတီကို ပုတ်ခတ်ထားသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်တွင် ဖြစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော် သရက်ချောင်းမဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်း ဦးဇော်ညွန့်က အောက် ခြေပါတီဝင်များနှင့် စည်းရုံးရေးမှူး များကို ယင်းသို့ ပြုလုပ်ရန် ညွှန်ကြားထားခြင်းမရှိဘဲ ယင်းသို့ သတင်း ထွက်လာခြင်းမှာ ကျေးရွာပါတီဝင် အချင်းချင်း ယှဉ်ပြိုင်မှုကြောင့် ဖြစ်လာသည့် ပြဿနာတစ်ခုဟု ထင်မြင်မိကြောင်း ပြောသည်။
” မ.ဘ.သ ရဲ့ စာရွက်က ပြန့်နေ တာကြာပါပြီ။ ဖိတ်စာနဲ့ အတူတူ ဖြန့်ဝေတယ်ဆိုတာ မဟုတ်ပါဘူး။ ဒေါ်ကြိုင်ကိုလည်း မေးပြီးပြီ။ သူက ဖိတ်စာတစ်ခုတည်း ဝေတာလို့ ပြောတယ်” ဟု ဦးဇော်ညွန့်က ပြောသည်။

NLD ပါတီဘက်ကမူ ဒေါ်ကြိုင်က ဖိတ်စာနှင့်တွဲပြီး မ.ဘ.သ၏ စာများကို ဖြန့်ဝေသည်နှင့် ပတ်သက်ပြီး အထောက်အထား အပြည့်အစုံ ရှိသည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုသည်။

လက်ရှိတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားပြီး ခရိုင်၊ တိုင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ကို ဆက် လက် တိုင်ကြား သွားမည့်အပြင် NLD ပါတီအဖွဲ့ချုပ် (ဗဟို)ကိုလည်း တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” တဖက်ပါတီက ကိုယ်စားလှယ် လောင်းတွေကို ထိခိုက်နှစ်နာ မှုဖြစ်အောင် ပြောဆိုလို့ မရပါဘူး။ ပြောလာ မယ်ဆိုရင် တစ်ဖက် နဲ့တစ်ဖက် ထိန်းကြောင်း ညှိနှိုင်းရမှာပါ” ဟု မြိတ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အခွဲ့ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရေးမှူးက ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ခွင့် မရှိသေးသည့် အပြင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို မဲဆွယ် ချိန်တွင် ပြိုင်ဘက်ကို ပုတ်ခတ်ခြင်း မလုပ်ရန်နှင့် ရိုးသားစွာ ယှဉ်ပြိုင် ရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟု ပြောသည်။

ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်ဆိုင်ရာ အပိုဒ်(၄)၊ (၄-၁)တွင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများကိုလည်းကောင်း၊ ၎င်းတို့၏ မိသားစုဝင် တစ်ဦးဦးကို သော်လည်းကောင်း၊ လူမျိုး၊ ဘာသာရေး၊ ယုံကြည်မှု၊ ကျား-မ၊ လူမှုရေး၊ မွေးဖွားရာဒေသ၊ ပညာရေးအပြင် အခြားသော အလားတူ ကိစ္စများအပေါ် အခြေခံပြီး တစ်ဖက်သတ် ထင်မြင်ယူဆပြောဆိုခြင်း၊ သို့မဟုတ် ပုတ်ခတ် ပြောဆို ခြင်း ရှောင်ကြည်ရမည်ဟု ရေးသားထားသည်။
မည်သူမဆို လူမျိုးရေးကိုဖြစ်စေ ဘာသာရေးကိုဖြစ်စေ အကြောင်း ပြ၍ ဆန္ဒမဲပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန် သော်လည်း ကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာ ချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း စသည်တို့ကို ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်း ထက်မပိုသော ငွေ ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ အခန်း၁၃တွင် ဖော်ပြထားသည်။

ယင်းသို့ စတင်ဖြစ်ပွားလာသော ပဋိပက္ခနှင့် ပတ်သက်၍ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များထံ မေးမြန်းမှတ်ချက် တောင်းသော်လည်း ယခုအချိန်တွင် မှတ်ချက်ပေးနိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှသာ အစီရင်ခံစာ ထုတ်ပြန်သွားမည်ဖြစ် ကြောင်း ပြောဆိုကြသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ သရက်ချောင်း မြို့နယ် အတွင်းရေးမှူး ဦးဥာဏိဿရ (ပေါ်တော်မူ ဆရာတော်) ကမူ ယခု သရက်ချောင်းမြို့နယ် ပန်းတောရပ်အတွင်း ဖြန့်ချိနေသော စာရွက် စာတမ်း များမှာ မ.ဘ.သ မှ ဖြန့်ချိခြင်း မဟုတ်ကြောင်း မိန့်ဆိုသည်။

မ.ဘ.သမှ ထုတ်ဝေသည့်စာတိုင်းတွင် ဥက္ကဋ္ဌ ဆရာတော်၏ လက်မှတ်နှင့် တံဆိပ်များပါရှိကြောင်း မိန့်ကြားသည်။
” ပြီးတော့ မ.ဘ.သ က ဒီလိုမျိုး ပါတီကို မဲမပေးဖို့ ဆိုတာမျိုး စာထုတ် တာတွေ မရှိဖူးဘူး” ဟု ပေါ်တော်မူ ဆရာတော်က မိန့်သည်။
ယင်းထုတ်ပြန်ချက်ကြောင့် မ.ဘ.သ အဖွဲ့ကို ထိခိုက်မှုရှိပြီး ထိုသို့ စွပ်စွဲမှုနှင့် ပတ်သက်၍ ဖြေရှင်းရန် သရက်ချောင်းမြို့နယ် NLD သို့ စာပို့ ထားကြောင်း ဆရာတော်က မိန့်ကြား သည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့ မ.ဘ.သ အနေနဲ့ စာထုတ်ဖို့ မရှိလောက်တော့ဘူး။ ဘာလို့လဲ ဆိုတော့ မ.ဘ.သ ဗဟို ရဲ့ နှစ်ပတ် လည် ဆွေးနွေးပွဲက သဘောထား ကြေညာချက်မှာ အမျိုး၊ ဘာသာ၊ သာသနာအတွက် အားကိုးထိုက်တဲ့ ကိုယ်စားလှယ် လောင်းတွေကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲကင်းကင်းနဲ့ ရွေးချယ်ဖို့ တိုက်တွန်းထားပြီးသားပါ” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။