အငြင်းပွားဖွယ် အထက်တန်းပြ ရာထူးတိုး အမိန့်စာတို့အကြား တိုင်း ပညာရေးမှူး ခွင့်ယူ

0
562

တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ပတ်အတွင်း အမျိုးမျိုးပြောင်းလဲ ထုတ် ပြန်ခဲ့သည့် အခြေခံပညာကျောင်းများမှ  အထက်တန်းပြ ဆရာ၊ ဆရာမ ရာထူးတိုး အမိန့်စာ နှစ်ခုကြား တိုင်းပညာရေးမှူး ဦးထွန်းရီ ခွင့်ယူသွားခဲ့သည်။


ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန် ကာ နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်း ခဲ့သည့် အထက်တန်းပြရာထူးတိုး ထုတ် ပြန်ချက်နှင့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ထပ်မံထုတ်ပြန်သည့် အထက်တန်းပြ ရာထူးတိုး ထုတ်ပြန်ချက်နှစ်ခုတွင် ဆရာ၊ ဆရာမ နေရာချထားမှုနှင့် ရာထူးတိုး ဆရာ၊ ဆရာမ ပါဝင်မှုမှာ ကွဲလွဲလျက် ရှိသည်။

ချက်ချင်းပြန်လည် ရုပ်သိမ်းခဲ့ရ သော ပထမထုတ်ပြန်ချက်အပြီး ရက်ပိုင်း အတွင်း တိုင်းပညာရေးမှူး ဦးထွန်းရီက ခွင့်ယူသွားခဲ့ပြီး ယနေ့အထိ ရုံးပြန်တက် ခြင်း မရှိသေးဘဲ အငြိမ်းစားယူသည့်နေ့ ရက်အထိ ရုံးပြန်တက်ရန် မသေချာကြောင်း တိုင်း အစိုးရအဖွဲ့နှင့် ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
” တိုင်းပညာရေးမှူးက ခွင့်ယူထား တယ်။ သူလည်း ပင်စင်ပြည့်ခါနီးနေပါပြီ” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေး ဝန်ကြီး ဒေါက်တာ ဝင်းအောင်က ပြော သည်။ ချက်ချင်း ပြန်ရုပ်သိမ်းခဲ့ရသော ရာထူး တိုး အမိန့်စာနှင့် တိုင်းပညာရေးမှူး ခွင့်ယူ ခဲ့ခြင်းနှင့်ပက်သက်၍ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းတွင် သတင်းအမျိုးမျိုး ထွက်ပေါ်နေ သော်လည်း တိုင်းပညာရေးမှူးမှာ ကျန်းမာရေးကြောင့် ခွင့်ယူထားခြင်းသာဖြစ်သည်ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

” ပထမထုတ်ပြန်ချက်တုန်းက မကျေနပ်မှုတွေ ပိုကြားရတယ်။ အခုကတော့ သိပ် မကြားရသေးဘူး” ဟု  လောင်းလုံးမြို့နယ်ရှိ မူလတန်းလွန်ကျောင်းမှ ပညာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။

ယခင်ထုတ်ပြန်ခဲ့သည့် အထက်တန်းပြ ရာထူးတိုး ထုတ်ပြန်ချက်မှာ ရာထူးတိုး ခေါ်ယူသည့်ကိစ္စကို နယ်စွန် နယ်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ မသိရှိခဲ့သဖြင့် ပထမထုတ်ပြန်ခဲ့သည့် ရာထူးတိုးစာရင်းတွင် ယင်းဆရာ၊ ဆရာမများ မပါဝင်သည့်အတွက် ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီး ဒေါက်တာ ဝင်းအောင်က အကြောင်းပြသည်။

ဒုတိယအကြိမ် ထုတ်ပြန်ချက်တွင် ပထမထုတ်ပြန်ချက်တွင် ပါဝင်သည့် ဝန်ထမ်းများ မပါဝင်ခြင်း၊ ယခင်ထုတ်ပြန်ချက်က ထားဝယ်မြို့နှင့်နီးသည့် ကျောင်းများသို့ ပြောင်းရွှေ့ရန် ပါရှိသည့် ဆရာ၊ ဆရာမများသည် ဝေးလံသည့်ကျောင်းများတွင် နေရာချထားခံရခြင်း စသဖြင့် ထုတ်ပြန်ချက်နှစ်ခုမှာ ကွဲလွဲမှုရှိနေသည်ဟု ကာယကံရှင် ဆရာ၊ ဆရာမများထံက သိရသည်။

” ဘာတွေဖြစ်နေပြီလဲကို မသိတော့ဘူး။ ဘာပြောရမှန်းကို မသိဘူး။ မျှမျှတတ ဖြစ်စေချင်တယ်” ဟု ယခင်ထုတ်ပြန်ချက်တွင် ထားဝယ် မြို့ပေါ်မှ နေ့ချင်းပြန် သွားရောက် နိုင်သည့် လောင်းလုံးမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် တာဝန်ကျခဲ့သော်လည်း ဒုတိယ ထုတ်ပြန်ချက်တွင် ဟိန္ဒား အ.ထ.ကသို့ တာဝန်ချထားခြင်းခံခဲ့ရသော ပညာရေး ဝန်ထမ်းတစ်ဦးက ဖွင့်ဟသည်။

ယခင်အမိန့်စာအရ လောင်းလုံးမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း တစ်ခုတွင် တာဝန်ချခံရသော်လည်း ဒုတိယ အမိန့်စာအရ မြိတ်မြို့နယ်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ကျသွားသည့် ဝန်ထမ်းအချို့လည်း ရှိသည်။အထက်တန်းပြ ရာထူးတိုးမည့် ဆရာ၊ ဆရာမများကို ပညာရေးတက္ကသိုလ် ( BE.d) ကျောင်းဆင်းနှင့် ပထမနှစ်၊ ဒုတိယနှစ် တက်နေသည့် ဆရာ၊ ဆရာမများကို တိုက်ရိုက်နှင့် လုပ်သက် ၁၀နှစ်အထက် အလယ်တန်း ပြဆရာ၊ ဆရာမများဝင်ခွင့် စာမေးပွဲ ဖြေဆို၍ သော်လည်းကောင်း အစဉ်လိုက် နေရာချထားပေးခြင်းဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း အထက်တန်းပြဆရာ၊ ဆရာမ ၆၀၀ ခန့် လိုအပ် နေပြီး ၄၃၀ ကို ခန့်အပ်ပြီးဖြစ်ကြောင်း၊ ကျန်လိုအပ်သည့် ၁၀၀ ကျော်အတွက် အလယ်တန်းပြ လုပ်သက် ၅နှစ်ကျော်သူများကို ဩဂုတ်လ ၂၂ ရက်နေ့က ဝင်ခွင့်               စာမေးပွဲ စစ်ထားပြီး ရလဒ်မထွက်သေးကြောင်း ဝန်ကြီးထံမှ သိရသည်။

အလယ်တန်းပြဆရာ၊ ဆရာမများကို အထက်တန်းပြသို့ ရာထူးတိုးမြှင့်ပြီးပါက အလယ်တန်းပြဆရာဆရာမများကို နေရာပြောင်းရွှေ့ခြင်း၊ မူလတန်းပြများကို အလယ် တန်းပြသို့ တိုးမြှင့်ခြင်း၊ ယင်းနောက် မူလတန်းပြများပြောင်းရွှေ့ခြင်းနှင့် လိုအပ်သည့် မူလတန်းပြများအတွက် ဆွဲခန့်များ ဖြည့်ဆည်းခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ရာထူးတိုး အမိန့်စာ နှစ်ခု အကွဲအလွဲတွင် ဦးထွန်းရီ၏ လူများနှင့် ဝန်ကြီး၏ လူများဟူသော အယူအဆများလည်း ဖြစ်ပေါ်နေကြောင်း တနင်္သာရီအပတ်စဉ်မှ ပညာရေး အသိုင်းအဝိုင်းအတွင်း အသေးစိတ် စုံစမ်းမေးမြန်းမှုများအရ သိရသည်။
သို့သော် အထက်တန်းပြရာထူးတိုး ကိစ္စတွင် ယင်းသို့ကွဲလွဲမှုနှင့် အငြင်းပွားမှုများဖြစ် ပေါ်နေသဖြင့် နောက်ထပ်ပြုလုပ်မည့် အလယ်တန်းပြရာထူးတိုး အမိန့်စာတို့တွင်လည်း ပြဿနာပေါ်နိုင်ကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
တိုင်းပညာရေးမှူး ဦးထွန်းရီနေရာတွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စိန် က ယာယီတာဝန်ယူထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။