ထိုင်း ဗုံးပေါက်ကွဲမှုအပြီး တနင်္သာရီတွင် လုံခြုံရေး တိုးမြှင့်

0
483

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် တနင်္သာရီ တိုင်း အတွင်း လုံခြုံရေး တိုးမြှင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် ဩဂုတ်လ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲပြီး သည့်နေ့မှစ၍ တနင်္သာရီတိုင်းရှိ နယ်စပ် ဂိတ် ၃ ခုတွင် လူနှင့်ကုန်ပစ္စည်းများကို တင်းကြပ်စွာ စစ်ဆေးနေပြီး ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့ကြီး သုံးမြို့တွင် လည်း လုံခြုံရေးကို ယခင်ထက် ပိုမိုတိုးမြှင့် ကာ လုပ်ဆောင်နေသည်ဟု ရဲမှူးကြီး ကြည်လင်းက ပြောသည်။
” ထားဝယ်က ထီးခီးဂိတ်ကနေဆို နီးလွန်းလို့ စိတ်ပူတယ်။ မြိတ်နဲ့ ကော့သောင်း တို့ကိုလည်း စိုးရိမ်ပါတယ်။ လုံခြုံရေးက တော့ တတ် နိုင်သမျှ မြှင့်ပြီး လုပ်ဆောင်နေ တယ်”  ဟု ရဲမှူးကြီးက ဆိုသည်။
နယ်စပ်ဂိတ်များတွင် စစ်ဆေးခြင်း အပြင် လမ်းတစ်ဝက် နေရာများဖြစ်သည့် မေတ္တာမြို့နှင့် တနင်္သာရီ တံတားတို့တွင် လည်း ထပ်မံစစ်ဆေးခြင်း၊ မြို့အဝင် အထွက်ဂိတ် များတွင် စစ်ဆေးခြင်း တို့ကို ပြုလုပ်လျက်ရှိသည် ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံပိုင်သတင်းစာများ တွင် ဖော်ပြသည့် ဗုံးခွဲမှုကျူးလွန်သူ၏ ပုံပန်း သဏ္ဌာန်နှင့် သတင်းအချက် အလက်တို့ကို လည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံသို့ ပေးပို့ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် ဗုံးဖောက်ခွဲသူများနှင့်ပတ်သက်၍ တိုင်းအတွင်း သတင်းတစ်စုံတရာ မရရှိသော်လည်း လုံခြုံရေးကို အဆင်သင့် ပြင်ဆင် ထားခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ဆိုသည်။
” ပြည်သူတွေအနေနဲ့လည်း မသင်္ကာစရာ လူ၊ ပစ္စည်းတွေ တွေ့ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြား ပေးဖို့ လိုပါတယ်” ဟု ရဲမှူးကြီး ကြည်လင်းက ပြောသည်။
တနင်္သာရီမြို့နယ်တွင် တနင်္သာ ရီ တံတားနှင့် မောတောင် နယ်စပ် ဂိတ်တို့တွင် တပ်၊ ရဲနှင့် လ.၀.က တိုး ပူးပေါင်းကာ ၂၄ နာရီ လုံခြုံ ရေးချထားပြီး သာမန်ထက် ထူးခြားသည့်ယာဉ်များကို စစ်ဆေးလျက်ရှိ ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရသည်။
လက်ရှိအချိန်သည် ရွေးကောက် ပွဲအကြို ကာလဖြစ်သည့်အတွက် လုံခြုံရေးကို သာမန်ထက်အဆင့် တိုးမြှင့်ထားသည့် အချိန်ကာလဖြစ် ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဩဂုတ်လ ၁၇ နေ့ရက်နေ့က ဗုံးပေါက် ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော် ရှိခဲ့ပြီး ဩဂုတ်လ ၁၈ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ဗုံးခွဲသူကို မဖမ်းမိသေးပေ။