ခရိုင် သစ်တော အုပ်ချုပ်မှု လုပ်ပိုင်ခွင့် ၁၀ နှစ် စီမံကိန်း ရေးဆွဲ

0
454

၂၀၁၆-၂၀၂၅ ခုနှစ်အထိ လျာထား ရေးဆွဲသည့် ယင်းစီမံကိန်းကို သစ်တောများ ရေရှည်တည်တံ့စေရန်၊ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရန်နှင့် ဒေသခံများ စီးပွားရေး ရေရှည်ဖွံ့ဖြိုးရန် ရည်ရွယ်ပြီး ရေးဆွဲ ခြင်း ဖြစ်ကြောင်း ဦးစိုးတင့်က ပြောသည်။

ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ် တောများအပြင် သစ်တောဖုံးလွှမ်းလျက်ရှိသည့် အစိုးရ စီမံခန့် ခွဲခွင့်ရှိသည့် မြေများပါ ထိန်းသိမ်းနိုင်ရန် ရေးဆွဲ လျက်ရှိပြီး စက်တင်ဘာလတွင် ယင်း စီမံကိန်းနှင့် ပတ်သက်ပြီး သစ်တော ဦးစီးဌာန ရုံးချုပ်တွင် ဆက်လက်ညှိနှိုင်းမည်ဟု ၎င်းက ပြောသည်။
” ထိန်းသိမ်းတာကို ထိန်းသိမ်းတယ်လို့ မမြင်ဘဲဖြစ်နေလို့ ဒေသခံတွေအတွက် ထိန်းသိမ်းပေး တယ်ဆိုတာ သိလာအောင် ချပြ ဆွေးနွေးနေတယ်” ဟု ဦးစိုးတင့်က ဆိုသည်။

အစုဖွဲ့ပိုင် သစ်တော၊ ပရဆေး သစ်တောစသဖြင့် ဒေသခံများ ထိန်းသိမ်းလိုသည့် သစ်တောများကို သစ် တောဦးစီးဌာနနှင့် ဆက်စပ် ထိန်းသိမ်းနိုင်ရန် တွေ့ဆုံ ညှိနှိုင်းလျက်ရှိပြီး ယင်းသို့ ထိန်းသိမ်းခြင်းဖြင့် သစ်တော ဥပဒေအရ ကာကွယ်မှု ရရှိနိုင်မည်ဟု သိရသည်။
လက်ရှိအချိန်တွင် သစ်တောဖုံးလွှမ်း ဧရိယာတွင် သတ္တု ထုတ်လုပ်ခြင်း၊ သစ်ခုတ်ခြင်းများ ရှိနေပြီး ထိန်းသိမ်းမှု အားနည်းနေသည့်အတွက် လက်ရှိ စီမံကိန်းအရ သစ်တောဦးစီးဌာနမှ ထိန်းသိမ်းမည် ဆိုသည့် မြေနေရာကို မည်သို့ ထိန်းမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ပေါက်တိုင်ချောင်းဖျား ဒေသဖွံ့ဖြိုးရေး ကော်မတီမှ အတွင်းရေးမှူး ဦးဖိုးနီက ပြောသည်။

” ထိန်းသိမ်းသင့်တာ ကြာပြီ၊ ထိန်းသိမ်းတာ ကောင်းတယ်၊ အခုတော့ ပျက်နေပြီ၊ အစကနေ ပြန်လုပ်ရသလို ဖြစ်နေတယ်” ဟု ဦးဖိုးနီက ဝေဖန်သည်။
အဆိုပါ စီမံကိန်း၌ ဒေသခံများ ထိန်းသိမ်းလိုသည့် သစ်တောများကို ထည့်သွင်းရေးဆွဲနိုင်ရန် ထားဝယ်မြို့၌ ဇူလိုင်လ ၂၁ ရက်က သက်ဆိုင်ရာ ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထားဝယ် ခရိုင်သစ်တော ဦးစီးဌာန သိရသည်။
ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ကျေးရွာတစ်ရွာခြင်း နှင့်လည်း တွေ့ဆုံလျက်ရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။