ဆန်တစ်အိတ် သတ်မှတ်ပေါင်ချိန်အပြည့် ရောင်းရမည်

0
2716

ထားဝယ်ဈေးကွက်အတွက် သတ် မှတ်ပေါင်ချိန်မပြည့်သည့် ဆန်အိတ်များ ရောင်းချခြင်းမပြုရန် ထားဝယ်ခရိုင် ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ ဆန် နှင့် ဆန်ထွက်ပစ္စည်း အရောင်းအဝယ် ပြုလုပ်သူများ၊ အသင်းဝင်များနှင့် သက်ဆိုင်ရာ ဌာနများထံ ဩဂုတ်လ ၁၀ရက်နေ့က စာပို့ခဲ့ကြောင်း ယင်း အသင်းထံမှ သိရသည်။

ဆန်တစ်အိတ်၏ ပုံမှန်အလေးချိန် သည် ၁၀၈ ပေါင် (၄၉ ကီလို) ခန့်ရှိ သော်လည်း ဆန်ရောင်းသူများ ဈေး ကွက်လုရာက တဖြည်းဖြည်း လျော့ကျ လာရာ ယခုနှစ်တွင် ကီလို ၄၀ ဝန်း ကျင်အထိ ဖြစ်လာသည်ဟု အထက်ပါ အသင်းမှ သိရသည်။

ထို့ကြောင့် ဆန်နှင့်ဆန်ထွက် ပစ္စည်းအရောင်းအဝယ် ပြုလုပ်သူများ တရားမျှတစွာ ယှဉ်ပြိုင် လုပ်ကိုင်နိုင် ရန်နှင့် စားသုံးသူများ အရည် အသွေးနှင့် အလေးချိန်အပေါ်မူတည်၍ သင့်တင့် သည့် ဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရန် အောက်ခြေအဆင့်အထိ ညှိနှိုင်းဆုံးဖြတ် ခဲ့သည်ဟု သိရသည်။
“မလိုက်နာတဲ့ သူတွေကို သက် ဆိုင်ရာဌာနက အရေးယူလာရင် အသင်း က ကူညီဖြေရှင်းပေးမှာ မဟုတ်ဘူး”ဟု ထားဝယ်ခရိုင် ဆန်စပါး လုပ်ငန်းရှင် များဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ဆိုသည်။

ယင်းသို့ ဆန်ပေါင်ချိန်မပြည့်ဘဲ ရောင်းသည့်ကိစ္စကို စားသုံးသူများက တိုင်ကြားလာပါက စားသုံးသူ ကာကွယ် ရေး ဥပဒေပုဒ်မ ၁၀ အရ ကုန်စည် သို့မဟုတ် သတ်မှတ် စံချိန် စံညွှန်းနှင့် အရည်အသွေး ပြည့်သည်ဟု မမှန်မကန် ဖော်ပြပါက ၃ နှစ်ထက် မပိုသော ထောင်ဒဏ်၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံနိုင်ကြောင်း ကုန်သွယ်မှု မြှင့်တင် ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်း ထံမှ သိရသည်။

“တိုင်လာရင် သက်ဆိုင်ရာ တိုင်း အစိုးရ လမ်းညွှန်မှုနဲ့အညီ ဖြေရှင်း ဆောင်ရွက်မယ်။ လက်ရှိ အခြေအနေ အထိ တိုင်ကြားလာတာ မရှိသေးဘူး”ဟု ဦးကျော်စွာဝင်းက ဆိုသည်။

ဆန်စပါးလုပ်ငန်းရှင်များက ပေးပို့ သည့် စာပါစည်းကမ်းချက်များအရ ထားဝယ်ဒေသထွက် ဆန်တစ်အိတ် သည် ပေါင် ၁၀၀ ပြည့်ရ မည်ဖြစ်ပြီး အိတ်ခွံတွင် ၁၀၀ ပေါင်ဟူသည့် စာတမ်း ပါရမည် ဖြစ်သည်။

ထားဝယ်ဒေသထွက်ဖြစ်စေ၊ အခြား ဒေသထွက်ဖြစ်စေ ဆန်ကွဲ တစ်အိတ်လျှင် ပေါင် ၁၀၀(သို့) ၁၀၈ပေါင် အပြည့်ပါ ရမည်ဖြစ်ပြီး ဖွဲနုတစ်အိတ်လျှင် ၅၀ ပေါင်(သို့) ၆၀ပေါင် ပါရှိရမည် ဖြစ်သည်။

အခြားမြို့များမှ တင်သွင်း ရောင်း ချသော ဆန်(သို့) အိတ်ခွံတွင် အခြား မြို့များ၏ အမည်ရေးထိုးထားရမည် ဖြစ်ပြီး ဆန်တစ်အိတ်လျှင် ၁၀၈ပေါင် အပြည့်ပါရှိရမည်စသော အချက် ၇ ချက် ကို ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သော အထက်ပါ အသင်း၏ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ယင်း အစည်းအဝေး ဆုံးဖြတ်ချက်သည် စက် တင်ဘာလ ၁ ရက်နေ့မှ စတင်အကျူံး ဝင်မည်ဖြစ်ကြောင်း သိရသည်။