တိုင်းအစိုးရ တစ်ဖွဲ့လုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်

0
427

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်း ပမည့် အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ တစ်ဖွဲ့လုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင် ကြမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။

လက်ရှိ တိုင်းအစိုးရအဖွဲ့မှ လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော် ဆန်းတို့မှအပ အားလုံး ရွေးကောက်ပွဲ ပြန်ဝင်ကြမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
“တိုင်းပြည်အတွက် စေတနာထား ပြီး လုပ်ကိုင်နိုင်တဲ့သူ၊ ပြည်သူ့ အကျိုးကို ပြည်သူနဲ့ထိတွေ့ပြီး လုပ်ဆောင် ပေးနိုင်တဲ့ သူတွေကို ဦးစားပေး ရွေးချယ်ထားပါ တယ်” ဟု ကြံ့ခိုင်ရေးပါတီမှ တနင်္သာရီ တိုင်းအတွင်းရေးမှူး ဦးကျော်ဝင်းက ပြော သည်။
လက်ရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဝန်ကြီး ၆ ဦးမှာ ကြံ့ခိုင်ရေးပါတီမှ ပြန် အရွေးခံကြမည် ဖြစ်ကြောင်း ယင်းပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းအရ သိရ သည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲက ကြံ့ခိုင်ရေးပါတီမှ ရွေး ချယ်ခံခဲ့သည့် လက်ရှိ ကရင်တိုင်းရင်း သားဝန်ကြီး ဦးစောဟာဗီကမူ ယင်း ပါတီမှ ဝင်မပြိုင်တော့ဘဲ ကရင်ပြည်သူ့ပါတီမှ ဝင်ပြိုင်ရန် ကိုယ်စားလှယ် လောင်း အမည်စာရင်း လာရောက် တင်သွင်းထားကြောင်း တိုင်းဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
“လာမယ့် ရွေးကောက်ပွဲကို ဝင်မပြိုင်တော့ပါဘူး။ အနားယူတော့ မှာပါ” ဟု လက်ရှိ တိုင်းအစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာကျော်ဆန်းက ဆိုသည်။
လက်ရှိ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေကမူ အသက်အရွယ်၊ ကျန်း မာရေးနှင့် ပါတီ၏စီမံခန့်ခွဲမှုများအရ ရွေးကောက်ပွဲ ပြန်မဝင်တော့ ခြင်းဖြစ်သည်ဟု သိရသည်။

” ကိုယ်မပါတော့ပေမယ့် ကိုယ့်ဒေသမှာ ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေ အနိုင်ရအောင် ဝိုင်းဝန်းပြီး ကြိုးပမ်းပေးမယ်” ဟု လျှပ်စစ် နှင့်စက်မှုဝန်ကြီး ဦးဝင်းဆွေက ဆိုသည်။ကြံခိုင်ရေးပါတီမှ ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် များသို့ အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရ သည်။
အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများ စာရင်းကို ဩဂုတ် လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

NLD ပါတီ၏ ကိုယ်စား လှယ်လောင်း စာရင်းတွင် ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲက လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် အနိုင်ရခဲ့သည့် ဦးအောင်စိုးနှင့် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် အနိုင် ရရှိခဲ့သည့် ဒေါ်တင်တင်ရီတို့ ပြန်လည် ပါဝင် လာပြီး ဦးအောင်စိုးအနေဖြင့် သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ကြံ့ခိုင်ရေးပါတီမှ လက်ရှိ သရက်ချောင်း ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးကင်းစိန်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

၎င်းအပြင် NLD ပါတီ၏ ထားဝယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဟိုပင်သည် တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒ နယ်(၂) မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် လက်ရှိတိုင်းဝန်ကြီး ချုပ် ဦးမြတ်ကိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကမူ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို အတည်ပြုထားပြီး ဖြစ်သော်လည်း မဲဆန္ဒ နယ် အပြောင်းအလဲရှိ နိုင်သေးသည့်အတွက် မထုတ်ပြန်သေးဘဲ ဩဂုတ် လ ၅ ရက်နေ့တွင် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ယင်းပါတီ ထံမှ သိရသည်။
ထားဝယ် တိုင်းရင်းသားများပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်နိုင် မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

အခြားနိုင်ငံရေး ပါတီအချို့ကမူ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ် လောင်းစာရင်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အပြင် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများလည်း ပြင်ဆင်နေကြ ပြီး လက်ရှိ တနင်္သာရီမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးယုံဘီးသည် လာမည့်ရွေးကောက်ပွဲအတွက် တစ်သီး ပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင်လ ၂၈ ရက်နေ့က အမည်စာရင်း တင်သွင်းထား ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ဩဂုတ်လ ၁ ရက်နေ့အထိ တင်သွင်းသည့်စာရင်းအရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ၁၀ ဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၉ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၄၁ ဦး ရှိနေပြီဖြစ် ကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။