ထိုင်း၏ ကုန်သွယ်ရေးမူဝါဒ မမျှတဟု တနင်္သာရီ ကုန်သည် စက်မှုအသင်း ဝေဖန်

0
469

တနင်္သာရီတိုင်းနှင့် ပတ်သက်သည့် ထိုင်း၏ ကုန်သွယ်ရေး မူဝါဒသည် မျှတမှုမရှိဟု တနင်္သာရီတိုင်းကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း (TCCI) က ဝေဖန်သည်။

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် တတိယအကြိမ်မြောက် ပြုလုပ်သည့် ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးပြီးနောက် (TCCI) ဥက္ကဋ္ဌက ယင်းသို့ ဝေဖန်ခြင်းဖြစ်သည်။ထားဝယ်ဒေသမှ ထိုင်းသို့တင်ပို့ သည့် အုန်းသီး၊ ကွမ်းသီး၊ ရော်ဘာ၊ သီဟိုဠ်၊ သတ္တု စသည့် ကုန်ကြမ်းများအနက် အဓိက ထုတ်ကုန်ဖြစ်သည့် အုန်းသီးတင်ပို့မှု မြင့်မားချိန်တွင် ထိုင်းဘက်က လုံခြုံရေး အကြောင်းပြကာ တင်သွင်းခွင့် ပိတ်ပင်ခဲ့ သည်ဟု အထက်ပါအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။

“ကော်မတီက စီးပွားရေးမလုပ်ခင် နားလည်မှုရှိအောင်လုပ်မယ်၊ ပြဿနာ ကိုနားထောင်မယ်၊ ဖြေရှင်းပေးမယ်၊ ချစ်ခင်ရင်းနှီးစွာ ပြောဆိုမယ်၊အခုအချိန် မှာမြန်မာဘက်က အနည်းငယ်တင်း နေသလိုမျိုးဖြစ်နေတယ်” ဟု အထက်ပါ ကော်မတီမှ အကြံပေးတစ်ဦးဖြစ်သူ ကန်ချနပူရီခရိုင်အုပ်ချုပ်ရေးမှူး မြ. Mr. Sattha Koccapalay က မှတ်ချက်ပြု သည်။

မြန်မာဘက်က အနည်းငယ် တင်းမာ နေသည်ဟူသည့် မှတ်ချက်ကို မငြင်းလို သော်လည်း လက်ရှိတွင် ထိုင်းကုန်ပစ္စည်း များက ထားဝယ်မြို့နှင့် ဆက်စပ်ကျေးရွာ များကို လွှမ်းမိုးထားပြီး ထားဝယ်ဘက်မှ တင်ပို့သည့် အုန်းသီးကို ဈေးကွက်အရှိန် မြင့်လာချိန်တွင် မဝယ်ဘဲ ရပ်ပစ်ခြင်းမှာ ထိုင်း၏ကုန်သွယ်မူဝါဒနှင့် သက်ဆိုင် သည်ဟု ဦးရဲထွဋ်နိုင်က တုန့်ပြန်သည်။

“နှစ်နိုင်ငံ သွင်းကုန်နဲ့ ထုတ်ကုန် မူဝါဒတွေ ဖြေလျော့ဖို့လိုတယ်၊ နှစ်နိုင်ငံ ကုန်သွယ်ရေး မျှမျှတတ ဖြစ်သွားဖို့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်ဒေသမှ အဓိက ထွက်ကုန်များဖြစ်သော ကွမ်းသီး၊ ရော်ဘာ၊ သီဟိုဠ်များကို တင်ပို့ရန် ထိုင်း နိုင်ငံ၏ မူဝါဒကန့်သတ်ထားမှုများ ရှိ သည်ဟု ယင်းအစည်းအဝေးသို့ တက် ရောက်လာသည့် တနင်္သာရီတိုင်းမှ ကုန်သည်များက ပြောသည်။

ထိုင်းဘက်က ဖွဲ့စည်းထားသည့် ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကော်မတီသည် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်း လုပ်ကိုင်စဉ်တွင် ဖြစ်လာသည့် ပြဿနာများကို နားထောင် ဖြေရှင်းပေး သည့်အပြင် မူဝါဒနှင့် ဥပဒေရေးရာ ကိစ္စများနှင့် ပတ်သက်လာလျှင်လည်း မြန်မာအစိုးရထံ သွားရောက်တွေ့ဆုံ ညှိနှိုင်းမည်ဟု ကော်မတီအကြံပေး ကန်ချနပူရီ အုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုင်းနိုင်ငံတွင် အစိုးရ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်သည်လုပ်ငန်းရှင်များ အသင်းနှင့် စီးပွားရေးလုပ်ငန်းများဖြင့် ဖွဲ့စည်းထားသော ထိုင်း-မြန်မာယဉ်ကျေး မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ နယ်စပ်ဒေသတွင် ဖြစ်ပွား သည့်ပြဿနာများကို တွေ့ဆုံညှိနှိုင်း ဖြေရှင်းလျက်ရှိသော်လည်း မြန်မာနိုင်ငံ ဘက်တွင်မူ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ကော်မတီပင် ဖွဲ့စည်းနိုင်ခြင်း မရှိသေး ပေ။

ထုတ်ကုန် မြင့်မားရေးအတွက် ထီးခီးနယ်စပ်တွင် အစိုးရဌာန၊ ကုန်သည် နှင့်စက်မှုလုပ်ငန်ရှင်အသင်း၊ စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းပြီး စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ပြုလုပ်ရန် လိုအပ်နေပြီဟု တနင်္သာရီတိုင်း ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (TCCI) ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က သုံးသပ်သည်။