ဝါတန်းတွင် ထိုင်းငါးဆရာ ခန့်ထားပါက ပင်လယ်ပြင် လုံခြုံရေး ထိခိုက်နိုင်

0
911

မြန်မာ့ ရေပိုင်နက်အတွင်း ဝိုင်း ချုပ် (ဝါတန်း) ကမ်းဝေး ငါးဖမ်း စက်လှေများ ထိုင်းနိုင်ငံသား ငါးဖမ်း ကျွမ်းကျင်သူ (ငါးဆရာ) များကို ခန့် ထားခြင်းက မြန်မာ့ရေပြင် လုံခြုံရေးကို ထိခိုက်လာနိုင်သည်ဟု တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့ သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက သုံးသပ်သည်။


ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ငါးဖမ်း ရာသီတွင် ငါးရှာကိရိယာ  (Sonar) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်ဟု ဆို သည့် ထိုင်း ငါးဆရာများကို မြိတ် အခြေစိုက် ကမ်းဝေး ငါးဖမ်းလုပ်ငန်း ကုမ္ပဏီကြီးနှစ်ခုက ခန့်ထားခဲ့ပြီး လာ မည့် ငါးဖမ်းရာသီတွင် အခြား ငါးဖမ်း လှေများကလည်း ခန့်ထားရန်ရှိသည်ဟု သတင်းထွက်ပေါ်လာသည်နှင့် ဆက် စပ်ပြီး တနင်္သာရီဂျာနယ်က မေးမြန်းစဉ် အထက်ပါ တာဝန်ရှိသူများက ယင်းသို့ သုံးသပ်ပြောခြင်း ဖြစ်သည်။
ထိုင်းငါးဆရာများကို ခန့်ထား ပါက မြန်မာ့ပင်လယ်ပြင်အတွင်းရှိ မြန်မာ့တပ်မတော် စစ်သင်္ဘောများနှင့် ပင်လယ်ပြင် စိုးမိုးရေးတပ်များ၏ နေရာ ချထားမှု၊ လှုပ်ရှားမှုကို ရေဒါဖြင့် ထောက် ကြည့်ကာ သတင်းရယူပြီး မြန်မာ့ရေပြင် တွင် ငါးခိုးဖမ်းသည့် ထိုင်းငါးဖမ်း စက်လှေများကို သတင်းပေးနိုင်သည်ဟု ၎င်းတို့က ထောက်ပြသည်။

” လုံခြုံရေးအရ မကောင်းဘူး” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလွင်က ဆိုသည်။
ထို့ကြောင့် ကမ်းဝေး ဝါတန်း ငါးဖမ်းစက်လှေများအပေါ်တွင် ထိုင်းငါးဆရာများကို ခန့်ထားသည်ကို တားမြစ်ပေးရန် ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လိပ်မူပြီး ဇူလိုင်လ ၉ ရက်နေ့က စာပို့ထားသည်ဟု သိရသည်။
ပေးပို့ထားသည့်စာအရ ထိုင်းငါးဆရာများကို ခန့်ထားပါက ရေပြင် လုံခြုံရေးကို ထိခိုက်သည့်အပြင် မြန်မာ ငါးဆရာများနှင့် ဆက်စပ်ရေလုပ်သားများလည်း အလုပ်လက်မဲ့ ဖြစ်လာနိုင်သည်ဟု ပေါ်ပြသည်။

” ပြည်ထောင်စုဝန်ကြီးက ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်မယ်” ဟု ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောဆိုသည်။
ကမ်းဝေး ငါးဖမ်းလှေတစ်မျိုးဖြစ်သည့် ဘုံကျောင်း ငါးဖမ်းစက်လှေများတွင် တရုတ်နိုင်ငံသားများ လိုက်ပါ ဖမ်းဆီးခွင့်ကို ပိတ်ထားသည်မှာ နှစ်အတန် ကြာခဲ့ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါး လုပ်ငန်းအဖွဲ့ ချုပ်မှပေးပို့သော အထက်ပါ အိတ်ဖွင့်စာအရ သိရသည်။
ထိုင်းငါးဆရာကို သုံးမည်ဆိုပါက ငါးဖမ်းရာသီ တစ်ရာသီသာ သုံးသင့်ပြီး ရေရှည်သုံးရန် မသင့်တော် ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က သုံးသပ် ပြောဆိုသည်။

ငါးရှာကိရိယာ(Sonar) ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့်အတွက် ထိုင်းငါးဆရာများကို ခန့်ထားသည် ဟု ဆိုသော်လည်း မြန်မာငါးဆရာများသည်လည်း ယင်းကိရိယာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ကြ သည်ဟု ထားဝယ်ဒေသခံ ငါးဆရာများထံမှ သိရသည်။
” ကျွန်တော့် လှေမှာဆို Sonor အပြင် ပင်လယ်ရေကြောင်း တိုင်းတာတဲ့ စက်ပါ သုံးနေတယ်ဟု ထားဝယ် ဒေသခံငါးဆရာတစ်ဦးက ဆိုသည်။
တိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ် ၁၂၇၉စီးရှိပြီး ကမ်းနီး ငါးဖမ်းရေယာဉ် ၁၁၆၈၁ စီးရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဇန်နဝါရီလအထိ ထုတ်ပြန်သော စာရင်းအရ သိရသည်။

ယခင်က မြန်မာရေ ပိုင်နက်အတွင်း စက်လှေ အရွယ်အစားကို သတ်မှတ်ပြီး ဒေါ်လာဖြင့် အခွန်ပေး ဆောင်စေကာ ငါးဖမ်းခွင့်ပြုခဲ့စဉ်က နိုင်ငံခြားသားများ ငါးဖမ်းစက်လှေများအပေါ် လိုက်ပါကာ ငါးဖမ်းဆီး ခွင့်ပြုခဲ့ရာမှ တရားမဝင် ငါးဖမ်းနည်းအသုံးပြုခြင်း၊ လိုင်စင်ရ ငါးဖမ်းစက် လှေပုံတူ အခြားငါးဖမ်း စက်လှေများကို အသုံးပြုလာခြင်း၊ တနင်္သာရီ ငါးဖမ်းကွက်ဧရိယာအတွင်း ငါးဖမ်းစီးရေများလာခြင်း စသည့်အကြောင်းရင်းများကြောင့် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ယင်းဒေါ်လာဖြင့် အခွန်ပေးဆောင် ငါးဖမ်းခြင်းနှင့်အတူ နိုင်ငံခြားသားများကို ခွင့်မပြုတော့ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။