ထားဝယ်စီမံကိန်း ရှေ့ဆက်ရန် ဂျပန်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ လက်မှတ်ထိုး

0
607

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံက စိတ်ဝင်စားကြောင်း ပြသသည့် အနေဖြင့် ဂျပန်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ အကြို နားလည်မှု စာချွန်လွှာ memorandum of intent (MoI) ကို ဂျပန်-မြန်မာ ထိပ်သီး ဖ အစည်းအဝေး အတွင်း ရေးထိုးလိုက်သည်။


ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်၊ ဂျပန် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Nakane  နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Arkhom တို့က သမ္မတ ဦးသိန်းစိန်၊ ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေး၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယု ချန်အို ချာရှေ့မှောက် စနေနေ့က လက်မှတ် ရေးထိုးလိုက်ခြင်း ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုကဲ့သို့ ထားဝယ်အထူးစီးပွားရေး ဇုန်နှင့် ပတ်သက်၍ လက်မှတ်ရေး ထိုးနိုင်ခြင်းကြောင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း မစတင်မီ ဂျပန်နှင့် အာဆီယံကြား၊ ဂျပန်နှင့် ထိုင်းကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည့် အခွင့်အလမ်း များ ဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်းနှင့် ဂျပန် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

လက်မှတ်ရေးထိုးသည့် သဘောတူ ညီမှု အသေးစိတ်ကို မသိရသေးသော် လည်း ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုက စတုရန်း ကီလိုမီတာ ၂၀၀ ကျယ်မည့် ထားဝယ်အထူးစီးပွားရေးဇုန် ပြီးစီးပါက ” ကမ္ဘာ့  (ကုန်စည်) ဖြန့်ဖြူးရေး စင်တာ အသစ်တစ်ခု ဖြစ်လာလိမ့်မည်” ဟု ဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထားဝယ်စီမံကိန်း အကောင်အထည် ဖော်ရေး အစီအစဉ်သည် ၇ ကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးတွင် ဦးစားပေး အစီအစဉ်တစ်ခုဖြစ်ပြီး မဲခေါင် ဒေသ ဖွံ့ဖြိုးရေးအတွက် ယင်းစီမံကိန်းမှာ အရေးပါကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုခဲ့ သည်။

dw
အဆိုပါ စီမံကိန်းတွင် ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်၊ ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး စသည့် အစီအစဉ်များ ပါဝင်ပြီး အိန္ဒိယနှင့် မဲခေါင်ဒေသတွင်း ငါးနိုင်ငံကို ဆက်သွယ်ပေးမည့် စီးပွားရေး အရ အချက်အချာ စီမံကိန်းတစ်ရပ် ဖြစ်ကြောင်း စီမံကိန်း အစီအစဉ်တွင် ဖော်ပြထားသည်။
ထားဝယ်အထူးစီးပွားရေး ဇုန် တည်ဆောက်ရေးနှင့် အခြေခံ အဆောက် အအုံ တည်ဆောက်ရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် ဟီရိုတို အီဇူမိနှင့်အဖွဲ့သည် မေလ ၁၃ ရက်က မြန်မာနိုင်ငံတွင် လာရောက် ဆွေးနွေးဖူးသည်။
ယင်းဆွေးနွေးပွဲ၏ နောက်ဆက် တွဲအဖြစ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဖက်စပ် ဖွဲ့စည်းထားသော ထားဝယ်အထူးစီးပွား ရေး ဇုန် အကောင်အထည် အဖော်ရေး ပင်မ ကုမ္ပဏီ (Special Purpose Vehicle-SPV) သို့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ ကျွမ်းကျင်သူတစ်ဦး ထားရှိခဲ့ပြီး၊ ထားဝယ်အထူးစီးပွားရေး ဇုန်မှ မြန်မာ-ထိုင်း နယ်စပ်အထိ အဝေးပြေးကားလမ်း ဖောက်လုပ်ရန် အကြိုဖြစ်နိုင်ခြေ လေ့လာမှုမှာလည်း စတင်နေပြီဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။
ဂျပန်နိုင်ငံက မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ထားဝယ်အထူးစီးပွားရေးဇုန် အခြေခံအဆောက်အဦး တည်ဆောက်မှု ပြီးစီးမှသာ ရင်းနှီးမြှုပ်နှံလိုသည်ဟု ယခင်က ပြောဆိုခဲ့ဖူးသည်။