ထားဝယ်နှင့် မြိတ်တွင် မဲစာရင်းပြင်သူ ငါးရာခိုင်နှုန်းသာရှိ

0
565

တိုင်းဒေသကြီးအတွင်းရှိအခြေခံမဲဆန္ဒရှင်စာရင်းတွင် ပါဝင်သူဦးရေ၏ ငါးရာခိုင် နှုန်းသာ မဲစာရင်းလာပြင်ကြသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိက ပြောကြားသည်။

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၁၄ ရက်ကြာ မဲစာရင်းကပ်ခဲ့သော်လည်း လာရောက်ပြင်ဆင်သူဦးရေအလွန်နည်းပါးခဲ့ပြီး တစ်တိုင်းလုံးရှိ မဲပေးခွင့်ရှိသူဦးရေ၏ ငါးရာခိုင်နှုန်းသာရှိခဲ့သည်ဟု အထက်ပါ ရွေးကောက်ပွဲ အရာရှိဦးထိန်လင်းဦးကပြောသည်။” ပြင်ဆင်တာက အရမ်းကိုနည်းနေသေးတယ်” ဟု ဦထိန်လင်းဦးကဆိုသည်။
လက်ရှိအခြေအနေအထိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ပြင်ဆင်သူဦးရေ စုစုပေါင်း ၄၀၀၀၀ ကျော်သာရှိသည့်အတွက်တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိမဲဆန္ဒရှင်စာရင်းတွင် ပါဝင်သူ ဦးရေ ၈သိန်းကျော်၏ ငါးရာခိုင်နှုန်းသာရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။

” မဲစာရင်းတွေမှာနာမည်စာလုံးပေါင်း သတ်ပုံတွေမှားနေတာ၊ မှတ်ပုံတင်နံပါတ် မှာ မအရနဲ့ မမနမှားတာ၊ အက္ခရာမှာ တစ်နဲ့ သုည မှားနေတာတွေကို အများဆုံး တွေ့ရတယ်”ဟု မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမဲစာရင်းစိစစ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မဲစာရင်းကြေညာသည့်ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၁၄ ရက်အတွင်း ထားဝယ် ခရိုင်တွင် ပုံစံ (၃)ဖြင့်လျှောက်ထားသူ ၇၀၀၀ ကျော်၊ ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ ၈၀၀၀ ကျော်နှင့်ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၂၄၀၀ ကျော်ရှိပြီး မြိတ်ခရိုင်တွင် ပုံစံ(၃)ဖြင့်လျှောက်ထားသူ၁၃၀၀၀ကျော်၊ ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူ ၁၃၀၀၀ကျော်နှင့် ပုံစံ(၄)ဖြင့် ကန့်ကွက်ထားသူ ၁၄၀၀ခန့်ရှိရာ စုစုပေါင်း ပြင်ဆင်ထားသူဦးရေ ၄၄၀၀၀ ကျော်သာရှိကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြိတ်ခရိုင် ကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။

နိုင်ငံရေးပါတီတွေက ၅၀ ရာခိုင်နှုန်းအထက် မှားနေသည်ဟု ထုတ်ဖော်ပြောသည်နှင့် နှိုင်းယှဉ်ပါကမဲစာရင်း လာပြင်သူအတော့်ပင်နည်းနေသည်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးကဖွင့်ဟသည်။
” လောလောဆယ်အထိတော့ ပြင်ပေးနေတုန်းပဲ။ မြို့နယ် ကော်မရှင်ကမတောင်းခင် အထိ ပြင်ပေးမယ်။ ရက်အကန့်အသတ်မရှိ ပြင်လို့ရပြီဆိုတာတော့ မကြားရ သေးဘူး” ဟုထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကဆိုသည်။