ထားဝယ်ဂုဏ်ဆောင် အနုပညာရှင်များကို သုခုမကြယ်စင်ဆုပေးမည်

0
583

ထားဝယ်ဒေသကို ဂုဏ်ဆောင် နိုင်ခဲ့သည့် သက်ကြီးဝါရင့် အနုပညာရှင် များကို သုခုမကြယ်စင် ထူးချွန်ဆု ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဖြူစင်နှလုံးသား (Good Heart) ပရဟိတ ဖောင် ဒေးရှင်းထံမှ သိရသည်။

ဖြူစင်နှလုံးသား ပရဟိတဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ကျင်းပပြုလုပ်မည့် ပေးဆပ်သူတို့ နှလုံးသား ဂီတအနုပညာ ပွဲတော်တွင် အထက်ပါ အစီအစဉ်ကို ထည့်သွင်းထားပြီး အခမ်းအနားဖြင့် ပေးအပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ သရုပ်ဆောင်နှင့်ဇာတ်ညွှန်း ကျော်ဗိုလ်ဗိုလ် သာ က ပြောသည်။
“ဒီအစီအစဉ်လေးက ထူးထူး ခြား ခြားနဲ့ တစ်ခါမှ မလုပ်ဖူးသေးတဲ့ အစီအစဉ် လေးပါ” ဟု ယခင်က ကိုဗိပ်အမည်ဖြင့် အနုပညာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သူ ကျော်ဗိုလ်ဗိုလ်သာက ဆိုသည်။

အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍများတွင် ထားဝယ်လူမျိုးကို ကိုယ်စားပြု နိုင်သည့် သက်ကြီးဝါရင့် အနုပညာရှင် များကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး အနုပညာရှင်ကြီးများအား ဂါရ၀ပြု ချီးမြှင့်တတ်စေရန်၊ ဂုဏ်ယူ တန်ဖိုးထား တတ်စေရန်၊ နှစ်စဉ် ချီးမြှင့်လာကြရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

လက်ရှိတွင် ဆိုရေးတီး ကျွမ်းကျင်သူ တစ်ဦး၊ ထားဝယ်သီချင်းများရေးသူ တစ်ဦး၊ သဘင်ပညာရှင် တစ်ဦး၊ အက ပညာရှင် တစ်ဦးနှင့် ဆိုကရေးတီး ဘက်စုံ ကျွမ်းကျင်သူ တစ်ဦး စုစုပေါင်း ငါးဦးကို ချီးမြှင့်ရန်လျာထားပြီး အတိအကျကို လာမည့် ဇူလိုင်လ ၈ ရက်နေ့တွင် အတည်ပြုမည်ဟုစီစဉ်သူ ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။

ဆုချီးမြှင့်ရန် ရွေးချယ်ခံရသူများ အနက် သေဆုံးပြီးသော ပုဂ္ဂိုလ်များ ပါဝင်ပါက ၎င်း၏ မိသားစုဝင်များကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
ယင်း ဂီတအနုပညာပွဲတော်ကို ဩဂုတ်လ ၂၉ နှင့် ၃၀ ရက်တို့တွင် ကျင်းပရန် လျာထားပြီး သုခမကြယ်စင် ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနား နှင့်အတူ ဖြူစင် နှလုံးသား အလှပိုင်ရှင် အလှမယ် ရွေးချယ်ပွဲနှင့် ဂီတဥယျာဉ် တေးသီးချင်း ပြိုင်ပွဲများ၏ နောက်ဆုံး အဆင့်ပြိုင်ပွဲများကိုပါ ကျင်းပသွား မည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း ထံမှ သိရသည်။