လာမည့်နှစ်တွင် အစိုးရ ကျောင်းများ မူကြိုဖွင့်ဖွယ်ရှိ

0
463

လာမည့် ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်မှ စ၍ မူလတန်းကျောင်း စတက်မည့် ကျောင်းသားများသည် အစိုးရကျောင်း မူကြိုတက်ရ ဖွယ်ရှိ ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ ဝင်းအောင်က ပြောကြားချက် အရ သိရသည်။

လာမည့်နှစ်မှ စ၍ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်းတိုင်းတွင် မူကြို အတန်းဖွင့်ရန် စီစဉ်နေပြီး အသက် ၅ နှစ်အရွယ် ကျောင်းသားတိုင်း မူကြို အတန်းတက်ရောက်ရမည် ဖြစ်ပြီး နောက်တစ်တန်းမှသာ Grade 1 (သူငယ်တန်း) သို့ တက်ရောက် ရမည်ဖြစ်ကာ ၂၀၂၇-၂၀၂၈ ပညာသင်နှစ် Grade 12 အထိ သင်ကြားကြရမည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင် က ပြောကြားသည်။
“အဲဒီအတွက် ဘယ်လို စီစဉ် နေတယ်ဆိုတဲ့ အသေးစိတ်ကို တော့ ထုတ်ပြောလို့ မရသေးပါဘူး” ဟု ဒေါက်တာဝင်းအောင်က ပြောသည်။
မူကြိုအတန်းအတွက် ကျောင်းသားများကိုလည်း အခမဲ့ သင်ကြားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

” လာမယ့်နှစ်ဆိုရင် ငါးနှစ်ပြည့်လို့ ကျောင်းထားမယ်ဆိုပြီး အခု မူကြိုထားထားတယ်။ ဒါပေမယ့် အခုလိုမျိုးကျောင်းမှာ မူကြိုထပ် တက်ရဦးမယ်ဆိုတော့လည်း ကျောင်းက သတ်မှတ်တဲ့ အတိုင်းပဲ ဆက်ထားရမှာပေါ့”ဟု လာမည့်နှစ်တွင် အသက်ငါးနှစ်ပြည့်မည့် ကလေးတစ်ဦး၏ မိခင်ဖြစ်သူ ရွှေဟင်္သာရပ်ကွက်နေ မသီသီခိုင်က ပြောသည်။

လက်ရှိသင်ကြားနေသည့် ပုဂ္ဂလိက မူကြိုကျောင်းများ၊ အစိုးရ မူကြိုကျောင်းများသည်လည်း ယခင်အတိုင်းရှိ မည်ဖြစ်ပြီး ယခင်က အသက် ၅ နှစ်အရွယ် သူငယ်တန်း စတက်ရမည့်အစား မူကြိုတန်းကို အရင်တက် ရောက်ရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းအောင်က ဆိုသည်။
မူကြိုသင်ကြားပေးရန်အတွက် သင်ကြားရေး တာဝန်ယူမည့် ဆရာမများကို သင်တန်း အရင်ပေးရန် လိုအပ်သည်ဟု ကော့သောင်းမြို့နယ်ရှိ ကျောင်းအုပ်များက ထောက်ပြသည်။