ထားဝယ်တွင် သဘာဝဓာတ်ငွေ့ ဖြင့် လျှပ်စစ်စတင်ဖြန့်ဖြူး

0
495

ရေဖြူ မြို့နယ်၊ ကံပေါက်ဒေသ သဘာဝ ဓာတ်ငွေ့ဓာတ်အားပေး စက်ရုံမှ ဇွန်လ ၁၆ ရက်နေ့က ညနေက စပြီး ထားဝယ် ခရိုင်အတွင်းရှိ မြို့နှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။


ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ လောင်းလုံးမြို့၊ ရေဖြူမြို့၊ ကလိန်အောင် မြို့နယ်ခွဲ၊ ကံပေါက်ကျေးရွာနှင့် ဆက်စပ် ကျေးရွာများ အပါအဝင် ရပ်ကွက်^ ကျေးရွာပေါင်း ၆၀ ဝန်းကျင်ကို စတင် ဖြန့်ဖြူးခြင်းဖြစ်ကြောင်း သိရ သည်။ တစ်ယူနစ် ၃၀၀ ကျပ် တန် ယင်း လျှပ်စစ်ဓာတ်အားကို စတင်ဖြန့်ဖြူးသည့် ညမှ ယနေ့ဇွန်လ ၁၇ မွန်းလွဲအထိ ဓာတ် အားလိုင်း ချွတ်ယွင်းမှု တချို့ရှိသည့် အတွက် လျှပ်စစ်မီး မကြာခဏ ပြတ်တောက် လျက်ရှိသည်ဟု ထားဝယ် မြို့ခံများက ပြောသည်။
” ဓာတ်အားလိုင်း သစ်ကိုင်းနဲ့ ညှိတာ၊ ပုတ်သင်ညိုကျတာ စ တာတွေကြောင့်ပါ၊ အခုတော့ အဆင်ပြေသွားပြီ” ဟု တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ရုံးမှ တာဝန်ရှိသူက ဇွန် ၁၇ ရက်နေ့ ည နေပိုင်းတွင် ဆိုသည်။ဓာတ်အားလိုင်း သွယ်တန်းရာ လမ်းတလျှောက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ကျန်ရှိသော ကျေးရွာများမှ ကျေးရွာပေါင်း ၃၀ကျော်ကို ယခုနှစ် ဒီဇင်ဘာလမကုန်မီ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တိုးချဲ့ တည် ဆောက်ရန်နှင့် အစားထိုးပြုပြင် နိုင်ရန် တင်ဒါခေါ်ယူ လျက်ရှိကြောင်း အထက်ပါရုံးမှ သိရ သည်။
ယင်းသို့ မဖြန့်ဖြူးမီက ထားဝယ် ဒေသတွင် ပုဂ္ဂလိကမှ ဒီဇယ်အင်ဂျင် များဖြင့် မောင်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး လျက်ရှိသည်။
ပြီးခဲ့သည့် မေလက ထားဝယ်တွင် လျှပ်စစ် တစ်ယူနစ် ၃၆၅ ကျပ် ပေး ဆောင်ခဲ့ရသည်။
လက်ရှိတွင် ၁ မဂ္ဂါဝပ် ဂက်စ် အင်ဂျင် ၆ လုံးဖြင့် ဖြန့်ဖြူးပေး လျက်ရှိ သည်။