တိုင်းအတွင်း သတ္တုစမ်းသပ် တူးဖော်ခွင့် လျှောက်ထား ဧက ၇ သိန်းခွဲကျော်ရှိ

0
585

တနင်္သာရီတိုင်းအတွင်းတွင် သတ္တုတူးဖော် ထုတ်လုပ်ခွင့်လျှောက်  ထားဧက ၇ သိန်းခွဲကျော်ရှိကြောင်း  တိုင်းဒေသကြီး အထွေထွေမန်နေဂျာ  ရုံး၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းဌာန ထံမှ သိရသည်။


အကြီးစားလုပ်ကွက် ၉၅ကွက် အတွက် ၇၃၀၃၇၇.၀၉ (၇ သိန်းကျော်) ဧက၊ အသေးစားလုပ်ကွက် ၅၈၂ ကွက်အတွက် ၃၀၃၈၁.၂၁ ( ၃ သောင်း ကျော်) ဧက လျှောက်ထားကြောင်း အထက်ပါရုံး မှတ်တမ်းအရ သိရသည်။
ထားဝယ်ခရိုင်တွင်ဧက၄သိန်း     ကျော်  လျှောက်ထားပြီးမြိတ်ခရိုင် တွင်  ၁ သိန်းကျော်နှင့် ကော့သောင်း ခရိုင်တွင် ၂ သိန်းကျော် အသီးသီး လျှောက်ထားသည်ဟု သိရသည်။
“လျှောက်ထားပြီး ပြန်ပေါ်မလာ တဲ့သူတွေ အများကြီးပဲ၊ လျှောက် တိုင်းလည်း ချမပေးပါဘူး” ဟု တိုင်းဒေသကြီး အထွေထွေ မန်နေဂျာရုံး၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်း အတွင်း ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တု စမ်းသပ်တူးဖော်ခွင့် ပေး ထားသည့် ၃၆၇၅.၂၄ (၃ထောင်ကျော်) ဧကရှိပြီး တူးဖော်ခွင့်ရထားသည့် ၂၀၅၂၄.၅၅ (၂ သောင်းကျော်) ဧက  ရှိကြောင်း သိရသည်။
” (တရားဝင်ခွင့်ပြုထားတဲ့) သတ္တု လုပ်ကွက် ဧရိယာအကျယ်အဝန်း၊ လုပ်ကွက် သက်တမ်း၊ ကုမ္ပဏီအမည်၊ ဆက်သွယ်ရန် လိပ်စာတွေပါတဲ့ စာရင်းဇယားတွေကို မြို့နယ်အုပ်ချုပ် ရေးမှူးရုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကပ်ပေးသွားမယ်” ဟု အထက် ပါ တာဝန်ရှိသူက ဆိုသည်။
အခြားသိရှိလိုသော လုပ်ငန်းဆိုင် ရာ အချက်အလက်များအားလည်း လာရောက် မေးမြန်းနိုင်ကြောင်း အထက်ပါရုံးမှ ပြောသည်။
ခဲမဖြူ၊ အဖြိုက်နက်နှင့် သတ္တု ရောရာ တူးဖော်ထုတ်လုပ်ခွင့်ရရှိသော အကြီးစားလုပ်ကွက်ကို ထားဝယ် မြို့နယ်တွင် ဟာမြင်းကြီး သတ္တုမိုင်း ၂၉၂၀ဧက၊ ပကာရီမိုင်း ၄၀၃.၉၃ ဧက၊ မေတ္တာမြို့နယ်ရှိ ဟိန္ဒားသတ္တုမိုင်း ၂၁၁၀ ဧက၊ ရေဖြူမြို့နယ် ၁၆၄၂ဧက၊ ကံပေါက်သတ္တုမိုင်းမှ ၂၀၈၇ဧကကို လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။ထို့အပြင် ပုလောမြို့နယ်တွင် ၁၉၂၀ ဧက၊ ကျွန်းစုမြို့နယ်တွင် ၈၁၂.၁၄ ဧက၊ တနင်္သာရီမြို့ နယ်တွင် ၂၉၅၀ ဧကနှင့် ၆၉၂ ဧကတို့တွင် သတ္တု မိုင်း တူးဖော်လျက်ရှိသည်ဟု သိရသည်။
တနင်္သာရီတိုင်းအတွင်းဟိန္ဒား  သတ္တုမိုင်းကဲ့သို့ ခွင့်ပြုပြီး စီမံကိန်း များ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုက်နာမှု အားနည်းသည်အတွက် ဒေသခံများ၏ ဘ၀အပေါ် ပုံစံမျိုးစုံဖြင့် သက်ရောက်မှုဖြစ်နေပြီး စမ်းသပ်ဆဲနှင့် လျှောက်ထားဆဲ စီမံကိန်းများကြောင့် မြေယာများ ဆုံးရှုံးမည့်အရေးကို စိုးရိမ် ပူပန်နေရသည်။
” သဘာဝ သယံဇာတကို အတိုင်း အဆမရှိ အကုန်ထုတ် သုံးတာမျိုးဟာ တိုင်းပြည် ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ နည်းလမ်းကောင်း မဟုတ်ဘူးဆိုတာကို မမေ့ဖို့ လိုပါတယ်။ ဥာဏ်ပညာနဲ့ အမျှော်အမြင်ရှိရှိ စီမံတတ်မှ သယံ ဇာတဟာ ကောင်းကျိုးပြုပါတယ်” ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးသန့်ဇင်က မှတ်ချက်ပြုသည်။