ထားဝယ်ခရိုင်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လျော့နိုင်

0
496

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာ ၅ နေရာ ရရှိခဲ့သည့် ထားဝယ် ခရိုင်တွင် လာမည့် ရွေးကောက်ပွဲ၌ တစ်နေရာ လျော့နိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။


၂၀၁၀ ရွေးကောက်ပွဲ လုပ်စဉ်က ထားဝယ်ခရိုင်အတွင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နေရာကို ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်တို့တွင် တစ်ဦးစီနှင့် ထားဝယ် မြို့နယ်တွင် ၂ ဦး ရွေးချယ်ခွင့်ရခဲ့ပြီး မြိတ်ခရိုင်တွင် ကျွန်းစု၊ တနင်္သာရီ၊ ပုလောမြို့နယ်တို့တွင် တစ်ဦးစီနှင့် မြိတ်မြို့နယ်တွင် ၂ ဦး ရွေးချယ်ခွင့် ရရှိခဲ့ရာ ထားဝယ်ခရိုင်တွင် ၅ ဦးနှင့် မြိတ်ခရိုင်တွင် ၅ ဦးစီရွေးချယ် ခွင့်ရ ခဲ့သည်။

dawe-hlont-taw
လာမည့် ရွေးကောက်ပွဲတွင်မူ ထားဝယ်မြို့နယ်တွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် တစ်ဦးသာ ရွေး ချယ်ခွင့် ရမည်ဖြစ်ပြီး ကျွန်းစုမြို့နယ် တွင် ၂ ဦး ရွေးချယ်ခွင့် ရမည်ဖြစ်သည့် အတွက် မြိတ်ခရိုင်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၆ ဦးအထိ ရှိလာ မည်ဖြစ်ပြီး ထားဝယ်ခရိုင်တွင် ၄ ဦးသာ ရှိတော့မည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ခွဲထံမှ သိရသည်။
” အတည်တော့ မပြုရသေးပါဘူး။ လ.၀.က ရဲ့ စာရင်းအရ ကျွန်းစုမြို့နယ် မှာ လူဦးရေ ပိုများတဲ့အတွက် ကျွန်းစု မြို့နယ်မှာ မဲဆန္ဒနယ် ၂ နေရာ လျာ ထား သတ်မှတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ ထားပါတယ်” ဟု တိုင်းကော်မရှင်အဖွဲ့ခွဲမှ တိုင်းဒေသကြီး ရွေးကောက်ပွဲ အရာရှိ ဦးထိန်လင်းဦးက ပြောသည်။
အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ကို လူဦးရေ အနည်းများအပေါ် မူ တည် သတ်မှတ်သည့်အတွက် လူဦးရေ အများဆုံး ဖြစ်သည့် မြိတ်မြို့နယ်တွင် ၂ နေရာ၊ ဒုတိယအများဆုံးဖြစ်သည့် ကျွန်းစုမြို့နယ်တွင် ၂ နေရာနှင့် ကျန်မြို့နယ်များတွင် တစ်နေရာစီ လျာ ထား သတ်မှတ်ထားကြောင်း တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
” ဒေသအနေနဲ့ ပြောရရင်တော့ ကိုယ့်ဒေသအတွက် ပြောပေးမယ့်သူတစ် ယောက် နစ်နာသွားတာပေါ့” ဟု ထားဝယ် တိုင်းရင်းသားများ ပါတီ (ဗဟို) ဥက္ကဋ္ဌ ဦးအေးမင်းက ပြော သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်တစ်ခုတွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၂ခု သတ်မှတ် ရမည်ဖြစ်ပြီး မြို့နယ် အလိုက် တစ်မြို့နယ်တွင် တစ်ခုစီ သတ်မှတ် ပေးရမည်ဖြစ်ကာ မြို့နယ် အရေအတွက်သည် ၁၂ မြို့နယ် အောက် လျော့နည်းနေပါက လိုအပ်နေ သော မဲဆန္ဒနယ် အရေအတွက်ကို ယင်းတိုင်း ဒေသကြီးသို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ လူဦးရေ အနည်းအများ အလိုက် တန်းစီ ဇယား ပြုစု၍ လူဦးရေ အများဆုံး မြို့နယ်မှစပြီး မြို့နယ်တစ်နယ်လျှင် မဲဆန္ဒနယ် တစ်နယ်စီကို လိုအပ်နေသော မဲဆန္ဒ နယ်ပြည့်သည့်အထိ ထပ်ဆောင်း သတ်မှတ်ပေးရမည်ဟု အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။
၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ထားဝယ်မြို့ နယ်တွင် ၁၂၅၆၀၅ ဦး၊ မြိတ်မြို့နယ်တွင် ၂၈၄၄၈၉ ဦး၊ ကျွန်းစုမြို့နယ်တွင် ၁၇၁၇၅၃ဦး ရှိသည်။
လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အပြောင်းအလဲ ရှိမည်ဖြစ်သော်လည်း ကျန်သည့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒ နယ်တို့ မှာပြောင်းလဲမှု မရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။