မဲဆန္ဒရှင်စာရင်းကြည့်ရန် နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းအချို့ လှုံ့ဆော်မည်

0
449

ထားဝယ်ခရိုင်တွင် နိုင်ငံရေးပါတီ အချို့နှင့်အရပ်ဖက်လူမှုအဖွဲ့အစည်း အချို့ကပြည်သူလူထုကို မဲဆန္ဒရှင်စာရင်း ကြည့်ရန်အတွက်လှုံ့ဆော်မည်ဖြစ် ကြောင်း ယင်းပါတီနှင့်အဖွဲ့အစည်းတို့ထံမှသိရသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင်ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ပေးမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းကိုပြည်သူလူထု က သွားရောက်ကြည့်ရှုရန်နှင့် ပြင်ဆင် ဖြည့်စွက်နိုင်ရန် ထားဝယ်ခရိုင်အတွင်း လှုံ့ဆော်မည်ဖြစ်ကြောင်း အထက်ပါပါတီ နှင့်အဖွဲ့အစည်းများကပြောသည်။
” မဲစာရင်းကပ်ထားတဲ့အချိန်မှာ လည်း လုပ်မယ်။ ကြိုပြီးတော့လည်း လုပ်နေကြပါတယ်” ဟု သရက်ချောင်း မြို့နယ်တွင် ထားဝယ်အမျိုးသမီးသမဂ္ဂ၊ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့နှင့် ပူးပေါင်းကာလှုံ့ဆော်မှုပြုလုပ်နေသည့်   Human Right Watch မှ ဦးသန်းဝင်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့နှင့် ထားဝယ်အခြေစိုက် အရပ် ဖက် လူမှုအဖွဲ့အစည်းအချို့က မဲဆန္ဒရှင် စာရင်း ကပ်ချိန်များတွင်လှုံ့ဆော်မည်ဖြစ် ကြောင်း ၎င်းအဖွဲ့အစည်းများထံမှသိရ သည်။ ထားဝယ်မြို့နယ်တွင်  COM  အဖွဲ့ က လည်းကောင်း၊ လောင်းလုံးမြို့နယ်တွင် ကလျာဏမိတ္တအဖွဲ့က လည်းကောင်း အသီးသီးပြုလုပ်နေကြသည်ဟု ဦးသန်းဝင်း က ဆိုသည်။
ထားဝယ် ၈၈ မျိုးဆက်အဖွဲ့က ကံပေါက်တိုက်နယ်ရှိ ကျေးရွာများတွင် လည်း မဲစာရင်းကပ်ချိန်တွင်မဲစာရင်း ကြည့်ရန်၊ အမည်မပါပါကတောင်းဆိုရန်၊ အချက်အလက် မှားနေပါကပြင်ဆင်ရန် နှင့် မပါသင့်သူများပါနေပါကဖြည့်စွက် ရန် ဗွီနိုင်းများကပ်ခြင်း၊ ကားဖြင့်လှည့် လည်နှိုးဆော်ခြင်းတို့ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထားဝယ် ၈၈ အဖွဲ့ ထံမှသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းကြည့်ရန်နှင့် တောင်းဆို၊ ပြင်ဆင်၊ ပယ်ဖျက်တတ်ရန်အတွက် ရပ်ကွက် ကျေးရွာအလိုက် တစ်အိမ်တက်တစ်အိမ် ဆင်းစနစ်ဖြင့် စည်းရုံးလှုံဆော်ရန် ညွှန်ကြား ထားကြောင်း အင်န်အယ်လ်ဒီပါတီ၏ တိုင်းအတွင်းရေးမှူး ဦးမြင့်မောင်မောင်က ပြောသည်။ ပြည်ခိုင်ဖြိုး ပါတီကလည်း မဲဆန္ဒရှင် စာရင်းနှင့် ပတ်သက်၍ ရပ်ကျေး အဆင့် ပါတီဝင်များကို မဲစာရင်းသွား ရောက်ကြည့် ရှုရန်နှင့် ပြည်သူများ မဲဆန္ဒရှင်စာရင်း ကြည့်အောင် စည်းရုံးရန် ညွှန်ကြားထား သည်ဟု ယင်းပါတီတိုင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြော သည်။
မြိတ်တွင်ပြီးခဲ့သည့် တစ်လကျော် ကတည်းကမြိတ် ၈၈ နှင့် အင်န်အယ်လ်ဒီ ပူးပေါင်းပြီး မဲစာရင်း ပညာပေးလျက်ရှိ သည်။