ပုဒ်မ ၁၈ ဖြင့် တရားစွဲ ခံထားရသည့် ထားဝယ်ကျောင်းသားများကို ပထမဆုံး ရုံးချိန်စခေါ်

0
590

ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ကာ တရား စွဲခံခဲ့ရသည့် ထားဝယ် ကျောင်းသား များကို ထားဝယ်မြို့နယ် တရားရုံးက ဇွန်လ ၅ ရက်နေ့တွင် ပထမဆုံး ရုံးချိန်း စခေါ်ခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့က ထားဝယ် မြို့၊ စည်ပင်သာယာဈေးကြီး တောင် ဘက်တွင် ပြုလုပ်ခဲ့သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုတွင် ဖမ်းဆီးခံ ကျောင်းသား ပြည်သူများ ပြန်လည် လွတ်မြောက်ရေး ဆန္ဒထုတ် ဖော်ပွဲတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသား များ သမဂ္ဂမှ ကျောင်းသား ငါးဦးကို ပထမဆုံးရုံးချိန်း စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
” ၃ ရက်နေ့က တရားရုံးကို အမှု တင်တယ်။ ဒီနေ့ ပထမဆုံး ရုံးချိန်း ခေါ်တယ်” ဟု ဦးဆောင် ကျောင်းသား တစ်ဦး ဖြစ်သည့် ကိုမင်းလွင်ဦးက ပြောသည်။
ပထမ ရုံးချိန်းတွင် တရားလိုဖြစ်သူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နှင့် တရားလိုသက်သေများကို စစ်ဆေးခဲ့ပြီး ဒုတိယ ရုံးချိန်းကို ဇွန်လ ၈ ရက် ထပ်ခေါ်ထားသည်ဟု ကျောင်းသား များထံမှ သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ အရ နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်ရှိသည့် အတွက်ကြောင့် တရားစွဲသည့် ကိစ္စနှင့် ပက်သက်၍ ကျောင်းသားများဘက်က တစ်စုံတစ်ရာ အမှားလုပ်ထားခြင်းမရှိဟု ယူဆကြောင်း ကိုမင်းလွင်ဦးက ပြော သည်။
” အမှုကို တရားရုံး တင်တဲ့နေ့က ကျောင်းသားတစ်ယောက်ကို လူကြီး နှစ်ယောက်စီ အာမခံပေးခဲ့ရတယ်” ဟု ကျောင်းသားများကို အာမခံ ပေးသူ များတွင် ပါဝင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အ စည်း (ထားဝယ်)မှ ဦးကျော်ကျော်သက် က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ထားဝယ် ကျောင်းသားများက ဖမ်းဆီး ခံ ကျောင်းသားပြည်သူများ ပြန်လည် လွတ်မြောက်ရေး၊ ဒီမိုကရေစီ ပညာရေး နှင့် အကြမ်းဖက်မှု အလိုမရှိ စသည့် အချက်သုံးချက်ဖြင့် ဆန္ဒထုတ် ဖော်ခဲ့သည် ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော် သည်ဟုဆိုကာ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်က ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။