တနင်္သာရီတိုင်း လူဦးရေ၏ ၇ ပုံ ၁ ပုံခန့် ပြည်ပ ရောက်နေ

0
524

တနင်္သာရီ တိုင်းဒေသကြီး လူဦး ရေ၏ ၇ ပုံ ၁ ပုံခန့်မှာ ပြည်ပ နိုင်ငံ များသို့ ရောက်ရှိနေကြောင်း မေလ ၂၉ ရက်က ထုတ်ပြန်သည့် ပြည်လုံး ကျွတ် သန်းခေါင်စာရင်း ပင်မရလဒ် အစီရင်ခံစာတွင် ဖော်ပြထားသည်။


ပြည်လုံးကျွတ် သန်းခေါင်စာရင်း ပင်မရလဒ် အစီရင်ခံစာအရ တိုင်း အတွင်း စုစုပေါင်း လူဦးရေ ၁၄၀၈၄၀၁ ဦး (၁၄သိန်းကျော်)တွင် ပြည်ပ နိုင်ငံ များသို့ ရောက်ရှိနေသည့် လူဦးရေ ၂၀၃၂၃၂ ဦး  ( ၂ သိန်းကျော်) ရှိသည်ဟု ဖော်ပြထားသည်။
ပြည်ပ ရောက်နေသူများအနက်  အမျိုးသမီးထက် အမျိုးသားက ပိုများ ပြီး အမျိုးသားဦးရေ ၁၁၂၈၃၄               ဦး ( ၁သိန်းကျော်)နှင့် အမျိုးသမီးဦးရေ ၉၀၃၉၈( ၉ သောင်းကျော်) ရှိသည်။
တနင်္သာရီတိုင်းမှ ပြည်ပသို့ ရောက်ရှိနေသူဦးရေ၏ ထက်ဝက်ကျော် ၁၃၁၂၃၀ ဦးမှာ ထားဝယ်ခရိုင်မှဖြစ်ပြီး မြိတ်ခရိုင်မှ ၄၅၆၀၈ ဦး၊ ကော့သောင်း ခရိုင်မှ ၂၆၃၈၃ ဦးတို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရရှိသည်။
တနင်္သာရီတိုင်းမှ ပြည်ပ ရောက်ရှိ နေသည့် လူဦးရေ နှစ်သိန်းကျော်အနက် တစ်သိန်းကိုးသောင်း နီးပါးမှာ ထိုင်း နိုင်ငံသို့ ရောက်နေကြကြောင်း အထက်ပါ အစီရင်ခံစာအရ သိရသည်။
ဒုတိယ အများဆုံးဖြစ်သည့် မလေးရှားနိုင်ငံတွင် လူဦးရေ တစ် သောင်း နှစ်ထောင်ကျော် ရောက်ရှိ နေကြပြီး စင်ကာပူနိုင်ငံတွင် ခြောက်ရာ ကျော်နှင့် အမေရိကန်နိုင်ငံတွင် ငါးရာ ကျော် ရောက်ရှိနေသည်ဟု ယင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ပင်မရလဒ် အစီရင်ခံစာအရ မြန်မာ နိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူ ၂ သန်းကျော်ရှိကာ ပြည်ပ ရောက်ရှိ နေသူဦးရေ၏ ၇၀ ရာနှုန်းမှာ ထိုင်း နိုင်ငံနှင့် ၁၅ ရာခိုင်နှုန်းမှာ မလေးရှား နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရ သည်။