ကျေးရွာပေါင်း ၇၆ ရွာတွင် ဆိုလာပြားများ တပ်ဆင်မည်

0
686

၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့မှ ကျေးရွာပေါင်း ၇၆ ရွာတွင် ဆိုလာပြားများ တပ်ဆင် ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးချိုက ပြောသည်။


ယင်းဌာနမှ ရန်ပုံငွေ ၈၈၅.၆ သန်းဖြင့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း ၄၄၂၈ စုံကို တပ်ဆင်မည်ဖြစ်ကာ သက်ဆိုင်ရာ ကျေးလက် ဦးစီးဌာန၊ မြို့နယ်/ကျေးရွာအုပ်စု၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ရွေးချယ် ထားသည့် နေအိမ်များတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရသည်။
ယင်းသို့ တပ်ဆင်ရန်အတွက် မေလ ၁၉ ရက်နေ့က ထားဝယ်မြို့တွင် တင်ဒါဖွင့်ဖောက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
” တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ များက ၂၀၁၅ ခုနှစ် အောက်တိုဘာလ ကုန်မှာ ပြီးစီးအောင် တပ်ဆင်ပေး ရမယ်” ဟု ဦးအေးချိုက ဆိုသည်။
ပြီးခဲ့သည့်နှစ်က ကျေးလက်ဒေသ ဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ ကျေးရွာ ပေါင်း ၆၈ ရွာတွင် ဆိုလာ ပြား ၄၄၈၆စုံ ကို တပ်ဆင်ပေးခဲ့ပြီး  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  မြို့နယ် ၅ မြို့နယ်မှ ကျေးရွာပေါင်း ၁၂၃ ရွာတွင် ဆိုလာ ၅၈၆၈ စုံကို တပ်ဆင်ခဲ့သည်ဟု သက်ဆိုင်ရာဌာန များ၏ မှတ်တမ်းအရ သိရသည်။