သာဂရမြို့ဟောင်းမှ တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများ ထားဝယ်ကို ပြန်လွှဲပေး

0
588

ရှေးဟောင်း သုတေသနနှင့် အမျိုး သားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် ထိန်းသိမ်းထားသည့် တနင်္သာရီတိုင်းမှ ရှေးဟောင်းပစ္စည်း ၂၂ မျိုးကို ထားဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အထက်ပါ ဌာန၊ ထားဝယ်ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇံက ပြောသည်။


ပြီးခဲ့သည့် ၁၅ နှစ် ဝန်းကျင် ၁၉၉၉ -၂၀၀၀-၂၀၀၁ ခုနှစ်များက သာဂရ မြို့ဟောင်းတွင် တူးဖော်ရရှိသည့် အရိုးအိုး ၂လုံးနှင့် ထုံးဗူး၊ ကြေး အကျိုးအပဲ့၊ အိုးခြမ်း ကွဲ အပိုင်းအစ၊ ငွေလက်ကောက် အကျိုး၊ စဥ့်အဖြူသုတ် မြေပန်းကန်ကွဲစသော ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
” အများစုက သာဂရမြို့ဟောင်းမှ တူးဖော်ရရှိထားတဲ့ ပစ္စည်းတွေပါ ” ဟု ဦးကျော်ဇံက ရှင်းပြသည်။
အဆိုပါ ရှေးဟောင်းပစ္စည်းများ အပြင် ဌာနခွဲ စာကြည့်တိုက်တွင် ရှိသော တနင်္သာရီတိုင်းဒေသကြီးအတွင်း လေ့လာ စူးစမ်း သုတေသနပြုမှုနှင့် သက်ဆိုင်ရာ အစီရင်ခံစာ မိတ္တူစာအုပ် ၆အုပ် တို့ကိုလည်း တနင်္သာရီတိုင်း ယဉ်ကျေးမှူပြတိုက်သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ၁၉၉၈-၁၉၉၉ ခုနှစ်က မြိတ်လေးကျွန်း ဆီမီးစေတီ ဂေါပက ထံမှ ရရှိသော နဂါးအရိုး ၁ ခုနှင့် ၁၉၉၈- ၁၉၉၉ခုနှစ် တနင်္သာရီမြို့ ဟောင်းမှ တူးဖော်ရရှိသော စဥ့်အညို သုတ် လူရုပ်အသေး ၁ခုနှင့် အိုးသေး လက်ကိုင်၂ခုတို့ ဖြစ်သည်။