အင်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မေလအတွင်း အပြီး ဖွဲ့မည်

0
631

ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များကို တနင်္သာရီတိုင်းအတွင်း မေလလယ်ခန့်တွင် အပြီးဖွဲ့မည်ဟု အင်အယ်လ်ဒီပါတီမှ တိုင်းအတွင်းရေး မှူး ဦးမြင့်မောင်မောင်က ပြောသည်။


မြို့နယ်အဆင့်တွင် ရာနှုန်းပြည့် ဖွဲ့စည်းပြီးဖြစ်ကာ ရပ်/ကျေး အဆင့်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် အပြီးဖွဲ့ရန် ညွှန်ကြားထားသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့် မေလလယ်ခန့်မှသာ ပြီးစီး နိုင်မည်ဖြစ်ကြောင်း ဦးမြင့်မောင်မောင်က ပြောသည်။
” ထားဝယ်မှာ တစ်ပတ်လောက် အတွင်း ပြီးနိုင်တယ် ”  ဟု အင်အယ်လ်ဒီ ပါတီ၏ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ဦးဟိုပင်က ပြောသည်။
အောင်နိုင်ရေးအဖွဲ့များကို ရပ် ကျေးအဆင့်တွင် ၉ ဦး၊ မြို့နယ် အဆင့်တွင် ၁၅ ဦးနှင့် တိုင်းအဆင့်တွင် ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း ယင်းပါတီထံမှ သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ရွေးကောက်ပွဲ ဝင်မည်၊ မဝင်မည်ကို တစ်စုံတစ်ရာ ဆုံးဖြတ် ထားခြင်း မရှိသော်လည်း ဝင်ဖြစ်မည် ဆိုပါက အဆင်သင့် ဖြစ်နေရန်အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များ ကို ဖွဲ့စည်းနေခြင်းဖြစ်ကြောင်း ပါတီ ဝင်များက ပြောသည်။
ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းကြည်စု က ရွေးကောက်ပွဲသပိမှောက်ခြင်းသည် ရွေးချယ်စရာလမ်းတစ်ခုဖြစ်ကြောင်း ပြောဆိုထားသည်။
၎င်းအပြင် လက်ရှိ အာဏာရပါ တီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအောင် နိုင်ရေး ဗျူဟာများ အတည်ပြုမည့် ပါတီ ဗဟိုကော်မတီ အစည်းအဝေးကို မေလအတွင်း ပြုလုပ်မည် ဖြစ်သည်။
အခြား ပါတီကြီးတစ်ခုဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မှလည်း တနင်္သာရီတိုင်းဒေသကြီး အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များကို ဖွဲ့စည်းထားပြီး ဖြစ် ကြောင်း ယင်းပါတီထံမှ သိရသည်။