မူးယစ်ဆေးသုံးသူများ မောင်းမကန်ကမ်းခြေကို မျက်စိကျ

0
883

ဟိုတယ်၊ တည်းခိုခန်းများအပြင် အလုံပိတ် အခန်းပါ စားသောက်ဆိုင်များ တစ်နှစ်ထက် တစ်နှစ် တိုးလာသော မောင်းမကန် ကမ်းခြေအား တားမြစ် ဆေး သုံးစွဲသူတို့က ဆေးသုံးစွဲရန် နေရာအဖြစ် မျက်စိကျလာကြောင်း မောင်းမကန် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးယူသိန်းက ပြောသည်။


ထို့ကြောင့် ပွင့်လင်း ရာသီကစပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ အခါအားလျော်စွာ ကင်းလှည့်နေရပြီး တချို့ စားသောက်ဆိုင်များ၊ တည်းခို ခန်းများ၏ ပူးပေါင်းပါဝင်မှု အားနည်း ခြင်းကြောင့် မူးယစ်ဆေးသုံးစွဲမှု တား ဆီးရေးတွင် အခက်အခဲ ဖြစ်ရသည်ဟု ဦးယူသိန်းက ပြောသည်။
” တချို့သုံးစွဲသူတွေက အရမ်းပါး နပ်ကြတယ်။ သူတို့ အချင်းချင်း အလှည့်ကျ စောင့်ပြီး သုံးစွဲကြတာ ” ဟု ဦးယူသိန်းမှ ပြောသည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့ညက မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု ယူဆ ရသည့် လူငယ် ၄ ဦးကို ထားဝယ် အများပိုင် ကုမ္ပဏီပိုင် ဘန်ဂလိုတွင် စိတ်ကြွဆေးပြား ၅ ပြား၊ ဆေးသုံး ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မောင်းမကန် ရဲစခန်းမှ သိရသည်။
ဖမ်းဆီးခံရသူများသည် အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြား လူငယ်များဖြစ်ပြီး တက္ကသိုလ် ပထမနှစ် ကျောင်းသား တစ်ဦးနှင့်  ဆယ်တန်း ဖြေထားသူ တစ်ဦးတို့ ပါဝင်ကာ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် နေထိုင်ကြသူများဟု သိရသည်။
” သူတို့ပြောတာက စမ်းသုံး ကြည့် ချင်လို့ လာတာပါတဲ့။ မဖမ်းချင်ပါဘူး။ ရင်ထုမနာ ဖြစ်ရတယ် ” ဟု ဦးယူသိန်းက ဆိုသည်။
ဆေးသုံးစွဲသူများသည် လေလုံ သော အခန်းများ ငှားလေ့ရှိသဖြင့် ကမ်းခြေတွင် အခန်းငှားစားသူများ တာ ဝန်သိဖို့ လိုကြောင်း၊ ကမ်းခြေ လုံခြုံ ရေးကိုလည်း တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ထားရှိကာ စနစ်တကျ စီမံကိန်းချ လုပ်ဆောင်သင့်ကြောင်း ကမ်းခြေ သာ ယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဦးလေးဝင်းက ထောက်ပြ သည်။
ဟိုတယ်နှင့် တည်းခိုခန်းတချို့က ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ကြ၊ လျစ်လျူရှုထားကြသည့်အတွက် ယင်း နေရာများကို အဓိကထား စစ်ဆေး နေရကြောင်း ဦးယူသိန်းက ရှင်းပြ သည်။
ထိုကမ်းခြေတွင် ရပ်နီးရပ်ဝေးမှ မူးယစ်ဆေးဝါး လာရောက်သုံးစွဲ သူများအပြင် ရောင်းဝယ်ဖြန့်ချိသူများပါ ဝင်ထွက် သွားလာ လှုပ်ရှားလေ့ရှိကြောင်း စားသောက်ဆိုင် အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှ သိရသည်။