ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့ ရေပြသနာစကြုံ

0
813
ဓာတ်ပုံ - တင့်လွင်

ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် ရေတွင်းများ ခမ်းခြောက်ပြီး ရေပြဿနာစကြုံတွေ့လာကြောင်း မြို့ခံများနှင့် စက်ရေတူးသည့် လုပ်ငန်း အသိုင်းအဝိုင်းထံက သိရသည်။

ယခုနှစ်တွင် မြို့ပေါ်ရပ်ကွက်များရှိ ရေတွင်း တချို့ခမ်းခြောက်ခဲ့ပြီး အဓိကအားဖြင့် ဥဿရံ ရပ်ကွက်၊ ကမြောကင်းလမ်း တစ်လျှောက်ရှိ နေအိမ်များတွင် ရေတွင်းအားလုံးနီးပါး ခမ်းခြောက်ခဲ့ကြောင်း ကမြောကင်းလမ်း နေထိုင်သူများထံမှ သိရသည်။

“၃ နှစ်လောက်ရှိပြီ ရေတွင်း စခမ်းတာ။ ဒီနှစ်က တော်တော်ဆိုးတယ်။ ဒီနားတစ်ဝိုက်က ရှိသမျှ ရေတွင်းအားလုံးခမ်းကြတာ”ဟု ကမြောကင်းလမ်း နံဘေးနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ - တင့်လွင်
ထားဝယ်မြို့ပေါ် ရပ်ကွက်တစ်ခုတွင် စက်ရေတွင်းတူးနေစဉ် / ဓာတ်ပုံ – တင့်လွင်

ဥဿရံ ရပ်ကွက်ရှိ ရေတွင်းများခမ်းခြောက်ခြင်းသည် မြို့ပြစီမံကိန်းရေပေးဝေရေးအတွက် မြေအောက်ရေ အမြောက်အများကို ဥဿရံရပ်ကွက်အနီး နေရာတစ်ခုတည်းမှ ထုတ်ယူနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဥဿရံ ရပ်ကွက်နေထိုင်သူများက ထင်ကြေးပေးသည်။

သို့သော် ရေတွင်းများ ခမ်းခြောက်ခြင်းက မြို့ပြစီမံကိန်းရှိ ဝန်ကြီးများအိမ်ရာ၊ ထွေအုပ်ဝန်ထမ်းအိမ်ရာနှင့် စစ်မှုထမ်းဟောင်း အိမ်ရာတို့ကို ပေးဝေရန်တူးဖော်ထားခြင်းနှင့် မသက်ဆိုင်ဟု စည်ပင်သာယာဌာနမှ အငယ်တန်း အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

“ရာသီဥတု ပူပြင်းလာတာနဲ့အမျှ အပေါ်ရေတွေက တဖြည်းဖြည်း ခမ်းခြောက်လာတာများတယ်”ဟု ၎င်းက ဆိုသည်။

ရေတွင်းများ ခမ်းခြောက်သွားသည့်အတွက် စက်ရေတွင်းများ တူးဖော်လိုက်ရကြောင်း ကမြောကင်းလမ်းမကြီး နံဘေးနေထိုင်သူများထံမှ သိရသည်။

“ရေတွင်း(စက်ရေတွင်း) က တစ်နှစ်ထက်တစ်နှစ် တူးရတာ များလာတယ်”ဟု လုပ်သက် အနှစ် ၂၀ ကျော်ရှိသည့် စက်ရေတွင်း တူးဆရာ တစ်ဦးက ပြောသည်။

တူးဖော်သည့်ရေတွင်း တစ်နှစ်ထက် တစ်နှစ် များပြားလာသည့်အပြင် စက်ရေတွင်း တူးသူလည်း များလာသည့်အတွက် ထားဝယ်မြို့၏ နှစ်စဉ် ရေတွင်းတူးဖော်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေခြင်း ဖြစ်သည်။

၂၀၀၅ ခုနစ်ခန့်က ထားဝယ်တွင် စက်ရေတွင်း တူးဖော်သည့်အဖွဲ့ ၅ ဖွဲ့ခန့်သာ ရှိသော်လည်း လက်ရှိအချိန်တွင် အဖွဲ့၁၅ ဖွဲ့ထက် မနည်းရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့၏ တစ်နေ့တာ ရေလိုအပ်ချက်မှာ ဂါလံပေါင်း ၁၅ သန်းကျော်ဖြစ်ပြီး လူတစ်ဦးလျှင် ဂါလံ ၂၀ နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ရေလိုအပ်ချက်၏ ၅.၇ ရာခိုင်နှုန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖြန့်ဝေပြီး ၅၇ ရာခိုင်နှုန်းမှာ ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်းများ ဖြန့်ဝေသည့်ရေ နှင့် အိမ်သုံးရေတွင်းများသောကြောင့် ကျန်ရှိနေသည့် ၃၇.၃ ရာခိုင်နှုန်းမှာ ရေအခက်အခဲ ကြုံတွေ့နေရဆဲဖြစ်သည်။

“ထားဝယ်မြို့ပေါ် အနေအထားနဲ့ဆိုရင် ရေအခက်အခဲက သိပ်မရှိသေးပါဘူး”ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးထိန်လင်းကျော်က ပြောသည်။

ရေအခက်အခဲရှိလာပါက စက်ရေတွင်းများ တူးဖော်ခြင်း၊ ရေလှောင်ကန်များ တည်ဆောက်ခြင်း စသဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့ပေါ်တွင် ထားဝယ်မြစ်ကမ်းနှင့် နီးသည့် ကျေးရွာအများစုတွင် နွေရာသီ၌ ရေရှားလေ့ရှိသည်။