ရှင်မော်တွင် ဘုရားဖူးများအတွက် ရေအခက်တွေ့

0
699

နွေဦးကာလကစပြီး ဘုရားဖူးများ စည်ကားလာသည့် ထားဝယ်ရှင်ကိုးရှင် သမိုင်းဝင် ရှင်မော်ဘုရားသို့ လာရောက် ဖူးမျှော်သည့် ဘုရားဖူးများအတွက် ရေချို အခက်တွေ့နေသည်ဟု ရှင်မော် ဘုရားဂေါပကအဖွဲ့မှ သိရသည်။

လက်ရှိတွင် ဘုရားဖူးများကို တောင်ပေါ်တွင် ရေမချိုးရန် မေတ္တာရပ်ခံ ပြီး တစ်ဖာလုံကျော်အကွာရှိ မြောင်း ဇောက် ရေကန်တွင် ရေသွား ချိုးရန် ညွှန်းနေရသည်ဟု အထက်ပါ ဂေါပက အဖွဲ့ အတွင်းရေးမှူး ဦးစိုးမောင်က ရှင်းပြသည်။
” မတ်လဆန်း ကတည်းက ချိုးရေ အခက်တွေ့နေတော့ ဧပြီ၊ မေ တွေဆို မလွယ်လောက်ဘူး။ ညအိပ်ဘုရားဖူး တွေဆို ရေမချိုးလို့က မရဘူးလေ” ဟု ဦးစိုးမောင်မှ ဆိုသည်။ ဆယ်တန်း စာမေးပွဲပြီးချိန်က စပြီး နေ့စဉ် ဘုရားဖူးဧည့်သည် ပျမ်းမျှ ၅၀၀ ဦးခန့် လာရောက်ပြီး နေ့ထူး နေ့မြတ် များတွင် ၁၀၀၀ ဝန်းကျင်အထိရှိ ကြောင်း သိရသည်။
နေရာ အခက်အခဲအတွက် ဇရပ် ဆောင်များ တိုးချဲ့ ဆောက်လုပ်နေပြီး ရေ အခက်အခဲအတွက် ဖြေရှင်းရန် ရေလှောင်ကန်များ တည်ဆောက်ထား သော်လည်း ရေလုံလောက်မှုမရှိ၊ ဖြစ်နေပြီး ကျောက်တောင်ကြီးဖြစ်သော ကြောင့် ရေတွင်းတူးရန်လည်း အဆင်မပြေ နိုင်ကြောင်း ဦးစိုးမောင်က ရှင်းပြသည်။
” လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ခန့် တစ်ခေါက် ရောက်တုန်းက သစ်ပင်ကြီး တွေ တစ်တောင်လုံး အုပ်ဆိုင်းနေတာ ကြည်နူးစရာကြီး၊ ခုတော့ ပြောင်သလင်း ခါနေတာ တောင်ကတုံး ဖြစ်တော့မယ်။ အခုလို ရေရှားလာတာ သစ်ပင်တွေ နည်းသွားလို့ ဖြစ်မယ်” ဟု ထားဝယ် ဒေသခံ ဘုရားဖူး ဦးဖုန်းမောင်က ထောက်ပြသည်။
လက်ရှိတွင် ဘုရားဖူးများ အတွက် သောက်ရေနှင့် သုံးရေကို နားနေဆောင် နှင့် ၄ ဖာလုံကျော် ဝေးသည့် တောင်ပတ် လမ်းတစ်နေရာမှ သွယ်ယူနေရပြီး ယခုနှစ် ရေရှားချိန်အတွက် ဖြေရှင်းရန် နည်းလမ်း မတွေ့သေးကြောင်း သိရသည်