နေ့ခင်းကြောင်တောင် ရွှေဆွဲကြိုး လုမှု တစ်ရက်အကြာတွင် ဖမ်းမိ

0
815

ထားဝယ်မြို့၊ ရဲရိပ်သာလမ်းတွင် ဆိုင်ကယ်တစ်စီးနောက်တွင် ထိုင်လျက် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးထံမှ နေ့ခင်းကြောင်တောင် ရွှေဆွဲကြိုး ဖြတ်လုသူအား တစ်ရက်အကြာတွင် ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်း ထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရဲရိပ်သာလမ်း၊ ပုလဲဧကရီ ဟိုတယ်အနီးတွင် အမျိုးသမီးငယ်တစ်ဦး မောင်းနှင်၍ အမျိုးသမီးကြီး တစ်ဦး နောက်ထိုင်လိုက် ပါလာသည့် ဆိုင်ကယ်နံဘေးသို့ အခြားဆိုင်ကယ်တစ်စီး ကပ်လာပြီး အမျိုးသမီးကြီး၏ လည်ပင်းတွင် ဆွဲထားသည် ရွှေဆွဲကြိုးကို ဖြတ်ယူ သွားခဲ့ခြင်း ဖြစ်သည်။

ရွှေဆွဲကြိုး လုခံရသည့် အမျိုးသမီးက အော်ဟစ် အကူအညီ တောင်းခံခဲ့ရာ အနီးအနားရှိ တက္ကစီ မောင်းသူများက လိုက်ဖမ်းခဲ့ကြသော်လည်း ဖမ်းမိနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယာဉ်နံပါတ် (ရှေ့ အက္ခရာမပါ)နှင့် ဆွဲကြိုးဖြတ်လု သူအမျိုးသား၏ ပုံပန်းသဏ္ဍာန်တို့ ကိုသာ မှတ်မိခဲ့ကြောင်း ထားဝယ် မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

ယာဉ်နံပါတ်ကို ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန ထံသို့ ပေးပို့ကာ ပိုင်ရှင် လိပ်စာ တောင်းခံခဲ့ပြီး အဆင့်ဆင့် စုံစမ်းခဲ့ရာမှ မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့် တွင် ပြစ်မှုကျူးလွန်သူနှင့် ရွှေဆွဲကြိုး ရောင်း ချထားသည့်ငွေများကို ပြန်လည် ဖမ်းမိခဲ့ကြောင်း ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

“အမျိုးသမီးတွေ ဆိုင်ကယ်စီးရင် သတိထားဖို့လိုတယ်။ လူပြတ်တဲ့ လမ်း တွေမှာ ကိုယ့်အနားကို ဆိုင်ကယ် ကပ်လာရင် အနားမကပ်နိုင်အောင် တတ်နိုင်သမျှ ရှောင်တာမျိုးလုပ်နိုင်ရင် ကောင်းမယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနစ်ကလည်း ဆိုင်ကယ် စီးသူများထံမှ ပိုက်ဆံအိတ်လုယက်မှုများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယင်းသို့သော လုယက် မှု ကျူးလွန်သူများသည် အမျိုးသမီး များနှင့် ၎င်းတို့ နောက်သို့ အလွယ် တကူ မလိုက်နိုင်သည့် ဆိုင်ကယ်များ (ဥပမာ-ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် ကုန်ပစ္စည်း များ တင်ဆောင်ထားသည့် ဆိုင်ကယ်များ) ကို ဦးတည် လုယက်လေ့ရှိသည်ဟု ဒုရဲမှူး မျိုးမြင့်ဦးက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့မ ရဲစခန်းတွင် ကျူးလွန်သူအား ဖမ်းဆီး ကာ သက်သေခံ ပစ္စည်းများကို သိမ်းဆည်းထားပြီး ပြစ်မှုပုဒ်မ ၃၇၉(နှိုက်) ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။