မောင်းမကန်ကမ်းခြေ အမှိုက်ကိစ္စ စကိုင်တွယ်မည်

0
699
ပြီးခဲ့သည်နှစ်က နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် မောင်းမကန်ကမ်းခြေတွင် အမှိုက်ကောက်စဉ်/ ဓာတ်ပုံ - အောင်သူ

မောင်းမကန်ကမ်းခြေတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မရှိစေရန် မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ စတင်ကိုင်တွယ် မည်ဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယူသိန်းက ပြောကြားသည်။

ယခင်က မောင်းမကန်ကမ်းခြေ၌ စည်းကမ်းတကျအမှိုက်စွန့်ပစ်ရန် အသိပေးပြောဆိုခြင်းကို ကမ်းခြေရှိ စား သောက်ဆိုင် ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် မောင်းမကန်းကမ်းခြေသာယာလှပရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီက လုပ်ခဲ့ သော်လည်း မလိုက်နာသည့် ဆိုင်များရှိသည့်အတွက် မောင်းမကန် အုပ်ချုပ်ရေးမှူးအဖွဲ့ကို ကူညီတောင်းခံ ခြင်းဖြစ်သည်ဟု ယင်းကော်မတီထံမှ သိရသည်။

ပြီးခဲ့သည်နှစ်က နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် မောင်းမကန်ကမ်းခြေတွင် အမှိုက်ကောက်စဉ်/ ဓာတ်ပုံ - အောင်သူ
ပြီးခဲ့သည်နှစ်က နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် မောင်းမကန်ကမ်းခြေတွင် အမှိုက်ကောက်စဉ်/ ဓာတ်ပုံ – အောင်သူ

“ပြောတာပြောလှပြီ ဒီလူတွေက ပြောတာ နားမထောင်ဘူး”ဟု မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယူသိန်းက ဆိုသည်၊၊

ကမ်းခြေတွင် အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အမှိုက်မစွန့်ပစ်ရ စာပြားများ ကပ်ခြင်း၊ စည်းမျဉ်းစည်းကမ်း စာရွက်များကို ဝေငှပြီး ကမ်းခြေရှိ စားသောက်ဆိုင်များကို လက်မှတ်ရေး ထိုးစေမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ယင်းသို့ အသိပေးပြီးပါက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ခေါ်ယူသတိပေးခြင်း၊ ထပ်မံကျူးလွန်လာ သူများကို ဒဏ်ကြေးပေးဆောင်စေပြီး နောက်ထပ်ကျူးလွန်ပါက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းပြီး အရေးယူမည်ဖြစ်ကြောင်း ဦးယူသိန်းက ရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံခြားသား ဧည်သည်တစ်ဦး မောင်းမကန်းကမ်းခြေတွင် ရေဆင်းကူး စဉ် ခြေတွင် ပုလင်းကွဲရှပြီး ပြန် တက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တနင်္သာရီဇုန်မှ EC အဖွဲ့ဝင် ဦးသိန်းထိုက်က ပြောပြသည်။

“မောင်းမကန်ကမ်းခြေမှာ အရင်ကတော့ အမှိုက်လောက်ပဲရှိတာ။ အခုက ပုလင်းကွဲတွေပါ တွေ့လာရတယ်၊ ရေထဲမှာရှိတဲ့ ပုလင်းကွဲတွေကတော့ ရေကူးတဲ့သူ အားလုံးအတွက် အန္တရာယ်ရှိလာတယ်”ဟု ဦးသိန်းထိုက်က ဆိုသည်။

မောင်းမကန်ကမ်းခြေသည် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသည့် ကမ်းခြေတစ်ခုဟု ပြောစမှတ်ပြုကြသော်လည်း ကမ်းခြေတွင် အမှိုက်များ ပြန့်ကျဲနေခြင်း၊ ပုလင်းကွဲများ မကြာခဏ တွေ့ရခြင်းနှင့် ရေထဲတွင် အမှိုက်များ ရံဖန်ရံခါ ပေါလောမျောနေတတ်ခြင်းတို့ကြောင့် ယခုနှစ်ပိုင်အတွင်း ခပ်စိပ်စိပ် ဝေဖန်ခံလာရသည်။

ကမ်းခြေရှိ ပုလင်းကွဲများသည် ညနက်ချိန်တွင် ကမ်းခြေသို့ ရောက်လာသည့် လူငယ်များ မီးပုံကာ အရက်သောက်ပြီး ပုလင်းများကို ရိုက်ခွဲသွားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးနှင့် မောင်းမကန်းကမ်းခြေသာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဌတို့ထံမှ သိရသည်။

“ကမ်းခြေကို နှစ်သက်ပေမယ့် အမှိုက်တွေ တွေ့နေရတယ်။ ကမ်းခြေမှာ အမှိုက်ပုံးတစ်လုံးနဲ့ တစ်လုံး အဝေးကြီးမဟုတ်ဘဲနဲ့ များများထားဖို့ လိုတယ်”ဟု မောင်းမကန်ကမ်းခြေရောက် နယူးဇီလန်နိုင်ငံသား ခရီးသွားတစ်ဦးက ထောက်ပြသည်။

အမှိုက်စနစ်တကျ စွန့်ပစ်ရန် မောင်းမကန်အုပ်ချုပ်ရေးမှူးနှင့် မောင်းမကန်းကမ်းခြေသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မတ်လ ၂၆ ရက်နေ့က မောင်းမကန်ကမ်းခြေတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။