ထားဝယ် – ရန်ကုန် အရေးပေါ် လူနာတင်ယာဉ် အခမဲ့ ၀န်ဆောင်မှု ပေးမည်

0
696

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်မြို့သို့ အရေးပေါ်လူနာတင်ယာဉ် အခမဲ့ ၀န်ဆောင်မှုကို ဧပြီလကုန်မှ စပြီး ပေးမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ မွန်မြတ်သော ကုသိုလ်ပြု အရေးပေါ်လူနာကူညီသယ်ဆောင်ရေး (ထားဝယ်)မှ ဦးနိုင်မျိုးသွင်က ပြောကြားသည်။

လက်ရှိတွင် ထားဝယ်မှ ရန်ကုန်မှ လူနာတစ်ဦးကို မော်တော်ယာဉ်ဖြင့် တင်ပို့သည့်အခါ ငှားရမ်းခ ပေါက်ဈေ ၆ သိန်း ၀န်းကျင်ရှိပြီး အခြား လူနာအတွက် လိုအပ်သည့် သူနာပြုနှင့် အထောက်အကူပစ္စည်းများကိုလည်း သီးသန့် ရှာဖွေကာ တင်ပို့နေရသည်ဟု ထားဝယ်မြို့ခံတချို့ထံမှ သိရသည်။

“အရေးပေါ် လူနာတင်ယာဉ်လုပ်မယ့် ကားကို ထားဝယ်သူတစ်ယောက်က လှူမယ်”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

အဆိုပါ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံးနှင့် မောင်းမကန် ဆေးရုံများမှ အရေးပေါ် လူနာများကို ထားဝယ်မြို့ဆေးရုံသို့ တင်ပို့သည့် ၀န်ဆောင်မှုကိုလည်းပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် လုပ်ငန်းကို စေတနာရှင်များ၏ အလှုငွေဖြင့် ရပ်တည်နေပြီး ယခင်က ရှိသည့် လူနာတင်ယာဉ်အပါအ၀င် လက်ရှိတွင် ၂ စီး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထာားဝယ်ဒေသအတွင်း အထက်ပါ အရေးပေါ်လူနာတင်ယာဉ် ၀န်ဆောင်မှုမှ ယာဉ်နှစ်စီးအပြင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အရေးပေါ် လူနာတင် ယာဉ်တစ်စီး၊ ထားဝယ်ဆေးရုံကြီးမှ အရေး ပေါ်သူနာတင်ယာဉ်တစ်စီးနှင့် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာမှ အရေးပေါ် သူနာတင်ယာဉ် တစ်စီးတို့မှ ၀န်ဆောင်မှုပေးလျက်ရှိသည်ဟု သိရသည်။