မြစ်ချောင်းများ ညစ်ညမ်းပျက်စီးရမှု တာဝန်ယူရေးတရားရေးနည်း သုံးမည်ဟုဆို

0
715

ထားဝယ်ဒေသတွင်း မြစ်ချောင်းများ ညစ်ညမ်းပျက်စီးရမှုနှင့် ပတ်သက်ပြီး တာဝန် ယူရေးကို လာမည့်နှစ်တွင် တရားရေးနည်းကို သုံးမည်ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ထားဝယ်ဒေသ ညှိနှိုင်းရေးမှူး ဦးသန့်ဇင်ကပြောသည်။

riverandstreamမြစ်ချောင်းများ ညစ်ညမ်းရသည့်ကိစ္စ အတွက် ယခုနှစ်အတွင်း တရားစွဲနိုင်သည် များကို တရားစွဲဆိုသွားမည်ဖြစ်ပြီး လူထု အားဖြင့် လုပ်နိုင်သည့် လှုပ်ရှားမှုများကို လည်း အရှိန်အဟုန်မြှင့်သွားမည်ဖြစ် ကြောင်း မတ်လ၁၄ရက်နေ့က ထားဝယ် မြို့နယ်၊ အညာဖျားကျေးရွာရှိ အညာဖျား   ချောင်းနဘေး၌ ပြုလုပ်သော    နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားတွင် ဦးသန့်ဇင်က ပြောသည်။

“ ကိုယ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းက သူတပါးကို ထိခိုက်မယ်ဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး “ ဟု ဦးသန့်ဇင်က ဆိုသည်။

အစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် မြစ်ချောင်းများ ညစ်ညမ်းမှုတွင် အဓိကတာဝန်ရှိသည်ဟု သိရှိထားသည့် အစိုးရဌာနများကိုတွေ့ဆုံပြီး ကုမ္ပဏီများအနေဖြင့် တာဝန်ယူမှု ပိုရှိလာရေး ဆွေးနွေး သွားမည်ဟု ၎င်းကဆိုသည်။

ထားဝယ်ဒေသအတွင်း သတ္တုမိုင်းတူးဖော်သည့် ကုမ္ပဏီမှစည်းကမ်းမဲ့ မြေစာနှင့် ညစ်ညမ်းရေ စွန့်ပစ်မှုများကြောင့် မြောင်းပြိုချောင်းမှာ တိမ်ကောသွားခဲ့ပြီး ဟိန္ဒားပြင်ချောင်း၊ ဘ၀ပင်ချောင်း၊ ၀ကုန်းချောင်း အပါအဝင် ပေါက်တိုင်ချောင်းမကြီး၏ ချောင်းရေများလည်း ပျက်စီးလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ဥပဒေမဲ့ လူတစ်စုကောင်းစားဖို့ လုပ်နေတဲ့လုပ်ငန်းတွေကို လက်ပိုက်ကြည့်နေတဲ့ လူတွေကြောင့် မြစ်ချောင်းတွေ တစ်နေ့ထက် တစ်နေ့ ပျက်ပြားလာတာကိုတွေ့ရမယ်” ဟု ပေါက်တိုင်ချောင်းဖျား ဒေသဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူးဦးဖိုးနီက ဝေဖန်သည်။

ထို့အပြင် တနင်္သာရီမြစ်အတွင်းသို့ စီးဆင်းသည့် ချောင်းမကြီးများဖြစ်သည့် ဘန်းချောင်းနှင့် ခမောင်းသွယ် ချောင်းမကြီးများ၌ သတ္တုတူးမိုင်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများကြောင့် ယင်းချောင်းကို အမှီပြုကာနေထိုင် စားသောက်လျက်ရှိသော ဒေသခံဌာနေတိုင်းရင်းသားများအတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း ယင်းဒေသ၌နေထိုင်သူများက ဖွင့်ဟသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံတကာမြစ်ချောင်းများနေ့ အခမ်းအနားကို ထားဝယ်ရေနက်စီမံကိန်း၏ဆက်စပ် စီမံကိန်းတစ်ခု အဖြစ်လျာထားခံရသော ကလုံထားရေကာတာ စီမံကိန်းပြုလုပ်မည့် ကလုံးထာချောင်းအတွင်း ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ရေအားလျှပ်စစ်နှင့် ရေပေးဝေရေး စီမံကိန်းပြုလုပ်ရန် လျာထား ခြင်းခံရသော အညာဖျားကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ထားဝယ်ဒေသတွင်းတွင် သတ္တုများ၏ ထိခိုက်မှုကြောင့်နစ်နာသူများက တရားစွဲဆိုသည့် အမှု ၂ မှုရှိသည့်အနက် ၀ကုန်းဒေသခံက ဧဒင်ကုမ္ပဏီကိုတရားစွဲသည့်အမှုတွင်ကုမ္ပဏီအား မတ်လ ၁၁ ရက်နေ့က ပြစ်ဒဏ်ငွေကျပ်တစ်ထောင်(သို့) ထောင်ဒဏ် ၁၅ ရက်အမိန့်ချခဲ့ရာကုမ္ပဏီမှ ဒဏ်ငွေပေး ဆောင်ခဲ့သည်။ ထို့အပြင် မြန်မာပွန်ပီပက်ကုမ္ပဏီမှ စွန့်ပစ်သည့်မိုင်းဆေးရေများကြောင့် ဥယျာဉ် ခြံထိခိုက်ပျက်စီးမှုအတွက် အကျိုးဆောင်ရှေ့နေမှ တဆင့် နို့တစ်စာပေးပို့ထားကြောင်း သိရသည်။