ကျောင်းသားများထုကို ၀ိုင်းရံရေး ထားဝယ်တွင် စတစ်ကာ လှုပ်ရှားမှုပြုလုပ်

0
780

သပိတ်မှောက် ကျောင်းသားများ အကြမ်းဖက်ခံနေရသည့် အကြောင်းကို ပြည်သူလူထုသိရှိစေရန် အတွက် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်တွင် စတစ်ကာလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။

IMG_0010
ဓာတ်ပုံ – Dawei Watch

ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး “ကျောင်းသားထုကို ၀န်းရံကြ” ၊ “ကျောင်းသားထုကို လုံးဝ အကြမ်းမဖက်ရ” စာသားများပါ စတစ်ကာများကို ထားဝယ်မြို့ပေါ် လူစည်ကားရာ လမ်းဆုံများ၊ လမ်းမကြီးများ တစ်လျှောက်ရှိ ဓာတ်တိုင်များ၊ အုတ်နံရံများ၊ စားသောက်ဆိုင်များတွင် လိုက်လံကပ်ခဲ့ကြကြောင်း စတစ်ကာကပ် ကျောင်းသားများက ပြောသည်။

“ကျောင်းသားတွေ အကြမ်းဖက်ခံနေရတယ်ဆိုတာ ပြည်သူလူထုတွေ သိအောင် စတစ်ကာ ကပ်ပြီး မက်ဆေ့ပေးတာပါ” ဟု ထားဝယ်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုလေဦးက ပြောသည်။

မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းက လက်ပံတန်းတွင် ရန်ကုန်မြို့သို့ချီတက်မည့် ကျောင်းသားသပိတ်သည် အကြမ်းဖက်ဖြို ခွင်းခံခဲ့ရပြီးနောက် ကျောင်းသားနှင့် ပြည်သူအချို့ ဖမ်းဆီးခံခဲ့ရသည်။

“ကျောင်းသားတွေ ကို ဒီလိုအကြမ်းဖက်တာ လုံးဝ လက်မခံနိုင်ဘူး။ ဒီလိုအကြမ်းဖက်ခံနေရတာကို လူထုသိစေချင်တယ်” ဟု
ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇင်မောင်ဖြိုးက ပြောသည်။

စတင်ကာ လိုက်ကပ်နေသည့်ကျောင်းသားများကို သတင်းရဲတပ်ဖွဲ့မှ စောင့်ကြည့်မှုများရှိနေပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများမှ ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ကြုံတွေ့ရသည်ဟု လှုပ်ရှားသူ ကျောင်းသားများက ပြောသည်။

မတ်လ ၁၀ ရက်နေ့ နေ့လည်တွင် လက်ပံတန်းတွင် ကျောင်းသားများ အကြမ်းဖက်ခံဖမ်းဆီးခံရမှုနှင့် လက်ပံတန်း သပိတ်မှောက်ကျောင်းသားများကို အကြမ်းမဖက်ရန် ရန်ကုန်တွင် ဆန္ဒပြသည့် ကျောင်းသားများ အကြမ်းဖက်
ဖမ်းဆီးခံရမှုတို့ကြောင့် ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများမှ အရေးပေါ်အစည်းအဝေးခေါ်ယူဆွေးနွေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ ညနေ ၅ နာခွဲဝန်းကျင်တွင် စတစ်ကာများကို အုပ်ချုပ်ရေးအဖွဲ့ဝင်များဟု ယူဆရသူများက လိုက်ခွာသိမ်းဆည်းနေကြောင်း ထားဝယ်မြို့ခံ မျက်မြင်များက ပြောသည်။