ခဲခိုးသည်ဟု စွပ်စွဲခံရသူက ထိုင်းမန်နေဂျာကို တရားပြန်စွဲ

0
847

ထားဝယ်မြို့ အရှေ့ဖက် ဟိန္ဒားသတ္တုမိုင်းလုပ်ကွက်တွင် ခဲခိုးသည်ဟုဆိုကာ တရားစွဲခံထားရသူက ယင်းကုမ္ပဏီ၏ ထိုင်း မန်နေဂျာကို တရားပြန်စွဲသည်ဟု အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

HD Mine 3

ခဲခိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နက်ခဲ့သည့် ထိုင်းနိုင်ငံသား မန်နေဂျာကို ယင်းသို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

“အစကတော့ တရားစွဲဖို့အထိ မစဉ်းစားဖြစ်ဘူး၊ ထိုင်းနိုင်ငံသားက မြန်မာပြည်သားကို ထိုးတာ မခံနိုင်လို့ ပြန်ပြီး တရားစွဲ ဆိုဖို့ စီစဉ်ခြင်း ဖြစ်တယ်”ဟု ကာယကံရှင်၏ မိသားစုဝင်တစ်ဦဖြစ်သူ ဦးအေးဝင်း ပြောဆိုသည်။

ဖမ်းဆီးရိုက်နက်ခံခဲ့ရသူက ထိခိုက်နစ်နာမှုအတွက် ထားဝယ်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားရာ မတ်လ ၆ ရက်နေ့တွင် စတင်စစ်ဆေးသည်ဟု အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

တရားရုံးမှ ယင်းအမှုအတွက် ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေး ရန် လွှဲပြောင်းပေးခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင် ထားဝယ်တရားရုံးမှ ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားကြောင်း ၄င်းအကျိုးဆောင်ရှေ့နေက ပြောဆိုသည်။

မြန်မာ-ပွန်ပီပက်ကုမ္ပဏီဖက်မှ ခဲခိုးသူဟု စွပ်စွဲခံထားရသူအား တရားစွဲဆိုထားသော အမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်၍ ထားဝယ်တရားရုံးမှ စစ်ဆေးလျှက်ရှိပြီး မတ်လ ၆ ရက်နေ့တွင် ၃ကြိမ်မြောက် ရုံးချိန်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီဘက်က ၎င်းတို့၏ လုပ်ကွက်အတွင်းတွင် ခဲယင်းသည်ဟု စွပ်စွဲထားသော်လည်း တရားစွဲခံထားရသူကမူ လုပ်ကွက် အပြင်ဖက်တွင် ခဲယင်းခြင်းဖြစ်သည်ဟု ခုခံပြောဆိုထားကြောင်း အထက်ပါ ရှေ့နေက ရှင်းပြသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က အခြား ခဲယင်းသူများနှင့်အတူ လုပ်ကွက် C အနီးတွင် ခဲယင်းနေစဉ် ထိုင်းမန်နေဂျာရောက်လာပြီး ခဲခိုးသည်ဟု စွပ်စွဲကာ ပါးရိုက်ခဲ့ကြောင်း၊ ထို့နောက် မော်တော်ယာဉ်ဖြင့် မြန်မာ ပွန်ပီပက် ကုမ္ပဏီ ရုံးသို့ ခေါ်သွားကာ ရုံးအနီးရှိ ၀ပ်ရှော့ရှေ့ရှိ တိုင်တွင် လက်ပြန်ကြိုးတုပ်ပြီး ဘွတ်ဖိနပ်ဖြင့် တချက်ကန်ခဲ့သည်ဟု ကာယကံရှင်၏ ပြောဆိုချက်ကို ကိုးကားပြီး မိသားစုဝင်တစ်ဦဖြစ်သူ ဦးအေးဝင်းက ရှင်းပြသည်။

အဆိုပါ ခဲခိုးသူဟု ယူဆရသူမှာ မြောင်းပြိုကျေးရွာသူဖြင့် အိမ်ထောင်ပြုထားသည့် သထုံမြို့မှ ကရင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး လွန်ခဲ့သော နှစ်လခန့်က မြောင်းပြိုရွာ၌ လာရောက်နေထိုင်သူဖြစ်ကြောင်း သိရသည်။

ယင်းဟိန္ဒားသတ္တုမိုင်းကို အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာ-ပွန်ပီပက်ကုမ္ပဏီ(MPC)တို့က အကျိုးတူ လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။