ထားဝယ် လယ်သမား ၁၄ ဦး တရားစွဲခံရပြန်

0
637

ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ သိမ်းဆည်းလယ်မြေများပေါ်တွင် မြိ့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ စိုက်ထူသော ခြံစည်းရိုးတိုင်များကို တွန်းလဲခဲ့သည်ဟုဆိုသော ထားဝယ်တောင်သူလယ်သမားများသမဂ္ဂမှ ဒေါ်ရီရီထွေး အပါအ၀င် ၁၄ ဦးကို အမှုဖွင့်တိုင်ကြားလိုက်သည်။

16513_1621392424756714_3680273152459898966_n
ခြံခတ်သည့် ထွေ/အုပ် ၀န်ထမ်းများကို တွေ့ရစဉ်။ ဓာတ်ပုံ – ထွန်းထွန်းဝင်း

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က တရားလိုပြုလုပ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းမြေနေရာရှိ ဆိုင်းဘုတ်နှင့် ကွန်ကရစ်ခြံတိုင် ၄ တိုင်ကို လယ်သမားများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွန်းလဲပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ခြံတိုင် ၁၈တိုင်အနက် ၃တိုင်ကို ကြိုးများဖြင့် ဆွဲလဲကာ မကြားဝံ့နာသာ ဆဲဆိုပြီး လုပ်ငန်း ဆောင်ရွက်မရအောင် နှောင့်ယှက်ကြသည်ဟု ရဲစခန်းမှတ်တမ်း၌ ရေးသားထားသည်။

တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှု၊ လက်ရောက်မှု၊ ညစ်ညမ်းသော ဆဲရေးတိုင်းတာမှု၊ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ကြောင့်ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃၊၂၉၄၊ ၄၄၇နှင့် ၄၂၇ တို့အရ အမှုဖွင့် ခံရခြင်း ဖြစ်သည်။

သိမ်းဆည်းထားသည့် လယ်ယာမြေနှင့် ပတ်သက်၍ ဖြေရှင်းပြီးမှ လုပ်ကိုင်ရန် တောင်းပန်ပြောဆိုခဲ့သော်လည်း ဖြေရှင်းခြင်းမရှိဘဲ မိမိလယ်မြေအပေါ်တွင် အတင်းအဓမ္မခြံတိုင် စိုက်ထူလာခြင်းကြောင့် ခြံတိုင်ကို လှဲပစ်ရခြင်းဖြစ်ကြောင်း၊ မိမိတစ်ဦးတည်း မနိုင်၍ လယ်သမားများကို ကူညီတောင်းခံပြီး ခြံတိုင်များကိုလဲရခြင်းဖြစ်ကြောင်း လယ် ၇ ဧက ကျော် ပိုင်သည့် လယ်သမား ဦးတင်ရွှေက ပြောသည်။

“ဖြေရှင်းပေးပြီးရင် ကြိုက်သလိုလာလုပ်၊ ဘာမှ အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး”ဟု ခြံခတ်ခံရသည့် လယ်မြေပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးတင်ရွေက ဆိုသည်။

အဆိုပါ စုပေါင်းရုံးဆောက်လုပ်မည့်နေရာတွင် ခြံတိုင်စိုက်ထူချိန်တွင် လယ်သမားများနှင့်အတူရှိနေသည့် အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသား ၃ ဦးနှင့် ကျောင်းသူ ၂ဦးကိုလည်း အမှုဖွင့်ခံထားသည်ဟု သိရသည်။

“ခြံတိုင်ဆွဲနှုတ်တာလဲ မပါဘူး၊ လယ်သမားတွေနဲ့အတူရှိနေတာပဲ ရှိတယ်”ဟု အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းလွင်ဦးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြစ်သော လန ၃၉ အမိန့်ကျထားပြီးဖြစ်စေကာမှု ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့် အညီထုတ်ပြန်ထားသည့် မြေသိမ်းပြန်တမ်းမရှိလျှင် ပြန်ပေးသင့်ကြောင်း၊ လိုအပ်၍ မြေသိမ်းမည်ဆိုလျှင် နစ်နာကြေးကို မြေသိမ်းဥပဒေနှင့်အညီ လျှော်ကြေးပေးရမည်ဟု ဆုံးဖြတ်ထားသော်လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရက လယ်ယာ မြေပြဿနာများကို ဖြေရှင်းသည့်အခါ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ကိုက်ညီမရှိဟု ယူဆကြောင်း လယ်သမား မိသားစုဝင် ဦးဇော်ဝင်းက ပြောဆိုသည်။

“မြေသိမ်းဥပဒေပြန်တမ်းကို အများသူဌာ မြင်သာအောင် အသိပေးခဲ့ခြင်း မရှိသေးဘူး”ဟု ဦးဇော်ဝင်းက ပြောဆိုသည်။

ယင်းသို့ လယ်ယာမြေပြသာနာကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပေးသင့်ကြောင်း ၄င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အစိုးရမှ သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် မြို့ပြစီမံကိန်း အကောင် အထည်ဖော်မှုကို တားမြစ်သည်ဟု ဆိုကာ တရားစွဲခံထားရသော လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လနှင့် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်နှင့် ငွေဒဏ်များ စသဖြင့် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သေးသည်။

ကာလရှည်ကြာဖြစ်ပေါ်နေသည့် ထားဝယ်မြို့ ဆန်းချီလယ်ယာမြေ ပြဿနာကို တိုင်းအစိုးရအနေဖြင့် အဖြေ တစ်စုံတစ်ရာ ထွက်သည့်အထိ အဖြေမရှာသေးပေ။