ထားဝယ် အဝေးပြေး ကားကွင်း ပြန်ဆောက်မည်

0
798

လမ်းပန်းဆက်သွယ်ရေး အထိုက်အလျှောက် ကောင်းမွန်လာပြီးနောက် လေအိတ်ကားများ ပြေးဆွဲလာသော်လည်း ပြောင်းလဲမှု မလုပ်ဘဲ ယခင်အတိုင်း ပစ်ထားသည်ဟု ဝေဖန်ခံနေရသည့် ထားဝယ်အဝေးပြေးကားကွင်းကို ယခုနှစ်အတွင်း အသစ်ပြန်လည်တည်ဆောက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။

3) A. T  (1)
ဖုန်ထူ ဗွက်ထ ထားဝယ်အဝေးပြေး ၀င်း၊ ဓာတ်ပုံ – အောင်သူ

လက်ရှိတွင် ကားဝင်းအတွင်း ဆောက်လုပ်ထားသည့် တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရေဆေးခုံ စသည်လုပ်ငန်းပိုင် ရှင်များနှင့် မြေပိုင်ဆိုင်မှုကို စိစစ်ညှိနှိုင်းနေပြီး နောက်ထပ် ညှိနှိုင်းရန် စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးသာ ကျန်တော့ကြောင်း ၀န်ကြီးက ပြောသည်။

“ညှိနှိုင်းမှုပြီးတာနဲ့ စဆောက်သွားမယ်။ ဆောက်လုပ်မှု အပိုင်းကတော့ မြန်ပါတယ်”ဟု ဒေါက်တာ ကျော်ဆန်းက ဆိုသည်။

ကားကွင်း တည်ဆောက်ရန် အတွက် ၂၀၁၄ နိုဝင်ဘာလမှ စတင်၍ အစည်းအဝေးများခေါ်ယူကာ လုပ်ငန်း ကော်မတီများ ဖွဲ့ပြီး လုပ်ဆောင်နေသည်ဟု တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံမှ သိရသည်။

သို့သော် ကားဝင်းကို မည်သို့တည်ဆောက်မည်ဟူသည့် အသေးစိတ်ကိုမှု ဆုံးဖြတ်ချက် မချရသေးဟု ၀န်ကြီးက ပြောသည်။

“တိုင်းမြို့တော်အနေနဲ့ ကားကွင်းက လုပ်သင့်နေတာကြာပြီ။ အခုက ကားတွေပဲ အဆင့်မြင့်လာပြီး ကားကွင်းက ဆိုးနေတာဆိုတော့ ခရီး သည်တွေအတွက် ပြောစရာဖြစ်နေတာ ပေါ့”ဟု ထားဝယ် အဝေးပြေးကားကွင်းရှိ ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ကားကွင်း အသစ်ဆောက်လုပ်ရာတွင် တစ်ခြမ်းပြီးမှ တစ်ခြမ်းဆောက် လုပ်မည်ဆိုပါက နေ့စဉ်ပုံမှန်ပြေးဆွဲနေသည့် ယာဉ်လိုင်းများအတွက် အဆင်ပြေ နိုင်သည်ဟု ၎င်းက ဆိုသည်။

အဝေးပြေး ကားကွင်း တည် ဆောက်ပြီးပါက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများနှင့် ကုန်စည်ဂိတ်များကို စနစ်တကျ ပြန်လည် နေရာချထား ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ထားဝယ်ကားဝင်း၏ အကျယ်သည် ၆ ဧက ၀န်းကျင်ရှိသည်ဟု သိရပြီး ခြောက်သွေ့ရာသီတွင် ဖုန်ထူကာ မိုးရာသီတွင် ရွှံ့ ဗွက်ထ လေ့ရှိသည်။