ကံပေါက် ဆန္ဒပြ အလုပ်သမား ကိစ္စ Total ပြန်ရှင်း

0
837

အလုပ်ရပ်နားခံရသဖြင့် Total ကုမ္ပဏီအား  ဆန္ဒပြမှု အပေါ်စိုးရိမ်ကြောင်း Total ကုမ္ပ္ပဏီ အထွေထွေ မန်နေဂျာ Xavier Preel က ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။

DSCF0193
အလုပ်သမားများ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – တင့်လွင်

 

Total E & P Myanmar အနေနှင့် မြန်မာနိုင်ငံတွင်း လုပ်ကိုင်ဆောင်ရွက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်၍  အဆင့်မြင့် မူဝါဒကို လိုက်နာနေပြီး  တည်ဆဲ စည်းမျဉ်း၊ စည်းကမ်းများထက် ကျော်လွန်၍ နိုင်ငံတွင်း အကောင်းဆုံး အလုပ်သမား ခန့်ထားခြင်း အစီအစဉ်ဖြင့် လုပ်ကိုင်နေကြောင်း သတင်းမီဒီယာ အချို့ထံ အီးမေးလ်မှ တဆင့် ပြန်လည်ဖြေရှင်းထားသော ယင်းစာတွင် ဖော်ပြထားသည်။

အလုပ်အကိုင်ခန့်ထားရေးအပါအ၀င် မြန်မာနိုင်ငံတွင် ကန်ထရိုက်တာ ၂၅ ခုဖြင့် လုပ်ကိုင်နေပြီး Total ၏

မူဝါဒမှာ ကန်ထရိုက်တာ၏ အလုပ်သမား စုဆောင်းမှု လုပ်ငန်းကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဒေသရှိ အလုပ်အကိုင်ရရှိရေးကိုသာ အားပေးခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယခင်က အလုပ်အကိုင်ခန့်ထားရေး ၀န်ဆောင်မှု ပေးသည့် ကန်ထရိုက်တာ အနည်းအကျဉ်းသာ ရှိခဲ့သည့်အတွက် လက်ရှိ Total နှင့် အလုပ်လုပ်ကိုင်နေသော ကန်ထရိုက်တာ ကုမ္ပဏီတို့၏ အလုပ်သမားများကို နှစ်အချို့ ကိုင်တွယ် ခဲ့ရသည်များရှိကောင်းရှိနိုင်ကြောင်း Total က ဆိုသည်။

သို့သော်လည်း ကိုင်တွယ်ခဲ့ရသည့်နှစ်များနှင့် လက်ရှိ အလုပ်ဖြုတ်ခံထားရသော အလုပ်သမားများ ပါဝင်ခြင်း ရှိမရှိ ရှင်းပြထားခြင်းမရှိပေ။

UE နှင့် T&E တို့သည် Total နှင့် ကန်ထရိုက်သက်တမ်းကုန်ဆုံးပြီးနောက် ၎င်းတို့အစား Hasty Power က ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း Xavier Preel က ရှင်းပြထားသည်။

Total အနေဖြင့်လည်း Hasty Power အား UE နှင့် T & E ကန်ထရိုက်တာတို့မှ အလုပ်သမားများကို အလုပ်အကိုင် အခွင့်အလမ်းပေးရန် တိုက်တွန်းခဲ့ခြင်းကြောင့် UE နှင့် T & E ကန်ထရိုက်တာ အလုပ်သမားဟောင်း ၆၇ ဦး Hasty Power က ခန့်အပ်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

အင်္ဂလိပ်ဘာသာဖြင့် စာလုံးရေ စုစုပေါင်း ၃၃၀ ကျော်ရှိသော အထွေထွေမန်နေဂျာ Xavier Preel ၏ ပြန်လည်ရှင်းလင်းချက်တွင် အလုပ်သမားများ၏ တောင်းဆိုချက်ကို မည်သို့ ပြန်လည်ဖြေရှင်းမည်ဆိုသည့် အချက် မပါရှိပေ။

UE အနေနှင့်  ယင်းကိစ္စကို မည်သို့ ဖြေရှင်းမည်ဆိုသည်ကို မသိရသေးဘဲ Total က ယင်းကိစ္စကို မည်သို့ ကိုင်တွယ်မည်ကို စောင့်ကြည့်နေကြောင်း ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းသို့ ပြောဆိုထားသည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ Total ကုမ္ပဏီမှ အလုပ်သမားဟောင်း တစ်ရာကျော်နှင့် မိသားစုဝင်များက ကံပေါက်ဒေသတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

TOTAL ကုမ္ပဏီသည် နိုင်ငံတကာ အလုပ်သမားဥပဒေ၊ ဥရောပ သမဂ္ဂ (EU) ကချမှတ်ထားသော အလုပ်သမား အခွင့်အရေး ဥပဒေနှင့် မြန်မာနိုင်ငံအလုပ်သမားများဥပဒေတို့ကို လေးစားလိုက်နာ ကျင့်သုံးမည်ဟု ပဋိဥာဉ်စာတမ်းထုတ်ခဲ့ခြင်းကို လျစ်လျူရှုကာ အလုပ်သမားများကို ကြိုတင်အသိပေး အကြောင်းအကြားခြင်းမရှိဘဲ အကြိမ်ကြိမ် အလုပ်ထုတ်ခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင်များက ဆိုထားသည်။