ထားဝယ်တွင် ရွှေည၀ါဆရာတော် တရားဟောခွင့်ပိတ်ခံရ

0
772

ထားဝယ်ဒေသ၊သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပြုလုပ်မည့်တရားဟောပွဲတွင် ပါဝင်ဟောကြားမည့် ရွှေည၀ါဆရာတော်အား တရားဟောခွင့်ပိတ်ခံရကြောင်း ပရဟိတ ဓမ္မသဘင်ဖြစ်မြောက်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

Screen Shot 2012-10-28 at 11.12.59 PM
ဓာတ်ပုံ – မိုးမခ

ရွှေည၀ါဆရာတော် ဦးပညာသီဟ အပါအ၀င် ဆရာတော်ကြီး ၄ ပါးမှ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ဟောကြားမည့် ၅ ရက်တာ တရားပွဲကို သရက်ချောင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ၊ မြို့နယ်သာသနာရေးမှူး၊ သရက်ချောင်းမြို့မရဲစခန်း၊ ညောင်ဇင်ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင်မှ ခွင့်မပြုကြောင်း တဖန်ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရားပွဲစတင်မည့် ၅ ရက်နေ့ညနေပိုင်းတွင် တရားပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံပြီး ဒေသခံဆရာတော်များကို တရားဟောခွင့်ပြုသော်လည်း ရွှေည၀ါဆရာတော်အတွက် တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက်မရရှိသေးကြောင်းပြောဆိုကာ သာသနာရေးဦးစီးဌာနမှ စည်းကမ်းချက် ၉ ချက်နှင့် ကိုက်ညီမှုရှိမှ ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဓမ္မသဘင်ဖြစ်မြောက်ရေးဦးဆောင်သူများက ပြောသည်။

ရွှေည၀ါဆရာတော်ကို တရားဟောခွင့်ပြုမပြုကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အကြောင်းပြန်ကြားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွှေည၀ါဆရာတော်အား တိုင်းသာသနာရေးဦးစီးဌာနမှ ခွင့်မပြုကြောင်း ညောင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားလာခဲ့သည်ဟု ဓမ္မသဘင်ဖြစ်မြောက်ရေး ဦးဆောင်သူက ပြောသည်။

“သာသနာရေးဌာနရဲ့ အချက် ၉ ချက်မှာ ဘယ်အချက်နဲ့ မကိုက်ညီတာလဲလို့ အုပ်ချုပ်ရေးမှူးကို မေးတာ တိုင်းသာသနာရေးဦးစီးဌာနရဲ့စာမရသေးလို့ အတိအကျမပြောနိုင်သေးဘူးလို့ပြောတယ်” ဟု တရားပွဲဦးဆောင်သူ ဒေါ်သန်းဝေ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနထံသို့ Dawei Watch မှ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စည်းကမ်းချက် ၉ ချက်အနက် ရွှေည၀ါဆရာတော်သည် ဓမ္မစရိယဘွဲ့မရသေးသောကြောင့် တရားဟောခွင့်မပြုရခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနိုင်က ပြန်လည်ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ဟောကြားမည့် ဆရာတော်သည် ခွင့်ပြုချက်မရလည်း ဟောသွားမည်ဖြစ်ကြောင်း တရားပွဲဖြစ်မြောက်ရေး အဖွဲ့က ဆိုထားသည်။

တရားပွဲကို ညောင်ဇင်ကျေးရွာ၊ ညောင်ဇင်ကျောင်းကြီးတိုက်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး ညောင်ဇင်ကျေးရွာရှိ အလှူရှင်များစုပေါင်းကျင်းပခြင်းဖြစ်သည်။

ရွှေည၀ါဆရာတော်အား တရားဟောခွင့်ကို ညောင်ဇင်ကျေးရွာတွင်သာမက အနီးဝန်းကျင်ကျေးရွာဖြစ်သည့် ကြာအင်းကျေးရွာတွင်လည်း ပိတ်ခံခဲ့ရကြောင်း ကြာအင်းကျေးရွာတရားပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။