လျှပ်စစ်တိုက်ပွဲ

0
999

 

ရက်ချိန်းက ဇန်န၀ါရီ ၂၃ ရက်နေ့ နံနက်။ နေရာက ထားဝယ်။ ဓာတ်ငွေ့ပုံပေါ်တွင်ထိုင်ရင်း တိုင်းပြည်အခြားနေရာများထက် အဆ ဆယ်ချီပေးနေရသော တောင်ပိုင်းသားတို့ လျှပ်စစ်တိုက်ပွဲခေါ်သံ စလေပြီ။

တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ ကို ဖွဲ့စည်းပြီး တစ်တိုင်းလုံးမှ လက်မှတ်များ ကောက်ယူပြီးနောက် လှုပ်ရှားမှု ခေတ္တရပ်တန့်သွားသေးသည်။ ယင်းနောက် ဒီဇင်ဘာတွင် ထားဝယ်တွင် ရမည်ဆိုသော တစ်ယူနစ် ကျပ် ၃၀၀ အောက်တန် လျှပ်စစ်က ဘယ်ဆီဘယ်ဝယ်မှန်းမသိတော့သောအခါ ဆန္ဒပြရန် အထိဖြစ်လာတော့မည်ဖြစ်သည်။

ခံစားနေရသည်က တစ်တိုင်းလုံး။ သို့သော် အခြေအနေအရ ထားဝယ်တွင် စတင်ဆန္ဒပြတော့မည်ဖြစ်သည်။

ထားဝယ်ခရိုင်လူထုပူးပေါင်းပါဝင်မည့် လျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်နှုန်းရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို ထားဝယ်မြို့တွင် လာမည့် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကနဦးပြုလုပ်မည်ဖြစ်ပြီး မြိတ်နှင့် ကော်သောင်းခရိုင်များတွင် ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီ (ထားဝယ်) က ထုတ်ပြန်ထားသည်။

“လက်ရှိတော့ တစ်တိုင်းလုံးတစ်ပြိုင်တည်းပြဖို့ မဖြစ်နိုင်သေးဘူး။ တစ်ခုပြီးတစ်ခုပဲ ဖြစ်သွားမယ်။ သူတို့ပါလာမယ်လို့ ယုံကြည်တယ်” ဟု နောက်ပိုင်းလှုပ်ရှားမှုများတွင် မြိတ်နှင့် ကော့သောင်းတို့မှ ပါဝင်လာရန် ယင်းကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်သက်က ရည်ညွန်းပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ မဟာဓာတ်အားလိုင်းအမြန်ဆုံးရောက်ရှိစေရန်နှင့် လျှပ်စစ်မီး တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် အမြန်ဆုံးရရှိစေရန် ရည်ရွယ်၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ယင်းကော်မတီက ဆိုထားပြီး ဆန္ဒပြပွဲတွင် အနည်းဆုံး လူအင်အား ငါးရာခန့်ပါဝင်ရန် ခန့်မှန်းထားသည်။

တိုင်းဒေသကြီးတစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်ခြင်းအပြင် တိုင်းဒေသကြီးအစိုးရနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်အရပ်ရပ်တွင်ရောက်ရှိနေကြသည့် တနင်္သာရီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များအား လျှပ်စစ်ဓာတ်အားရရှိရေး အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများလုပ်ဆောင်ပေးရန် စည်းရုံးခြင်း၊ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဗြုန်းစားကြီးဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့သိပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာရမှာလဲ ဆိုတဲ့ သူတို့တွေရဲ့ ကတိက၀တ်ကိုလိုချင်တာပါ”  ဟု ဦးကျော်ကျော်သက်က ဆိုသည်။

သယံဇာတ ရရှိရေး ကော်မတီများကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကို အားပြုဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာ လှုပ်ရှားမှုများအတွက် မြိတ်နှင့် ကော့သောင်းမှ ၈၈ များသာ ဦးဆောင်ရမည့် သဘောဖြစ်သည်။

လက်ရှိတွင် မြိတ်နှင့် ကော့သောင်းတွင် ဗိုလ်ချုပ်ရာပြည်ကဲ့သို့သော လှုပ်ရှားမှု အချို့နှင့် တိုက်နေသဖြင့် နောက်ပိုင်းတွင် ပါဝင်လာဖွယ်ရှိနေသည်။

“ဒါပေမယ့် မြိတ်မှာကလက်ရှိမှာ ၈၈ နဲ့ ပူးပေါင်းမယ့် မဟာမိတ်ကဗိုလ်ချုပ်နှစ်တစ်ရာ ပြည့်ပွဲတွေ ရှိနေတယ်။ ဒါကြောင့် တစ်ပြိုင်တည်းမဖြစ်တာပါ။ နောက်ပိုင်းကာလတစ်ခုရောက်ရင်တော့ ပါဝင်မယ်”ဟု မြိတ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးတင်ကိုကိုဦး က ဆိုသည်။

သို့သော်ယခု လှုပ်ရှားမှုကို ပိုမိုစနစ်ကျစွာ လုပ်ဆောင်သင့်ကြောင်း ဦးတင်ကိုကိုဦးက မြင်သည်။ လူထုအသိပညာပေးခြင်း၊ သက်ဆိုင်ရာ အစိုးရ အဆင့်ဆင့်နှင့် မည်သို့ ဆွေးနွေးလုပ်ဆောင်မည် စသည့် လုပ်ငန်းစဉ်တို့ ရှိထားသင့်ကြောင်း သူကဆိုသည်။

“ဘယ်အဆင့်ရောက်မှ ဆန္ဒပြမယ်ပေါ့။ အဲဆိုမဆွဲသေးဘဲနဲ့ လုပ်လို့ကတော့ မထူးဘူးလို့ မြင်တယ်။ ဒေသတွင်းကလှုပ်ရှားမှု တိုင်းမှာအဲလိုမျိုးစနစ်တကျ ဆွဲပြီးလုပ်တာအားနည်းနေတယ်”ဟု ဦးတင်ကိုကိုဦးက ဆိုသည်။

တိုင်းတစ်ခုလုံး ပျံ့နှံလုပ်ကိုင်နိုင်ရန် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတို့ မှ ၈၈ များ လာမည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးကျော်ကျော်သက်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ကြီးများတွင် ဒီဇင်ဘာလလယ်အတွင်းက တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီး စတင်ရရှိနေပြီဖြစ်ပြီး ယေဘုယျအားဖြင့် ယခုလအတွင်း ခရိုင်မြို့များဖြစ်သော ထားဝယ်မြို့တွင် လျှပ်စစ် တစ်ယူနစ် ၃၈၀ ကျပ်၊ မြိတ်တွင် တစ်ယူနစ် ၃၇၀၊ ကော့သောင်းတွင် ၃၅၀ ကျပ် အသီးသီး ကျသင့်လျက်ရှိသည်။

မြို့နယ်များတွင်မူ နေရာအပေါ်မူတည်၍ တစ်ယူနစ် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိရှိသည်။

ယခင်က တနင်္သာရီသယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီသည် ၃၅ ကျပ်နှုန်းဖြင့်လျှပ်စစ်မီးရရှိရေး လက်မှတ် သုံးသိန်းစုဆောင်းကာ တောင်းဆိုမည့်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ဖူးပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက လျှပ်စစ်တစ်ယူနစ်ကို ၃၀၀ ကျပ်အောက်နှုန်းဖြင့် ၂၀၁၄ ဒီဇင်ဘာလ တွင် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည့်အတွက် ယင်းလှုပ်ရှားမှုကို ရပ်နားခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရက ကတိပေးထားသည့်  ယင်းအစီအစဉ် လက်ရှိအချိန်အထိ ဖြစ်မလာသည့်အတွက် တနင်္သာရီသယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီမှ ယခုကဲ့သို့ လှုပ်ရှားမှုများကို ပြန်လည်စတင်လာခြင်းဖြစ်သည်။

ယင်းကော်မတီ (ထားဝယ်) တွင် ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)၊ ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီနှစ်ခု နှင့် ထားဝယ်ခရိုင် အတွင်းမှ မြို့နယ်အလိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ထားဝယ်ဖွံဖြိုးရေးအဖွဲ့ (DDA) စသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၆ ခုပါဝင်သည်။

တိုင်းအတွင်းရှိ လူအများစု ခံစားနေရသော မီတာမိုးထိုးနေသည့် ဒဏ်မှ ကင်းလွတ်နိုင်ရန် အားထုတ်မည့် ယခု လှုပ်ရှားမှုသည် တိုင်းအတွင်းရှိ အဓိက နိုင်ငံရေးပါတီအချို့ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလာခြင်းဖြစ်သည်။

တာဝန်တစ်ခုအနေနှင့်အစိုးရက လုပ်ဆောင်ရမည့် လျှပ်စစ်ကဲ့သို့သော အခြေခံ အဆောက်အဦ မလုံလောက်သော အခါ နောက်ဆုံး လူထုကိုယ်တိုင်ပါဝင် ဆန္ဒပြမည့် အခြေအနေရောက်သွားသည်။

“ဆန္ဒပြသင့်တယ်လို့ ထင်တယ်။ တကယ်ပြတဲ့အခါမှာလည်း ၀င်ပါမယ်။ သူတို့လည်းတစိုက်မတ်မတ်လုပ်မယ်။ လူတွေ အားလုံးလည်း ပါဝင်လာမယ်ဆိုရင် ရမယ်လို့ ယုံတယ်”ဟု ထားဝယ်မြို့ တလိုင်းမရပ်ကွက်နေ ကိုမျိုးက ဆိုသည်။

ထားဝယ်မြို့ ဘုမ္မော်ရပ်၊ စောမိညိုဘုရားလမ်းနံဘေးကမြေကွက်တွင်လူစစုမည်၊ ကျန်းမာရေးလမ်းအတိုင်း ကြက်စားပြင်ရပ်ကွက် မီးသုံးလုံးလမ်းဆုံ၊ ထိုမှတဆင့် ဗိုလ်ချုပ်လမ်းအတိုင်း မြိတ်တန်းလမ်းဆုံး၊ ယင်းမှ တဆင့် နိဗ္ဗာန်လမ်းအတိုင်းဥတ္တံတားကြီးလမ်းဆုံ၊ ရေးလမ်းအတိုင်းမီးသတ်လမ်းဆုံ၊ နောက်ဆုံး ရွှေဝယ်သီရီ အားကစားကွင်းခရီးစဉ်ဆုံးပြီးမည်။

ရက်ချိန်းက ဇန်န၀ါရီ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲ။ ဓာတ်ငွေ့ပုံပေါ်တွင်ထိုင်ရင်း တိုင်းပြည်အခြားနေရာများထက် အဆ ဆယ်ချီပေးနေရသော တောင်ပိုင်းသားတို့ လျှပ်စစ်တိုက်ပွဲခေါ်သံ စလေပြီ။

 

တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီ(ထားဝယ်)
၁။ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်(ထားဝယ်ခရိုင်)

၂။ ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)

၃။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ထားဝယ်)

၎။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ရေဖြူ)
၅။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(လောင်းလုံး)
၆။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(သရက်ချောင်း)
၇။ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့
၈။ တာကပေါ
၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ
၁၀။ ထားဝယ်လူငယ်မိတ်သဟာယ
၁၁။ ထားဝယ်သုတေသနအသင်း
၁၂။ ထားဝယ်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
၁၃။ ထားဝယ်လယ်သမားသမဂ္ဂ
၁၄။ ထားဝယ်ရှေ့နေများအဖွဲ့
၁၅။ လူထုအခြေပြု ရေရှည်တည်တံ့ခိုင်မြဲရေးအဖွဲ့
၁၆။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ထားဝယ်ခရိုင်)
`၁၇။ ထားဝယ်တက်ကြွလူငယ်
၁၈။ ထားဝယ်လူငယ်အစည်းအရုံး