တနင်္သာရီတိုင်း ၀န်ကြီးအိမ်ယာနောက် မြေဈေး နှစ်ဆနီးပါးတက်

0
829

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြို့ပြစီမံကိန်း ၀န်ကြီးအိမ်ယာအနောက်ဘက် လမ်းမနဘေးရှိ မြေတစ်ကွက် ဈေးနှုန်းမှာ ပြီးခဲ့သည့် နှစ်ဝက်ထက် ဈေးနှစ်ဆတက်သွားကြောင်း မြေရောင်းဝယ်အကျိုးဆောင်နှင့် လယ်သမားများက ပြောကြားသည်။

၂၀၁၄ ခုနှစ် နှစ်လယ်ဝန်းကျင်က လမ်းမကြီးနဘေးရှိ မြေကွက်များသည် ကျပ်သိန်း ၁၅၀ ကျော် ပေါက်ဈေးရှိပြီး လမ်းသွယ်များတွင် ကျပ်သိန်း ၇၀၊ ၈၀ ပေါက်ဈေး ရှိခဲ့သည်။

လက်ရှိတွင် လမ်းမကြီးနဘေးတွင် ကျပ် သိန်း ၂၂၀မှ သိန်း၂၆၀ အထိ၊ လမ်းသွယ်ရှိ မြေကွက်တစ်ကွက်လျှင် သိန်း ၁၂၀မှ ၁၆၀ သိန်းအထိ အသီးသီး ပေါက်ဈေးဖြင့် ရောင်းဝယ်နေကြကြောင်း မြေရောင်းဝယ် အကျိုးဆောင်နှင့် လယ်သမားများက ပြောဆိုသည်။

မြို့ပြ စီမံကိန်း အကောင်အထည်ဖော်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် လယ်သမားများအား အစားထိုးမြေကွက်များ ချထားပေးပြီး စီမံကိန်း အကောင်အထည်ပေါ်လာချိန်နှင့် သိမ်းဆည်းခံ လယ်သမားများ၏ ကန့်ကွက်မှု အားပျော့လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“လမ်းမကြီးနဘေး လမ်းဆုံထောင့်မြေကွက်ဆို သိန်း၃၀၀ခေါ် ဈေးရှိတယ်၊ ဈေးထပ်တက်လာမယ်သိထားလို့ မရောင်းဘဲ ထားထားကြတယ်”ဟု ယင်းလမ်းမကြီးအနီး မြေကွက်ယူထားသော လယ်သမားတစ်ဦးက ဆိုသည်။

အဆိုပါလမ်းမနှင့် ဆက်သွယ်ထားသည့် ကမ်းနားလမ်းမကြီး ကွန်ကရစ်လမ်းခင်းပြီးသည့်ချိန်တွင် မြေကွက်ဈေးနှုန်းများ ပိုမိုကောင်းလာနိုင်၍ အချို့မြေကွက်များမှာ မရောင်းတော့ဘဲ့ အခြေအနေစောင့်ကြည့်လျက်ရှိကြသည်ဟု လယ်သမားတချို့ ထံမှ သိရသည်။

“မြေရောင်းဝယ်ကတော့ ပါးပါးပါပဲ၊ တအားကြီး ရောင်းဝယ်ဖြစ်နေတာတော့ မဟုတ်ဘူး”ဟု မြေရောင်းဝယ်အကျိုးဆောင် သူတစ်ဦးက ဆိုသည်။

အဆိုပါ မြို့ပြ စီမံကိန်း အကောင်အထည်ဖော်မှုကြောင့် သိမ်းဆည်းခံ လယ်သမားများနှင့် ထိပ်တိုက်တွေ့မှုပေါင်းများစွာဖြစ်ဖူးပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဖြစ်သည့် ထိပ်တိုက်တွေ့မှုကြောင့် အစိုးရမှ သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်မှုကို တားမြစ်သည်ဟု ဆိုကာ လယ်သမား ၁၉ဦးကို တရားစွဲခဲ့ပြီး ထားဝယ်မြို့နယ် တရားရုံးက ဇူလိုင်လ ၁၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လနှင့် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်နှင့် ငွေဒဏ်များ စသဖြင့် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။