အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် ထားဝယ်တွင် ဆန္ဒပြမည်

0
831

အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ပေးရန် အချက် ၁၁ ချက်တောင်းဆိုသည့် ဆန္ဒပြပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် ထားဝယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ထားဝယ်ခရိုင်)ထံမှ သိရသည်။

ကျောင်းသားများက “သပိတ်တိုက်ပွဲ”ဟု အမည်တပ်ထားသည့် ဆန္ဒပြပွဲ ပထမရက်တွင် ထားဝယ်မြို့ ရွှေတောင်စား စေတီရင်ပြင်တွင် စုဆုံမည်ဖြစ်ပြီး တစ်ရက်လျှင် လမ်းကြောင်း တစ်မျိုးဖြင့် ဆန္ဒပြ ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်တွင် ရက်ပေါင်းမည်မျှ ဆန္ဒပြမည်ကို အတိအကျ မသတ်မှတ်ထားဘဲ မန္တလေးမြို့မှ ချီတက်လာသည့် ကျောင်းသားများ ရန်ကုန်မြို့သို့ ရောက်မည့်အချိန်ကို ချိန်ကာ ရန်ကုန်သို့ သွားရောက် ပူးပေါင်းမည်ဖြစ်ကြောင်း အထက်ပါ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ထားဝယ်ခရိုင်)က ပြောသည်။

၎င်းတို့၏ ဆန္ဒပြပွဲတွင် ကျောင်းသားထုတစ်ရပ်လုံး ပါဝင်ပူးပေါင်းရန်  ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လက်ကမ်းစာများဖြန့်ဝေကာ နှိုးဆော်ခဲ့ကြောင်း သိရသည်။

အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရေး ဆွေးနွေးရန် ဇန်န၀ါရီလ ၁၇ ရက်နေ့နောက်ဆုံးထား အစိုးရကို ရာဇသံပေးထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသဖြင့် သပိတ်ဆင်နွှဲခြင်းဖြစ်သည်။