တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်ရရှိရေး တနင်္သာရီတစ်တိုင်းလုံး ဆန္ဒပြမည်

0
910

လျှပ်စစ် တစ်ယူနစ်နှုန်းထား ကျပ် လေးရာကျော်မှ တစ်ထောင်ကျော်အထိ ပေးဆောင်နေရသည့် တနင်္သာရီတိုင်းဒေသကြီးတွင် တစ်နိုင်ငံလုံးနှင့် တန်းတူနှုန်းထားဖြစ်သည့် လျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်နှုန်းရရှိရေးအတွက် တစ်တိုင်းလုံးတွင်  ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေး ကော်မတီ(ထားဝယ်) ထံမှ သိရသည်။

ထားဝယ်ခရိုင်လူထုပူးပေါင်းပါဝင်မည့် လျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်နှုန်းရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို ထားဝယ်မြို့တွင် လာမည့် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကနဦးပြုလုပ်မည်ဖြစ်ပြီး မြိတ်နှင့် ကော်သောင်းခရိုင်များတွင် ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

“တစ်တိုင်းလုံးလွှမ်းခြုံပြီးလုပ်မယ့်ကိစ္စပါ။ ထားဝယ်ခရိုင်အနေနဲ့ အမြန်ဆုံးစပြီးလုပ်ဖြစ်တာပါ” ဟု တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီ (ထားဝယ်) မှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်သက်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ မဟာဓာတ်အားလိုင်းအမြန်ဆုံးရောက်ရှိစေရန်နှင့် လျှပ်စစ်မီး တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် အမြန်ဆုံးရရှိစေရန် ရည်ရွယ်၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ထားဝယ်တွင် ပြုလုပ်မည့်ဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ငါးရာခန့်ပါဝင်မည်ဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

တိုင်းဒေသကြီးတစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်ခြင်းအပြင် တိုင်းဒေသကြီးအစိုးရနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်အရပ်ရပ်တွင်ရောက်ရှိနေကြသည့် တနင်္သာရီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များအား လျှပ်စစ်ဓာတ်အားရရှိရေး အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများလုပ်ဆောင်ပေးရန် စည်းရုံးခြင်း၊ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဗြုန်းစားကြီးဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့သိပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာရမှာလဲ ဆိုတဲ့ သူတို့တွေရဲ့ ကတိက၀တ်ကိုလိုချင်တာပါ”  ဟု ဦးကျော်ကျော်သက်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ကြီးများတွင် ဒီဇင်ဘာလလယ်အတွင်းက တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီး စတင်ရရှိနေပြီဖြစ်ပြီး ယေဘုယျအားဖြင့် ယခုလအတွင်း ခရိုင်မြို့များဖြစ်သော ထားဝယ်မြို့တွင် လျှပ်စစ် တစ်ယူနစ် ၃၈၀ ကျပ်၊ မြိတ်တွင် တစ်ယူနစ် ၃၇၀၊ ကော့သောင်းတွင် ၃၅၀ ကျပ် အသီးသီး ကျသင့်လျက်ရှိသည်။

မြို့နယ်များတွင်မူ နေရာအပေါ်မူတည်၍ တစ်ယူနစ် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိရှိသည်။

ယခင်က တနင်္သာရီသယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီသည် ၃၅ ကျပ်နှုန်းဖြင့်လျှပ်စစ်မီးရရှိရေး လက်မှတ် သုံးသိန်းစုဆောင်းကာ တောင်းဆိုမည့်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ဖူးပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက လျှပ်စစ်တစ်ယူနစ်ကို ၃၀၀ ကျပ်နှုန်းဖြင့် ၂၀၁၄ ဒီဇင်ဘာလ တွင် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည့်အတွက် ယင်းလှုပ်ရှားမှုကို ရပ်နားခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရက ကတိပေးထားသည့်  ယင်းအစီအစဉ် လက်ရှိအချိန်အထိ ဖြစ်မလာသည့်အတွက် တနင်္သာရီသယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီမှ ယခုကဲ့သို့ လှုပ်ရှားမှုများကို ပြန်လည်စတင်လာခြင်းဖြစ်သည်။

ယင်းကော်မတီ (ထားဝယ်) တွင် ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)၊ ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီနှစ်ခု နှင့် ထားဝယ်ခရိုင် အတွင်းမှ မြို့နယ်အလိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ထားဝယ်ဖွံဖြိုးရေးအဖွဲ့ (DDA) စသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၆ ခုပါဝင်သည်။

 

တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီ(ထားဝယ်) တွင် ပါဝင်သော အဖွဲ့များ 

 

၁။ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်(ထားဝယ်ခရိုင်)

၂။ ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)

၃။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ထားဝယ်)

၎။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ရေဖြူ)

၅။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(လောင်းလုံး)

၆။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(သရက်ချောင်း)

၇။ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့

၈။ တာကပေါ

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ

၁၀။ ထားဝယ်လူငယ်မိတ်သဟာယ

၁၁။ ထားဝယ်သုတေသနအသင်း

၁၂။ ထားဝယ်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့

၁၃။ ထားဝယ်လယ်သမားသမဂ္ဂ

၁၄။ ထားဝယ်ရှေ့နေများအဖွဲ့

၁၅။ လူထုအခြေပြု ရေရှည်တည်တံ့ခိုင်မြဲရေးအဖွဲ့

၁၆။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ထားဝယ်ခရိုင်)

၁၇။ ထားဝယ်တက်ကြွလူငယ်

၁၈။ ထားဝယ်လူငယ်အစည်းအရုံး