ထားဝယ်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါကြောင့် သောက်ရေသန့် ၆ မျိုးကို စစ်ဆေး

0
825

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သောကြောင့် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် သောက်သုံးနေသော သောက်ရေသန့် ၆ မျိုးကို စစ်ဆေးရန် မြို့နယ် ကျန်းမာရေး ဦးစီးဌာနသို့ ပေးပို့ထားကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရေကြောင့် ဖြစ်ပွားသည်ဟု ကျန်းမာရေးဌာနက
အကြမ်းပြင်းယူဆ၍  ရောဂါအများဆုံးဖြစ်ပွားခဲ့သော ကြက်စားပြင်ရပ်ကွက်အတွင်း လာရောက် ရောင်းချလျှက်ရှိသော အထက်ပါ သောက်ရေသန့်များကို စစ်ဆေးနိုင်ရန် ၂၀ လီတာ ရေသန့်ဗူး ၆ လုံးကို ယခုလဆန်းက ပေးပို့ခဲ့ကြောင်း ကြက်စားပြင်ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးကပြောဆိုသည်။

ရပ်ကွက်အတွင်း နေထိုင်သူအများစုသည် ရေသန့်ဗူးကိုသာ ၀ယ်ယူသောက်သုံးသူ များဖြစ်၍ ထိုသို့ ပေးပို့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဘယ်ရေက သောက်သင့် မသင့်ကျန်းမာရေးဌာနက အဖြေထွက်လာရင်ကြေညာပေးသွားမယ်”ဟု ဦးအောင်နိုင်ဦး ကဆိုသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ထားဝယ်အထွေထွေရောဂါကုဆေးရုံ သို့၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ မှ ၂၆ ရက်နေ့အတွင်း တနေ့လျှင် ပျမ်းမျှ ၁၀ ဦးမှ

၁၅ ဦးခန့် တက်ရောက်လာကြပြီး ရောဂါဖြစ်ပွား သူထက်ဝက်ခန့်မှာ ကြက်စားပြင်ရပ်ကွက်မှ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဌာနသို့ စစ်ဆေးရန်ပေးပို့ထားသော ရေသန့် ၆ မျိုးမှာ သမီးငယ်၊ မြနဒီ၊ ROYAL၊ ပွင့်သစ်၊ မြင့်မိုရ်ဦး၊ ATD တံဆိပ် သောက်ရေ ရေသန့်များဖြစ်သည်ဟု ဦးအောင်နိုင်ဦးထံမှ သိရသည်။

ထားဝယ်မြစ်ကမ်းနဘးတွင်တည်ရှိသော ကြက်စားပြင်ရပ်ကွက်အတွင်း သုံးရေကို ရေပိုက်ဖြင့်သွယ်တန်းကာ စည်ပင်သာယာရေးဌာနမှ လုပ်ငန်း ၁ ခု နှင့် ပုဂ္ဂိုလ်မှ လုပ်ငန်း ၂ခုတို့ဖြင့် အသီးသီးဖြန့်ဝေနေပြီး ထားဝယ်မြို့ အနှံ့လှည့်လည်ရောင်းချသည့် ရေကားများထံမှ ရေးများဝယ်ယူကာ ထမင်းဟင်းချက်ပြုတ်

ခြင်း၊ တကိုယ်ရေသန့်ရှင်းရေအတွက် သုံးစွဲခြင်းတို့ကို လုပ်ဆောင်ကြောင်း  ရပ်ကွက်အတွင်းနေ ထိုင်သူများက ပြောဆိုသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒီဇင်ဘာလအတွင်း ကြက်စားပြင်ရပ်ကွက်မှ ၄၂ ဦး ဆေးရုံတက်ရောက် ကုသခဲ့ရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။