သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၄)

0
3568
ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေသော မင်းသမီးခစန်းက ရဲဘော်ဟောင်းများကို တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၃)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၆၄-

(၁) ဒုက္ခသည်ဖြစ်ခွင့်ရရေးက သူပုန်ဖြစ်ခွင့်ရရေးထက် ပိုခက်သလား

ဒီလိုနဲ့ ထန်းဟင်ဒုက္ခသည်စခန်းရှိ ရဲဘော်တွေကို ဘန်ကောက်မြို့ဆီ ချောမောစွာခေါ်ယူရေးနဲ့ ပတ်သက်ပြီး ထန်းဟင်-တဂိုလမ်း-ဘန်းပုံ-ရတ်ချပူရီ-ဘန်ကောက် ခရီးစဉ် ရေးဆွဲရေးတာဝန်ဟာ နယ်မြေကျွမ်းသူလို့ ထန်းပင်တက် လက်မှတ်ရထားတဲ့ ကျနော်အပေါ် ကျလာပြန်ပါတယ်။

ဒါကြောင့် ဘန်ကောက်ကနေ နယ်စပ်ကို ပြန်ဆင်းပြီး တဂိုလမ်းက ထိုင်း-ကရင် ရွာသားတွေကို စည်းရုံး၊ သူတို့အိမ်တွေမှာ ကျနော်တို့မိသားစုတွေကို စခန်းထောက်အဖြစ် တညတာ တည်းခိုခွင့်ပေးအောင် ကြိုးစားရပါတယ်။

ပြီးတော့မှ အုပ်စုတခုကို (၄)- ဦးစီလောက်ခွဲပြီး ထန်းဟင်စခန်းထဲကနေ ညနေပိုင်းတွေမှာ ခိုးထွက်၊ တဂိုလမ်းရွာမှာ တညအိပ်၊ မနက်စောစော ဘတ်စကားနဲ့ တဂိုလန်း-ဘန်းပုံ-ရတ်ချပူရီ-ဘန်ကောက်ကို အဆင့်ဆင့် သယ်ယူရပါတယ်။ ကံကောင်းထောက်မစွာနဲ့ လူဦးရေ (၅၀)- ကျော်လောက်ဟာ တဦးမှ အဖမ်းအဖမ်းမခံရပဲ တလကျော် ကာလအတွင်း ဘန်ကောက်ကို ရောက်လာကြပါတယ်။

ကျနော်တို့ရဲ့ စည်းရုံးရေးစွမ်းအား ဘယ်လောက်အထိ ကောင်းသလဲဆိုရင် ကျနော်တို့ မိသားစုတွေကို ညအိပ်လက်ခံခဲ့တဲ့ တဂိုလမ်းရွာက ကရင်မိသားစုတခုလုံး သူတို့ကိုယ်ပိုင်အိမ်ကိုပါ စွန့်ခွာထားခဲ့ပြီး ကျောင်းသားတွေနဲ့အတူ ဘန်ကောက်တက် ဒုက္ခသည်လျှောက်လိုက်တာ အားလုံးအောင်ပြီး တတိယနိုင်ငံတခုဆီ ရောက်သွားတဲ့အထိပါပဲ။

နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေနဲ့ ဝေးနေတဲ့ သာမန်ပြည်သူအများစုအဖို့ ဒုက္ခသည်ဆိုတာ အမည်အားဖြင့် သိပ်မမိုက်ဘူးလို့ ထင်နိုင်ပေမယ့် ဒုက္ခသည်ဖြစ်ခွင့်ရဖို့ဆိုတာ သိပ်မလွယ်လှပါ။ သတ်မှတ် အရည်အချင်းနဲ့ပြည့်မှ ရနိုင်တာမို့ လနဲ့ချီပြီး၊ တချို့ဆို နှစ်နဲ့ချီပြီး အတော်ကြိုးစားရပါတယ်။

အပြောမတတ်လို့၊  အချက်လက် မခိုင်လုံလို့၊ အခုချိန်အထိ ဒုက္ခသည် ဖြစ်ခွင့်မရပဲ ဘန်ကောက်၊ မဲဆောက်နဲ့ နယ်စပ်မှာ ကျန်နေသူတချို့ကို ကျနော်တွေ့နေရဆဲ ဖြစ်ပါတယ်။

အဲဒီကာလက နိုင်ငံရေးဒုက္ခသည် ဖြစ်ချင်တဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေဟာ ABSDF တပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့အကြောင်း ကျောင်းသားတပ်က နှုတ်ထွက်စာ၊ ပြီးတော့ သက်သေခံအဖြစ် တောထဲက ဓာတ်ပုံ တပုံစ၊ နှစ်ပုံစ။ နောက်တခါ ဘာကြောင့် ဒုက္ခသည်လျှောက်ရတယ်ဆိုတဲ့အကြောင်း ပြချက်လျောက်လွှာနဲ့ မြန်မာနိုင်ငံကို ပြန်ရင် အဖမ်းခံရနိုင်တဲ့ အကြောင်း၊ နိုင်ငံရေးဖြတ်သန်းမှု ကိုယ်ရေးအကျဉ်း စတာတွေကို တင်ပြရပါတယ်။

အဲဒီ စာတွေမရင်ခင် ဘန်ကောက်ကို ရောက်ကတည်းက ရုံးလေးလို့ခေါ်ကြတဲ့ စူထိစန်ဖက်က UNHCR ရုံးခွဲမှာ ဒုက္ခသည်လျှောက်ဖို့ စာရင်းအရင် ပေးထားရပါတယ်။ အဲဒီရုံးကနေ ရုံးချိန်းရက်ရတဲ့အခါမှာတော့ ထိုင်းအစိုးရအိမ်တော်နဲ့ သိပ်မဝေးတဲ့အရပ်ရှိ UNHCR ရုံးကြီးဆီသွားပြီး လူတွေ့မေးမြန်းမှုကို ခံယူရပါတယ်။

အဲဒီအချိန်မှာ ခုနက အောက်ပါ အရည်ချင်းနဲ့ ကိုက်ညီကြောင်းပြတဲ့ စာရွက်စာတန်အားလုံး ယူသွားဖို့လိုပြီး သူတို့မေးတာတွေကိုလည်း ကောင်းကောင်းမွန်မွန် ဖြေတတ်ဖို့လိုပါတယ်။

ကျနော်နဲ့ စကားပြောဖူးတဲ့ ရဲဘော်ဟောင်းတွေထဲမှာ ဆယ်နှစ်ဆယ်မိုး တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF တပ်ဖွဲ့ဝင် ကိုယ်ပိုင်နံပါတ်ကို မေ့နေသူတချို့ တွေ့ရပေမဲ့ NI လို့ခေါ်တဲ့ ဒုက္ခသည်အောင်လက်မှတ် နံပါတ်ကိုတော့ ရဲဘော်ဟောင်း အားလုံးနီးပါး အလွတ်ရနေတာကို ထူးထူးခြားခြားတွေ့ရပါတယ်။

အဲဒါအောင်ပြီး သွားရင်တော့ တလအတွက် ထောက်ပံ့ငွေ ဘတ် (၂၅၀၀)- စီရပြီး UNHCR လက်မှတ်နဲ့ ဈေးပေါတဲ့ အိမ်ခန်းတွေကို စုပေါင်းငှားရမ်း နေထိုင်ကြပါတယ်။ အများစုဟာ အသွားအလာ လွယ်ကူတဲ့ ရုံးလေးဝန်းကျင်၊ နောက် ဈေးပေါတဲ့ ဘန်းကပိ၊ ရမ်ဂဟမ်ဝန်းကျင်၊ ကျောက်ဖရာမြစ်ဝက ကျုးကျော်ရပ်ကွက်လို နေရာမျိုးတွေမှာ နေကြတာကို တွေ့ခဲ့ရပါတယ်။

အဲဒီလို နှစ်နဲ့ချီ၊ တချို့ဆို ဆယ်စုနှစ်နဲ့ ချီနေပြီးမှ ရတ်ချပူရီရှိ မနီလွိုင် ကျောင်းသားဒုက္ခသည်စခန်းဆီ ဝင်ခွင့်ရပြီး သက်ဆိုင်ရာ တတိယ နိုင်ငံတခုခုရဲ့ သံရုံး အင်တာဗျုးကိုစောင့်၊ အဲဒီအင်တာဗျုး အောင်ပြီးမှ တတိယနိုင်ငံဆီ ထွက်ခွင့်ရတာပါ။

ဒါဟာ (၁၉၉၈-၉၉) ဝန်းကျင်က အခြေနေကိုပြောတာပါ။ အဲဒီအချိန်အထိ မနီလွိုင်စခန်းက နိုင်ငံရေးဒုက္ခသည်လောက်ကိုပဲ တတိယနိုင်ငံတွေက ခေါ်ယူပြီး နယ်စပ်ဒုက္ခသည် စခန်းတွေက စစ်ပြေးဒုက္ခသည်တွေကို ခေါ်ယူခြင်း မရှိသေးပါ။

——–

ဘန်ကောက် ချောင်ဖရာမြစ်ကမ်းဘေးမှာ ကျင်းပတဲ့ အမှတ်(၁) တပ်ရင်း ကျဆုံးရဲဘော်များအတွက်အလှူပွဲအပြီးတွေ့ရတဲ့ ကိုအောင်မျိုးမင်းနှင့် ရဲဘော်ဟောင်းများ။

(၂) ဒုက္ခသည်လျှောက်တာ အပြစ်ရှိသလား

အခုချိန်မှာ ABSDF တပ်ဖွဲ့ဝင်အများစု တတိယ-နိုင်ငံတွေဆီ ရောက်နေကြပြီဖြစ်လို့ ဒုက္ခသည်အရေးဟာ အထူးအဆန်း မဟုတ်တော့သလို ဖြစ်နေပေမယ့်လည်း အဲဒီကာလ (၁၉၉၈-၉၉ ဝန်းကျင်) ကတော့ ဒုက္ခသည်လျှောက်တာဟာ တကယ့်စွန့်စားမှုကြီးတခုပါ။

ABSDF ဗဟိုမှာ အဲဒီအချိန်အထိ ဒုက္ခသည်ဆိုင်ရာ မူဝါဒ မရှိသေးပါ။ ဒုက္ခသည် လျှောက်သူတွေကို သူရဲဘောကြောင်သူ လိုလို၊ ထွက်ပြေးရေးဝါဒီ လိုလို၊ အချောင်သမား လိုလို၊ တကိုယ်တော် ထွက်ပေါက်ရှာသူ လိုလို စသဖြင့် အမြင်တွေ စောင်းနေဆဲဖြစ်ပါတယ်။

အဲဒီလို တိကျတဲ့ မူဝါဒမရှိသေးတဲ့အချိန်မှာ ကျနော်တို့ တပ်ရင်း-(၁) တာဝန်ရှိသူတွေက ဒုက္ခသည်စခန်းထဲက ရဲဘော်မိသားစုတွေကို တောထဲပြန်ပို့ပြီး စစ်တိုက်ခိုင်းရမယ့်အစား ဘန်ကောက်ကိုခေါ်ပြီး ဒုက္ခသည်လျှောက်ပေးတဲ့ ကိစ္စဟာ ABSDF ရဲ့ တည်ဆဲမူဝါဒကို ချိုးဖောက်ရာကျတယ်ဆိုတဲ့ စွပ်စွဲချက်က ကျနော်တို့ခေါင်းပေါ် ကျလာပါလေရော။

ဒီအတွက် အဓိက စစ်ဆေးခံရသူ (၂)-ဦးကတော့ တပ်ထွက်ရဲဘော်တွေကို နှုတ်ထွက်စာရေးပေးဖို့ တာဝန်ယူရတဲ့ တောင်ပိုင်းဒေသတာဝန်ခံ ကိုမင်းအောင်နဲ့ တပ်ရင်း-(၁) ဒုရင်းမှူး ဆရာအောင်မြင့်တို့ ဖြစ်ပါတယ်။ သူတို့ ၂- ဦးဟာ ကျနော်နဲ့အတူ ဘန်းကပိရုံးမှာ တည်းခိုနေသူတွေဖြစ်ပြီး တောထဲကထွက်လာတဲ့ ဒါဇင်နဲ့ချီရှိတဲ့ ရဲဘော်တွေလည်း တခြားဘယ်နေရာကို သွားရမှန်း မသိခင်မှာ ဒီရုံးမှာပဲ သောင်တင်နေကြပါတယ်။

အဲဒီကာလ ကျနော်တို့ရုံး အခြေအနေကို ပြောရမယ်ဆိုရင် တိုက်ပွဲမှာ ဒဏ်ရာရလို့ မသန်စွမ်းဖြစ်သွားတဲ့ ကိုရန်ကျော်အောင်နဲ့ ကိုတင်စိုးတို့က အမြဲတမ်း နေထိုင်ခွင့်ရထားသူတွေဖြစ်ပြီး ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ နယ်စပ်ကနေ ဘန်ကောက်ရောက်စဉ် ခဏတည်းခိုသူတွေ ဖြစ်ပါတယ်။

ခဏတည်းတယ်ဆိုပေမယ့် တပတ်ဆယ်ရက်မက ကြာတတ်တာကြောင့် (၁၀) ပေ၊ (၁၅) ပေ ပတ်လည်လောက်သာကျယ်တဲ့ ရုံးခန်းထဲမှာ တခါတရံ လူ ၂၀ ကျော်အထိ ရှိနေတတ်ပါတယ်။ ဒါကြောင့် ရတ်ချပူရီက အချုပ်ခန်းနီးနီး လူတွေများပြီး ပူအိုက်-နံစော်၊ ယာစင်းဆေးလိပ်နံ့ညှော် ဖြစ်လာပါတယ်။

လူများလွန်း၊ စကားများလွန်းတဲ့အတွက် ဒီအသံတွေကို ဘေးအိမ်တွေက မကြားအောင် (အသံဆူလို့ ဘေးအိမ်ကတိုင်ရင် ရဲ ဝင်ဖမ်းမှာစိုးလို့) ဆိုပြီး တံခါးတွေကို အသေပိတ်ထားတော့ အခြေအနေက ပိုဆိုးစေပါတယ်။

အဲကွန်းကလည်း မရှိ၊ ပန်ကာလည်း လက်ပန်းကျဆိုသလို လူ (၁၀)- ယောက်မှာ ပန်ကာ တလုံးနှုန်းတောင် ဆင်ပေးမထားနိုင်ပါဘူး။ တခါ ရုံးအတွင်း လူအဝင်အထွက် များလွန်းတဲ့အတွက် ဘေးပတ်လည် ထိုင်းအိမ်တွေက ကျနော်တို့ကို လူပွဲစားတွေလားလို့တောင် သံသယဝင်လာကြလို့ မနည်း ရှင်းပြနေရပါတယ်။

နောက်ပိုင်းမှာတော့ ရှေ့မှာတင်ပြခဲ့ဖူးတဲ့ တပ်ရင်း (၁) တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်မျိုးမင်းက ဒီရုံးနဲ့သိပ်မဝေးတဲ့ လပလောင်ဆွိုင် (၁၀၁) ထဲမှာ အခန်းတခုငှားပြီး ရဲဘော်တွေကို လက်ခံပေးတဲ့အတွက် အတော်အဆင်ပြေသွားပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ (၁၉၉၇) ကနေ (၁၉၉၉) အစောပိုင်းကာလအတွင်း တပ်ရင်း-(၁) က တပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေ အတော်များများကို ဒုက္ခသည်လျှောက်နိုင်ဖို့ ဒီရုံးက ကူညီနိုင်ခဲ့တယ် ဆိုပါတော့။ ဒီလိုကူညီမိတဲ့အတွက် တပ်ရင်း (၁) တာဝန်ခံ ကိုမင်းအောင်နဲ့ ဆရာအောင်မြင့်တို့ကို ”တပ်ရင်းဖြိုခွဲမှု” ဆို တဲ့ခေါင်းစဉ်ကြီးနဲ့ ဗဟိုကလာတဲ့ အထူးကော်မရှင်တခုက လာစစ်ဆေးတဲ့သဘောပါ။

သွေးပူနေစဉ် အဲဒီကာလကတော့ ဒုက္ခသည် လျှောက်တာ မှားသလား၊ မှန်သလား။ တော်လှန်ရေးကို သစ္စာဖောက်တာလား၊ အချောင်သမားတွေလား စသည်ဖြင့် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ငြင်းလိုက်ခုံလိုက်ကြတာ ထထိုးတော့မယ့်အတိုင်း၊ ခိုက်ရန်ဖြစ်ပွားမတတ်ပေါ့။

အခု ဆယ်စုနှစ်တခုစာမက ကြာပြီးသွားတဲ့အခါမှာတော့ ဒုက္ခသည် လျှောက်လွှာရေးပေးမှုအတွက် အပြစ်ရှိတယ်လို့ စွပ်စွဲခံခဲ့ရသူ ဆရာအောင်မြင့်က နယ်စပ်မှာရှိနေဆဲ (၂၀၁၃ ဦးသိန်းစိန်ခေတ်မှာ ပြည်တော်ပြန်ဝင်၊ ၂၀၂၁- စကစ ခေတ်မှာ ကိုဗစ်နဲ့ကွယ်လွန်) ဖြစ်တာကိုတွေ့ရပါတယ်။

ဒါပေမယ့် စာအုပ်ကြီးအတိုင်းကိုင်ပြီး ဆရာအောင်မြင့်တိုကို အပြစ်ရှိတယ်လို့ လာရောက်စစ်ဆေးတဲ့ ဗဟိုကော်မရှင်အဖွဲ့ဝင် ဗဟိုကော်မီတီဝင်တွေ ကိုယ်တိုင်ကတော့ ဒုက္ခသည်လျှောက်ပြီး တတိယ-နိုင်ငံဆီ ထွက်သွားလိုက်တာ အခုဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားတွေတောင် ဖြစ်နေကြပြီဆိုတာကို သိခဲ့ရပါတယ်။

ဒီလိုပြောလိုက်လို့ ကျောင်းသားတွေအားလုံး တတိယနိုင်ငံဆီ ထွက်ကုန်ကြပြီလို့တော့ မထင်လိုက်ပါနဲ့။ အခုချိန်အထိ ဆက်လက် တိုက်ပွဲဝင်နေသူတွေလည်း ရာနဲ့ချီ ရှိနေဆဲဖြစ်ပါတယ်။

မနီလွိုင်ကျောင်းသားစခန်းမှာတွေ့ရတဲ့ မင်းသမီးခစန်းက ABSDF ရဲဘော်ဟောင်းများ။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၅) >>>>>

ထက်အောင်ကျော်