အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

0
1010

အပိုင်း – ၅

၂၀၂၂ ခုနှစ် ၊ ဇွန်လ။

လောင်းလုံးမြို့နယ်ထဲရှိ ကားလမ်းမ တစ်နေရာမှ အနီရောင်သမဂ္ဂခွပ်ဒေါင်းအလံတော်။

၎င်းအလံတော်နှင့် အပေါင်းအပါတော်လှန်ရေးအလံများ၏ အနောက်တွင် စူးစိုက်စွာ ရပ်နေသည့် လူငယ်များ ။ မိမိကို ချိန်ရွယ် ထားသည့် ဖုန်းကင်မရာဘက်ကို မျက်နှာမူ၍ နက်ရှိုင်းသည့်စိတ်ခံစားမှုကို ကျယ်လောင်စွာ အန်ထုတ်လိုက်သည့် အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်း….။

“The revolution of the people, by the people, for the people, shall not perish from this earth…..! ”

မိန့်ခွန်းကို အဆုံးသတ်မည့် ကြွေးကြော်သံတစ်ခု သူ့ခေါင်းထဲ ရောက်လာသည်။ စစ်အာဏာသိမ်းပြီးနောက် အစောပိုင်းကာလ အင်တာနက်ဖြတ်တောက်ခံထားရချိန်တွင် လောင်းလုံးမြို့နယ်အတွင်း သူ ဦးစီးထုတ်ဝေခဲ့သည့် THE REVOLUTION စာစဉ် မျက်နှာဖုံးတွင် သူ အမြဲဖော်ပြခဲ့သည့် ကြွေးကြော်သံ။

“DEMOCRACY MUST PREVAIL….!!!!!!!!!!!”

လမ်းလယ်ခေါင်တွင် အာခေါင်ခြစ်အော်ရင်း သူ့ မိန့်ခွန်းကို အဆုံးသတ်လိုက်သည်။

ထိုတစ်ရက်တာအတွက် သပိတ်လှုပ်ရှားမှုပြီးဆုံး၍ ခိုလှုံရာအိမ်သို့ ပြန်ရောက်တော့ သူ့အိပ်ရာဘေးရှိ ကတ်ထူစက္ကူပုံးထဲမှ စာအုပ်များကို မြတ်နိုးစွာ ကြည့်နေမိသည်။

အာဏာသိမ်းပြီးကတည်းက တက္ကသိုလ်ပညာရေးနှင့် ဝေးခဲ့ရသည့် သူ့အဖို့ အနှီကတ်ထူစက္ကူပုံးသည်သာ သူ၏ ကိုယ်ပိုင်အနီးကပ်တက္ကသိုလ် ဖြစ်ခဲ့သည်။ သပိတ်လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကိစ္စဝိစ္စများမှ အားလပ်သည့် အချိန်များတွင် စာအုပ်တွေ ဖတ်ရင်း သူ့ကိုယ်သူ စာပြန်သင်ခဲ့ရသည်။

လူဖြစ်လာသည့် တခဏတွင် စာဖတ်ဝါသနာ စွဲကပ်လာခဲ့ပြီးသည့်နောက် မသေခင် တက္ကသိုလ်စစ်စစ်တွင် ပညာသင်ကြားလိုသည့် အိပ်မက်မှာ လက်တွေ့ဘဝ အမှောင်ထဲတွင် နစ်နေဆဲ…။

မြန်မာပြည်မှ တက္ကသိုလ်ပညာရေးစနစ်ကို သူ စိတ်နာခဲ့သည်။ တက္ကသိုလ်တွင် အချိန်အများစုကို စာအုပ်တွေ ဖတ်ရင်း ကုန်ဆုံးခဲ့သည်။ သို့စေကာမူ သူ ခဏတာ ရှုရှိုက်ခွင့်ရလိုက်သည့် တက္ကသိုလ်ရနံ့ကို စွဲလမ်းမိခဲ့သည်။

အာဏာသိမ်းလိုက်သည့်နောက်တွင်ကား သူ တွယ်တာခဲ့သည့် ရန်ကုန်မြို့ပြင်မှ အရည်အသွေးနိမ့် တက္ကသိုလ်လေးမှာ သူ့အဖို့ ပြန်လမ်းမရှိနယ်မြေ ဖြစ်သွားခဲ့သည်။

မိခင်တက္ကသိုလ်ကို သည်တသက် ပြန်မသွားနိုင်တော့…။

သူ့အိပ်ရာဘေးက ကတ္ထူစက္ကူပုံးကပဲ သူ့ကိုယ်ပိုင်တက္ကသိုလ်ဖြစ်လာခဲ့သည်။

တက္ကသိုလ်ကျောင်းသားအရွယ်မို့ သူ့အနေနှင့် အသိပညာကို မိမိဘာသာ စုဆောင်းဆည်းပူးနိုင်သေး၍ တော်သေးသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်မှ ကျောင်းတက်ခွင့်မရသည့် အခြေခံပညာကျောင်းသားကလေးများအဖို့မူ အင်မတန်ဝမ်းနည်းစရာကောင်းလှသည်။ ရင်လေးစရာကောင်းလှသည်။ ရင်နာစရာကောင်းလှသည်။ သုံးခုစလုံး မှန်သည်။

“တိုင်းပြည်၏ အနာဂတ်အတွက် ကလေးများ၏ ပညာရေးမှာ အင်မတန်အရေးကြီးသည်”ဆိုသည့်စကား…။

ဤနိုင်ငံတွင် လူသုံးပါ များလွန်း၍ ဆီသည်မလက်သုတ်လိုပင် ဖြစ်နေပြီ။ တိုင်းပြည်၏ ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့သည့် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများကိုယ်တိုင်ကပင်လျှင် တိုင်းပြည်အနာဂတ်အတွက် လူငယ်မောင်မယ်တို့၏ ပညာရည်မြင့်မားရေး အင်မတန် အရေးကြီးကြောင်းတစ်မျိုး၊ အမျိုးသားပညာရည်မြင့်မားရေး ဦးတည်ကြိုးပမ်းနေပုံ ဆို၍တဖုံ၊ ရှေ့မျက်နှာ နောက်မထားဘဲ ခေတ်အဆက်ဆက် လေဖမ်းဒန်းစီးခဲ့ကြသည်။

မြန်မာပြည် စစ်အာဏာရှင်တော်လှန်ရေး၏ ခုခံတွန်းလှန်စစ် သည် ပြည်တွင်းစစ်အသွင်ဆောင်လာနေပြီ။ အချိန်တော်တော်နှင့် ပြီးမည်မဟုတ်။ အိပဲ့အိပဲ့နှင့် စခန်းသွားနေဦးမည်။ ပြည်သူတို့၏ ဘဝမှာ ဒုက္ခတွင်းထဲ နက်သထက် နက်လာနေပြီ။

စစ်အာဏာသိမ်းမှုက ဖွင့်လှစ်လိုက်သည့် မြန်မာပြည်၏ အမှောင်ဂယ်လာရီမှာ ပိတ်ပွဲအခမ်းအနားနေ့ ရောက်ဖို့ မမြင်သေး။

ကောင်းမွန်သည့် ဘဝကို လိုလားတောင့်တသည့် ပြည်သူတို့၏ ဘဝမှာ ရင်ကွဲစရာကောင်းလောက်အောင်ပင် ဒုက္ခပင်လယ်ထဲ ဆက်မျောနေရအုန်းမည့်ကိန်း ရှိသည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်သမိုင်းကို ပိုင်ဆိုင်ထားသည့် သူ၏ တိုင်းပြည်ဘားမားသည်ကား ဆယ်စုနှစ်ပေါင်းများစွာ အဆိုးကျော့သံသရာ ဝဲဩဃထဲ နစ်မွန်းမျောပါနေခဲ့သည်မှာ ကြာခဲ့ပြီ။

၂၀၂၁ ခုနှစ် ၊ စစ်အာဏာသိမ်းမှုက သူ၏ တိုင်းပြည်ကို “နူရာဝဲစွဲ လဲရာသူခိုးထောင်း”ဘဝသို့ တွန်းပို့လိုက်သည်။

လူငယ်အများအပြားမှာ ပညာသင်ခွင့်မရရှာ…။

တိုင်းပြည်အတွင်းမှ လူ့အဖွဲ့အစည်းမှာ ပျက်စီးရတော့မည့်ကိန်းဆိုက်နေသည်။ သေနတ်သံ ၊ ဗုံးသံတွေနှင့် ပြည်တွင်းစစ်ဒဏ်ရာအနာတရများအကြား ဆုံးရှုံးလိုက်ရသည့် ပညာသင်ယူခွင့်များ။

တိုင်းပြည်အနှံ့ ပညာသင်ခွင့် ဆုံးရှုံးလိုက်ရသည့် အန္တရာယ်သည် အသံတိတ်ကပ်ဆိုးကြီးအနေနှင့် ကျရောက်လျက်ရှိသည်။ အမှောင်ထဲက မျက်ရည်သံအကြား ရှင်သန်ရာ လူ့အဖွဲ့အစည်းမှာ တစစ ပြိုကျရင်း…။

တိုင်းပြည်၏ မျိုးဆက်သစ်များ ပညာမတတ်သည့် ပြဿနာမှာ မြန်မာပြည်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည်။ စာဖတ်အားနည်းသည့်ဒဏ် တိုင်းပြည်ခံရမည်။

ဒါတွေကို သူ တွေးမိတိုင်း စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးအထိ ကျဆင်းသွားတတ်သည်ကို မနည်းအားတင်းပြီး ပြန်ဆွဲတင်ရသည်။ စိတ်ဓာတ်ကျနေ၍ ဘာမှ ထူးလာမည်မှ မဟုတ်ဘဲ….။

မထူးသည့်အပြင် လက်ရှိပစ္စုပ္ပန်တွင် ကိုယ် လုပ်နေရသည့် အလုပ်များကိုပါ အကြီးအကျယ်ထိခိုက်စေသည်။ ဒါကို သူ၏ ဘဝပေးအရှိတရားကနေ သင်ယူခဲ့ရပြီးသား…။

တိုင်းပြည်တွင် တော်လှန်ရေးတစ်ခု ဆင်နွှဲနေသည်။ ငြိမ်းချမ်းညီမျှသော လူ့ဘောင်သစ်ဆီ ချီတက်နိုင်ဖို့ သူ၏ ဦးနှောက်ကို လက်နက်တစ်ခုလို ပြင်ဆင်ထားရမည်။

အကြမ်းမဖက်လှုပ်ရှားမှုဘောင်ထဲမှ နေ၍ အစဉ်တစိုက် လှုပ်ရှားလာခဲ့သူအဖို့ လက်နက်ဆို၍ သူ့ဦးနှောက်ကိုသာ ချွန်မြစူးရှနေအောင် ထက်ထက်သွေးထားဖို့ အားခဲထားသည်။

ဘာသာရပ်တစ်ခုကို သုံးနှစ်ကြာလေ့လာသည့်နည်းဖြင့် ဘာသာရပ်နယ်ပယ်တစ်ခုပြီးတစ်ခုလေ့လာသည့် စီမံခန့်ခွဲမှုနယ်ပယ်မှ ဂုရုကြီး ပီတာ ဒရပ်ကာကို သူ အားကျသည်။ ပီတာဒရပ်ကာနည်းအတိုင်း ဘာသာရပ်ပေါင်းများစွာအနက် သူ အာရုံကျက်စားရာ ဘာသာရပ်တစ်ခုစီကို သုံးလေးနှစ် အချိန်ပေးပြီး တစ်ခုပြီး တစ်ခုလေ့လာဖို့ ဆုံးဖြတ်ထားသည်။

လူမှုသိပ္ပံနယ်ပယ်မှ အရည်အသွေးမြင့် တက္ကသိုလ်ပညာရေးကို ကန္တာရထဲမှ ရေငတ်သူတစ်ယောက်လို ငတ်မွတ်ခဲ့သည်။ သို့သော် စာအုပ်တွေကိုသာ သူ အားကိုးနေရသည်။

စာအုပ်တွေဖတ်ပြီး သူ့ကိုယ်သူ စာပြန်သင်နေရသည်။ စာအုပ်တွေမှာ သူ့ဆရာပင် ဖြစ်သည်။ သူငယ်စဉ်ကလည်း စာအုပ်တွေက သူ့ဆရာ ဖြစ်ခဲ့သည်။ သူ ငယ်စဉ်ကတည်းက စာအုပ်တွေကို အားကိုးရင်း အင်္ဂလိပ်စာကို ဆရာလွတ်လေ့လာခဲ့သည်။

သူ မျက်မှောက်ပြုထားရသည့် လက်ရှိပစ္စုပ္ပန်နေ့ရက်တွေမှာလည်း စာအုပ်တွေကနေ အရာများစွာ သင်ယူရင်း လေကောင်းလေသန့်ကို ကိုးကွယ်နေချင်မိဆဲ….။

မြန်မာပြည် လေထုထဲ ယမ်းနံ့ကင်းပါစေသား အရှင်ဘုရား….။

———-

အတိတ်လွမ်းဝေဒနာအရိပ်မည်းထိုးထားတဲ့

နာကျင်ခြင်းလမ်းမ….။

အကျဉ်းစံနှလုံးသားရဲ့

နိုးထစ မနက်ခင်းမှာ

အရင်းနှီးဆုံးသံစဉ် သက်ပြင်းချသံများ…။

လွမ်းတတ်သူတစ်ယောက်ရဲ့

နှလုံးငယ်ထဲမှာ အဆွေးရစ်သမ်တွေနဲ့ ပြည့်နေလေရဲ့……။

“ဒိုင်း….ဒိုင်း…!!!”

သူ မမြင်နိုင်သည့် မလှမ်းမကမ်းက ကြားလိုက်သည့် အသံ။ ဘာအသံလဲ သူ ဝေခွဲမရ ဖြစ်စရာ မလိုတော့။ ဒါဟာ သူ ရင်းနှီးပြီးသား အသံ။ သေမင်းရဲ့ လက်တံ။

သေနတ်သံ…။

အင်္ဂလိပ်စာသင်ပေးရန် သူ ရောက်လာခဲ့သည့် ရွာလေးကို ဖက်ဆစ်စစ်သားတွေ ဝင်စီးနေပြီ။

အာဏာသိမ်းစစ်ကောင်စီဘက်တော်သားများက သူပုန်တည်နေရာဟု ယူဆထားသည့် သည်ရွာကလေးသို့ သူ ရောက်လာခဲ့သည်မှာ မကြာသေး။

အင်မတန်ချစ်စရာကောင်းသည့် သည်ရွာကလေးကို ဖက်ဆစ်တပ်သားတွေ ဝင်စီးနေပြီ။ ဝေသာလီပြည် ဘီလူးဝင်စီးသလိုမျိုး…။

တရွာလုံး သက်ကျားအိုနှင့် ကလေးပါမကျန် ရွာထဲမှ ထွက်ပြေးကြရသည်။ သူရော ဘာသားနှင့် ထုထားသနည်း။

ခပ်လှမ်းလှမ်း မှ သေနတ်သံမှာ ပိုပိုနီးလာသယောင် ထင်ရသည်။ ကံဆိုးမဲပေါက်သည့် သူတို့မှာ ပြေးစရာ မြေမရှိ။ သူတို့ရောက်နေသည့်နေရာမှာ ရွာကလေး၏ အနောက်ခြမ်းကို တံတိုင်းခတ်ထားသည့် ပင်လယ်ကမ်းစပ်။

ပြေးစရာမြေ ရှိသည်ဆိုလျှင်တောင်မှ သူ ပြေးဖို့မလွယ်။ သူနှင့် အဖော်လူငယ် သုံးလေးယောက်မှာ ဒုက္ခိတမိန်းမကြီးတစ်ယောက်ကို သယ်၍ ပြေးနေရသည်။

သစ်သားချောင်းအရှည်တွင် ပုဆိုးတစ်ထည် စွပ်၍ ပုခက်ပုံစံလုပ်ပြီး ကျန်းမာရေးမကောင်း၍ မပြေးနိုင်သည့် ဒုက္ခိတမိန်းမကြီးကို အရှေ့မှ နှစ်ယောက် ၊ အနောက်မှ နှစ်ယောက် ထမ်း၍ အသက်ဘေးမှ လွတ်အောင် သုတ်သုတ်ကလေး သွားနေရခြင်းပင်။

သူ့တကိုယ်လုံး ဇောချွေးစိုရွှဲနေသည်။ နှလုံးခုန်သံက တဒိန်းဒိန်း။ မီတာ ၁၀၀ ပြေးပြီး ပန်းဝင်လာသူတစ်ယောက်လို ရင်ဘတ်က ဖုတ်လှိုက်ဖုတ်လှိုက်။

ပင်လယ်ကမ်းစပ်နားမှာ ဒုက္ခသည်လူငယ်လေးတစ်စုက သူတို့အမေအရွယ် ဒုက္ခိတ အမျိုးသမီးကြီးတစ်ယောက်ကို ထမ်းပြီး ပြေးနေတဲ့ ဇာတ်ဝင်ခန်းမျိုး ဘယ်ရုပ်ရှင်ထဲမှာ တွေ့ဖူးပါသလဲ။

ရွာနံဘေးက ရင်အုပ်ကားကားနှင့် တောင်တန်းကြီးမှာ ခါတိုင်းထက် ပိုတိတ်ဆိတ်နေ၏။

သူ့ ရင်ခွင်အောက်မှာ ကမ္ဘာပျက်နေသည့် ရွာကလေး၏ အဖြစ်ကို ကြည့်ရင်း သူ ဘာမှ လုပ်မပေးနိုင်သည့်အပေါ် စိတ်မကောင်းဖြစ်နေသယောင်။

နောက်ဆယ့်ငါးမိနစ်ခန့်အကြာ စောစောက ပိုနီးကပ်လာသယောင် ထင်ရသော သေနတ်သံတို့မှာ အနည်းငယ် တိုးသွားသလို ခံစားရသည်။

နောက်တော့ သေနတ်သံက တဖြည်းဖြည်း ကျဲလာသည်။ တဖြည်းဖြည်း တိုးသွားသည်။ သူ့မှာ အနည်းငယ်စိတ်သက်သာရာ ရစပြုလာသည်။ စိတ်တော့ လုံးလုံးမလျှော့နိုင်သေး။

ထိုနေ့က ရွာထဲမှ ဖက်ဆစ်စစ်သားများ ပြန်ထွက်သွားကြသည့်အတိုင် ရွာသူရွာသားများ ရွာထဲ ပြန်မဝင်ရဲကြ။ ရွာအပြင်ဘက်တွင် သူ့အစုနှင့်သူ ခိုလှုံနေကြရသည်။

ညီအရင်းတစ်ယောက်လို ခင်တွယ်ရသည့် သတ္တိကောင်းသော ရွာခံလူငယ်လေး တစ်ယောက်နှင့် သူ ရွာထဲသို့ ထိုနေ့က ပြန်ဝင်ခဲ့ကြသည်။

သုဿန်တစပြင်လို တိတ်ဆိတ်ခြောက်ကပ်နေသည့် ရွာထဲတွင် ထိုလူငယ်လေး၏ ဦးဆောင်မှုနှင့် သူတို့ တညတာ ကင်းစောင့်ခဲ့ကြသည်။

ညဘက်ကင်းစောင့်ရင်း ကြည်လင်သန့်ရှင်းနေသည့် မိုးကောင်းကင်ကို မော့ကြည့်မိသည်။ နေ့ခင်းက ရွာအပြင်တွင် အသက်လုပြေးခဲ့ရသည့်အခိုက်အတန့်က သူ ခေါင်းထဲ ဝင်လာသည့် အတွေးတစကို ပြန်သတိရလိုက်သည်။

“ဘဝမှာ တက္ကသိုလ်စစ်စစ်တက်ဖူးချင်တယ်”

သူ သက်ပြင်းချလိုက်သည်ကို သူ့ဘေးက ရွာခံလူငယ် ကြားလိုက်ပုံမပေါ်။

■ ဈာန်ဟိန်း

အပိုင်း (၅) ပြီး။

အပိုင်း (၆) ကိုဆက်လက်ဖတ်ရှုရန် >>>>>