အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

0
1595

အပိုင်း – ၈ (ဇာတ်သိမ်း)

သူ စာအလွန်ဖတ်ချင်နေသည်။ ထောင်ကျပြီး တစ်နှစ်ခန့်ကြာသည်အထိ လူငယ်လေးမှာ ဘာစာအုပ်မျှ မရှိ။ ထောင်ထဲတွင် သူ့လို နိုင်ငံရေးအကျဉ်းသားများအတွက် အခွင့်အရေးဆိုသည် မရှိသလောက်ပင်။

အခြားအကျဉ်းခန်းများရှိ မည်သည့်အကျဉ်းသားနှင့်မဆို စကားပြောခွင့်မျှပင် မရှိ။

ထောင်ထဲတွင် အတန်းပညာရေးကို ဆက်လက်သင်ယူခွင့် မရှိသော်လည်း လူငယ်လေးနှင့် အခြားဘဝတူနိုင်ငံရေးအကျဉ်းသားများသည် ဉာဏ်ပညာအတွက် ၊ မိမိအသိပညာတိုးပွားရေးအတွက် စာအလွန် ဖတ်ချင်ကြသည်။

စာရွက်အလွတ်တစ်ရွက် သို့မဟုတ် ပုံနှိပ်ထားသည့် စာရွက်အပိုင်းအစ၊ ဘောလ်ပင်၊ ခဲတံ…။ ထိုအရာအားလုံးသည် သည်အကျဉ်းထောင်ထဲတွင် ဥပဒေနှင့် ဆန့်ကျင်သောပစ္စည်းများ ဖြစ်သည်။

လူ့အဖွဲ့အစည်းထဲမှ လူသားတစ်ယောက်အနေနှင့် မိမိဉာဏ်ပညာတိုးပွားရေးအတွက် စာဖတ်ခြင်း ပြုရုံမျှဖြင့် ဒုစရိုက်အရာမြောက်ပြီး အပြင်းအထန်ဒဏ်ပေးခံရသည့် နေရာ…။

သူ့သက်တမ်းတစ်လျှောက် နိုင်ငံရေးအကျဉ်းသား မပြတ်လပ်ခဲ့သည့် မြန်မာပြည်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်။

သည်နေရာမှာ စာဖတ်ခြင်းနှင့် စာရေးခြင်းက နိုင်ငံရေးအကျဉ်းသားအားလုံးအတွက် အတင်းကျပ်ဆုံး ကန့်သတ်ထားသည့်အရာ။ အကျဉ်းထောင်အတွင်း စာဖတ်ခွင့်ရရှိရန် တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများမှာ အရိုက် အနှက်ပင် ခံရသည်။

ရန်ကုန်နှင့် ဝေးလှသည့် အကျဉ်းထောင်များသို့ ပြစ်ဒဏ်အနေဖြင့် ပြောင်းရွှေ့ခံရသည်။ ထောင်က ထွက်သည့်အချိန်၌ သူတို့ ခေါင်းထဲတွင် ဗလာနတ္ထိ ဖြစ်နေစေရန် စစ်အစိုးရ သေသေချာချာ စီမံထားကြောင်း အင်မတန် သိသာ သည်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရန် စောင့်နေချိန်မှာပဲ လူငယ်လေးခမျာ အဖမ်းခံလိုက်ရသည်။ ထောင်မကျခင်ကတည်းက အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်စားပြီး သူ လေ့လာခဲ့သည်။ ထောင်ထဲတွင်လည်း အင်္ဂလိပ်ဘာသာ စကားကို ဆက်ပြီး လေ့လာလိုသည့်ဆန္ဒက သူ့ရင်ထဲမှာ ထိန်းမနိုင် သိမ်းမရ။ သူ့လက်ထဲ ဘာစာအုပ်မျှ မရှိ။

သို့သော် ထောင်ထဲတွင် အင်္ဂလိပ်စာကျွမ်းကျင်သည့် နိုင်ငံရေးအကျဉ်းသားကြီးများ ရှိသည်။ အကျဉ်းခန်းတံခါးဖွင့်သည်နှင့် ထိုနိုင်ငံရေး အကျဉ်းသားကြီးများရှိရာဆီ အပြေးအလွှားသွားပြီး လူငယ်လေးက သူ ဖတ်ထားသည့် အင်္ဂလိပ်စာရွက်အပိုင်းအစများထဲမှ နားမလည်သည်များကို မေးရင်း ထောင်တွင်းအင်္ဂလိပ်စာပျောက်ကြားလေ့လာရေးတိုက်ပွဲ ဆင်နွှဲခဲ့သည်။

ဉာဏ်ပညာကို သယ်ဆောင်ထားသည့် သူ့ရုပ်ခန္ဓာမှာ အကျဉ်းစံနေရသော်ငြား သူ့ဉာဏ်ပညာကို အမှောင်ချထားလိုသည့် စစ်အစိုးရ၏ အကြံအစည်ကို ဆန့်ကျင်တော်လှန်သည့်လုပ်ရပ်အဖြစ် သူ့နှလုံးအိမ်ထဲ စွဲပိုက်ထားခဲ့သည့် ရုန်းကန်မှု….။

———-

အင်းစိန်တွဲဘက်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရခိုင်လူမျိုး နိုင်ငံရေးသမား ဦးတင်မောင်စောသည် အင်္ဂလိပ်အဘိဓာန်မှ ဝေါဟာရများကို အလွတ်မှတ်မိသည်။

ဦးတင်မောင်စောက သူတို့ကို တနေ့ အင်္ဂလိပ်ဝေါဟာရ အလုံး ၂၀ ခန့် နေ့စဉ်ပြောပြသည်။ ထိုဝေါဟာရစကားလုံးတို့ကို ပလပ်စတစ်ပေါ်တွင် သို့မဟုတ် နံရံပေါ်တွင် ရေးမှတ်ထားပြီး ကျက်မှတ်လေ့လာခဲ့ရသည်။ သို့သော် မကြာလိုက်။

လူငယ်လေးတို့ရှိရာ အင်းစိန်သီးသန့်ထောင်မှ ဦးတင်မောင်စောကို ထောင်မကြီးဟု ခေါ်လေ့ရှိသည့် အင်းစိန်ဗဟိုအကျဉ်းထောင်ကြီးဆီ ရွှေ့လိုက်သည်။ လူငယ်လေးအတွက် သက်ရှိအဘိဓာန်နှင့် ခွဲခွာရခြင်း…။

နောက်ပိုင်းတွင် စာအုပ်အချို့ကို ထောင်တွင်းသို့ လျှို့ဝှက်စွာ ခိုးသွင်းရန် ထောင်ဝန်ထမ်းတချို့အား ဖြည်းဖြည်းချင်း စည်းရုံးနိုင်ခဲ့သည်။ လွယ်တော့ မလွယ်။ နိုင်ငံရေးအကျဉ်းသားများကို စာအုပ်များ ခိုးသွင်းပေးသည့်အတွက် အလုပ်ဖြုတ်ခံရသည့် ထောင်ဝန်ထမ်းများရှိပြီး ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချခံရသူတချို့လည်း ရှိသည်။

ထောင်ဝန်ထမ်း တချို့၏ အကူအညီဖြင့် အဘိဓာန်စာအုပ်တစ်အုပ်အအပါအဝင် စာအုပ်အချို့ကို သူတို့ ရရှိခဲ့ကြသည်။

ထောင်အဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုခုကို ဖျက်ဆီးခြင်းသည် ထောင်ဖောက်သည့်အလား ပြစ်ဒဏ်ကြီးလေးနိုင်သည်။ သူတို့၏ ထောင်ဒဏ်သက်တမ်းများ ထပ်တိုးကျခံရနိုင်သည်။ သို့သော် သူတို့ စွန့်စားခဲ့ကြသည်။ စာဖတ်နိုင်ရေးအတွက် သူတို့ စွန့်စားခဲ့ကြသည်။

လက်နက်ကိရိယာမပါဘဲ အုတ်နံရံက အပေါက်ငယ်တစ်ခုကို စာအုပ်များ သိမ်း၍ ရနိုင်မည့် တွင်းပေါက်တစ်ခုရရန် ရက်အတန်ကြာ ဖဲ့ထုတ်ခဲ့ကြသည်။

စာအုပ်များကို အာဏာပိုင်တို့ မတွေ့ရှိရန် ထိုတွင်းပေါက်ထဲတွင် ဝှက်ထားပြီး ထောင်တွင်းစာဖတ်ခွင့်ရရေး စွန့်စားခဲ့ကြသည်။

စာရွက်တစ်ခုတစ်လေတွေ့ရုံမျှနှင့် ကြီးကြီးမားမား ဒဏ်ခတ်ခံနိုင်ရသော အင်းစိန်အကျဉ်းထောင်လိုနေရာမျိုးတွင် လူငယ်လေး၏ အကျဉ်းခန်းသည် ကောင်းစွာ လျှို့ဝှက်လည်ပတ်နေခဲ့သည့် “ထောင်စာကြည့်တိုက်” ဖြစ်လာသည်။

ထိုစာကြည့်တိုက်၏ “စာကြည့်တိုက်မှူး”ကား အခြားမဟုတ်။ ကွမ်းယာထုပ်သည့် အင်္ဂလိပ်စာရွက်လေးများဖြင့် အန္တရာယ်ကြားက ထောင်တွင်းအင်္ဂလိပ်စာလေ့လာရေးခရီး အပြင်းနှင်ခဲ့ဖူးသည့် ထိုလူငယ်လေးပင်…။

———-

အောက်တိုဘာ ၂ ၊ ၂၀၂၃။

လှိုင်းကလေးများ ယိမ်းနွဲ့နေသော ပင်လယ်ပြင်။

ကောင်းကင်နှင့် ပင်လယ် ထိစပ်သွားသည့် မိုးကုပ်စက်ဝိုင်းတနေရာ…။

နေလုံးကြီး ကျဆင်းနေပြီ…။

ဖြည်းလေးနှေးကွေး….။

တိမ်တောက်ချိန် ပင်လယ်ပြင်၏ ဆွတ်ပျံ့ဖွယ် မြင်ကွင်း…။

သူ့ရှေ့တည့်တည့်မှ လွမ်းမောစရာ ရှုခင်းကို ငေးရင်း မယုံနိုင်လောက်အောင် တန်ဖိုးကြီးမားသည့် စိတ်ခွန်အားတစ်ခု သူ့ရင်ထဲ လက်ဆောင်ထည့်ပေးသွားသည့် လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က အင်းစိန်ထောင်မှ လူငယ်လေးတစ်ယောက်အကြောင်း သူ တွေးနေမိသည်။

ရှည်လျားပြီး မကြာခဏသွေးစွန်းရလေ့ရှိသည့် တိုင်းပြည်၏ ဒီမိုကရေစီခရီးပေါ် လျှောက်လှမ်းခဲ့သည့် ထိုလူငယ်လေး၏ နှလုံးသား…။ သံတိုင်တွေအနောက်မှာ ချစ်ခြင်းမေတ္တာကို မြိုသိပ်မရ ငတ်မွတ်ရင်း မွန်းကြပ်စရာ အမှောင်နာရီတွေကြား ဉာဏ်ပညာကို ဆာလောင်ခဲ့သူ…။

ယိမ်းထိုးလှုပ်ခါနေသည့် ရထားတစ်စီးက အိပ်ပျော်နေသည့် သူ့ကို လှုပ်နိုးလိုက်ရာမှ လယ်ကွင်းများပေါ်က ဖြည်းလေးနှေးကွေးစွာ ပေါ်ထွက်လာနေခဲ့သည့် နေလုံးကြီးကို နောက်ဆုံးတွေ့မြင်ခဲ့ရပြီး အပြင်ကမ္ဘာလောကကို ဆယ်စုနှစ်တစ်ခုစာ ခွဲခွာခဲ့ရ….။

အမေ့မေတ္တာအပြုံးများကို ငတ်မွတ်စွာ အကျဉ်းစံ ရှင်သန်ရင်း အမေ့ဈာပနကိုပင် တက်ရောက်ခွင့်မရ ၊ တစ်သက်စာ ဝေးကွာခဲ့ရသူ…။

နောက်နှစ်ပေါင်းများစွာအကြာ ထိုလူငယ်လေး လွတ်မြောက်သွားခဲ့ပြီး သူ့အစ်ကိုရှိရာ အမိတိုင်းပြည်ပြင်ပသို့ ထွက်ခွာသွားခဲ့သည်။ ဆွီဒင်လူမျိုးကမ္ဘာကျော်သတင်းထောက်ဘာတေးလင့်တနာက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဧရာဝတီ ရုံးခန်းတွင် လူငယ်လေးနှင့် တွေ့ဆုံခဲ့ရသည်။

ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသော်လည်း သူသည် ရွှင်လန်းတက်ကြွလျက်ရှိပြီး စံနမူနာထားထိုက်သော လုံ့လဝီရီယ ၊ စာနာမှုတို့ဖြင့် စာရေးတတ်သည့် ဂျာနယ်လစ်တစ်ယောက်အဖြစ် တွေ့ခဲ့ရကြောင်း ဘာတေးလင့်တနာက ဖွင့်ဟခဲ့သည်။

ထောင်ထဲတွင် ကွမ်းယာထုပ်သည့် စက္ကူများနှင့် အင်္ဂလိပ်စာလေ့လာခဲ့သည့် ထိုလူငယ်လေးမှာ လက်ရှိအချိန်တွင် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း၏ အကြီးတန်း အယ်ဒီတာ ဖြစ်နေပြီ။

အချောမသတ်ရသေးသည့် သပွတ်အူပြဿနာများနှင့် ကြမ်းရှရှ အခက်အခဲများကြားက မလွတ်မြောက်သေးသည့် တိုင်းပြည်။ သည်တိုင်းပြည်တစ်နေရာမှ သူ ရှိနေသည့် ကမ်းခြေလေးဆီ ယုယစွာ တိုက်ခတ်လာသည့် ပင်လယ်၏ လက်ဆောင် လေညှင်းများ….။

နေဝင်ချိန်ပင်လယ်ကမ်းစပ်မှာ အဖော်မဲ့စွာ ထိုင်ရင်း တွေးနေမိသည့် လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က လူငယ်လေးတစ်ယောက်၏ ဘဝမှ သူ ရလိုက်သည့် သင်ခန်းစာ…။

လူဆိုသည်မှာ နာကျင်ကြေကွဲရခြင်းကို မျှော်လင့်ချက်အဖြစ် ပြောင်းလဲနိုင်စွမ်း၊ အားနည်းချက်ကို အားကောင်းချက် အဖြစ် ပြောင်းလဲနိုင်စွမ်း ၊ ကြေကွဲဝမ်းနည်းမှုကနေ ပျော်ရွှင်ကြည်နူးမှုအဖြစ် အသွင်ပြောင်းနိုင်စွမ်း၊ ထိတ်လန့် အားငယ်မှုကို ရဲစွမ်းသတ္တိအဖြစ် ကူးပြောင်းနိုင်စွမ်း ရှိသူများပါပေ။

သူ ကျေနပ်စွာ ပြုံးလိုက်မိသည်။

နေလုံးကြီးကွယ်သွားခဲ့ပြီ။

ရွာကလေးဆီ ပြန်သွားဖို့ သူ ထလိုက်သည်။ သူ စာသင်ပေးနေသည့် ဆယ်ကျော်သက်ကလေးများရှိရာ ရွာကလေး။ ကျောင်းပိတ်ရက်မှာ သူ စာကြည့်တိုက်မှူး လုပ်ပေးနေသည့် ရွာကလေး…။ သည်ရွာကလေးအပြင် အခြားရွာတွေက လူငယ်လေးတွေအတွက်ပါ သူ တတ်စွမ်းသလောက် ကြိုးစားကြည့်ချင်သည်။

ထားဝယ်ဒေသ၏ ကျောရိုးကျေးရွာကလေးများ…။ သည်ရွာကလေးတွေမှာ နေထိုင်သည့် လူငယ်ကလေးများကို လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော်က အင်းစိန်ထောင်ထဲက လူငယ်လေးတစ်ယောက်အကြောင်း သိစေချင်သည်။ ထိုလူငယ်လေး၏ စိတ်ဓာတ်ခွန်အားမျိုး ပိုင်ဆိုင်စေချင်သည်။

ရွာဘက်ကို လှမ်းနေသည့် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်သည်။ ပင်လယ်ပြင်ကို သူ တဒင်္ဂမျှ ပြန်ငေးနေမိသည်။ လှလိုက်သည့် မြင်ကွင်း…။

ပင်လယ်ပြင်၏ နေဝင်ဆည်းဆာ။ သူ့တကိုယ်တည်းကြားရုံ ရေရွတ်ရင်း ထွက်လာသည့် ဆုတောင်းသံလေး…။

“ကြယ်ငါးကလေးတွေ ကမ်းခြေနှင့် ဝေးပါစေ….”

■ ဈာန်ဟိန်း

အပိုင်း (၈) ဇာတ်သိမ်း။