အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

0
988

အပိုင်း – ၇

“ဤကမ္ဘာမြေပေါ်တွင်

ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာမှတပါး

အခြားသော အလေးအမြတ် ပြုအပ်ရာမည်သည် မရှိ……”

၁၉၉၄ ၊ ဩဂုတ်။

အင်းစိန်တွဲဘက်အကျဉ်းထောင် ၊ ရန်ကုန်မြို့။

ကမ္ဘာမြေပေါ်မှ ကိုယ်ချစ်သော အရာအားလုံးနှင့် အဆက်ဖြတ်ခံထားရသည့် နေရာ။

သံတိုင်များအနောက်က ရှစ်ပေပတ်လည် အကျဉ်းခန်း ။ အသဲကွဲအိပ်မက် ချိတ်ဆွဲထားသော နံရံများ။

အကျဉ်းခန်း အတွင်းတစ်နေရာက အင်္ဂလိပ်စာစိတ်ဝင်စားသည့် လူငယ်တစ်ဦး…။

အကျဉ်းခန်းအုတ်နံရံကို မှီလျက် မလှုပ်မယှက် တိတ်ဆိတ်ကြေကွဲစွာ ထိုင်ရင်း သမံတလင်းမျက်နှာပြင်ကို ခေါင်းငိုက်စိုက်ငေးကြည့်နေသည်။

ဖြေဆေးမဲ့ ဒဏ်ရာအတိ နှလုံးသား။

ဝမ်းနည်းကြေကွဲမှုများက မျက်ဝန်းထဲမှာ…။

ထိုလူငယ်လေးသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီပြိုလဲပြီး တိုက်ပွဲသစ်တစ်ခု စတင်သည့် ထူးခြားသော မျိုးဆက်၏ အစိတ်အပိုင်းတစ်ရပ်။

နာရီတွေဟာ အမှောင်ဖုံးနေဆဲ….။

ကိုယ်ခန္ဓာဟာ လွတ်လမ်းမမြင်သေး။

တရစပ်နှိပ်စက်နေသည့် စိတ်ဒဏ်ရာဟာ လွတ်ရက်မရှိ…။

လေဝင်လေထွက် မကောင်းသည့် မွန်းကျပ်သော အကျဉ်းခန်းထဲ ၊ သူ့ရင်ထဲမှာ….တငွေ့ငွေ့ လောင်နေသည့် အရာ။

မတရားမှုကို ဆန့်ကျင်တော်လှန်သော သားဖြစ်သူအား အမြဲအားပေးသည့် သူ့မိခင်သည် လွန်ခဲ့သော ရက်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီ…။ ဘယ်လိုမှ မမျှော်လင့်ထားရာကနေ နှလုံးသားကို ချေမွသွားသည့် နာရေးသတင်း။

စစ်အစိုးရ၏ လေတပ်ဝန်ထမ်းများ လိုက်ပါလာသည့် ဟီးနိုးကားက သူ့မိခင် စီးလာသည့် ဆိုက်ကားကို ဝင်တိုက်သွားသည်။

ဆိုက်ကားက ကားအောက်မှာ ကြေမွသွားသတဲ့။

သူ့အမေ ပွဲချင်းပြီး သေသွားတဲ့။

သူ့နှလုံးသားဗိမာန်ပေါ်က ဇမ္ဗူရစ်ရွှေစင်…။

တုနှိုင်းမဲ့မေတ္တာတရားပိုင်ရှင်…။

ချစ်စွာသော အမေ…။

ထောင်ဝင်စာလာတွေ့ချိန်တိုင်း အကျဉ်းစံသားတော်မောင်ကို ဂရုဏာသက်စွာ ကြည့်ရင်း နွေးထွေးအားပေးသည့် အပြုံးများ ဖန်ဆင်းတတ်ရှာသူ…။

သူ့ဘဝ ကြည်ရွှန်းတာရာကလေး….။

ထိုအရာသည် မရှိတော့….။

သည်ကမ္ဘာမှာ မရှိတော့….။

အာရုံထဲမှာ အမေ့မျက်နှာ ပေါ်လာတိုင်း ၊ စိတ်မျက်လုံးမှာ အမေ့အပြုံးကို မြင်ယောင်မိတိုင်း သူ့ရင်ထဲ မခံနိုင်။ အမြဲလိုလို ခေါင်းငိုက်စိုက်ကျသွားခဲ့ရသည်။

ရင်ဘတ်ထဲ တဆစ်ဆစ် နာကျင်နေဆဲ…။

ငေးရီကြေကွဲနေသော မျက်ဝန်းများ…။

မျက်ရည်ကျဖို့ အားအင်မရှိ။

တစ်ဘဝစာ ဒဏ်ရာ အထပ်ထပ်….။

ရှစ်ပေပတ်လည် အမှောင်ကမ္ဘာထဲ….။

အိပ်မက်ထဲမှာတောင် ဆို့နစ်ကြေကွဲ…။

ဘယ်လိုနှလုံးသားမျိုးက တောင့်ခံလို့ ထားနိုင်မလဲ…..။

စွမ်းရည်ရှိ နှလုံးသားပိုင်ရှင် လူငယ်လေးတစ်ယောက်၏ နုပျိုသော မျက်ဝန်းများ နေမဝင်ခင် အိုမင်းခဲ့သည်။

မကုန်နိုင်သော နေ့များ။

ချစ်ခြင်းမေတ္တာကို ငတ်မွတ်ရသူတို့ စိတ်သက်သာရာရအောင် သည်ကမ္ဘာမှာ ပန်းတွေ ပွင့်နေဦးမှာလား။

ဒုက္ခတွေ လှိုင်လှိုင်ဖူးပွင့်နေတဲ့ သနားစရာတိုင်းပြည်ကလေးမှာ ငြိမ်းချမ်းသော ပန်းပွင့်တွေ နေရာမရနိုင်တော့ဘူးလား။

———-

၁၉၈၈ ၊ ဩဂုတ် (၇) ရက်။

ရန်ကုန်မြို့ တစ်နေရာ။

ဆန္ဒပြကြွေးကြော်နေသည့် ဆယ်ကျော်သက်ကျောင်းသား တစ်စုကို မြန်မာစစ်တပ်က လာရောက်လူစုခွဲနေသည့်အချိန်။

စစ်သားတစ်ဦးက သူ၏ သေနတ်တွင် တပ်ထားသည့် လှံစွပ်ဖြင့် သူ့ရင်ဝကို ထိုးချိန်ထားပြီး ရှေ့မတိုးဖို့ အော်ဟစ်ဆဲဆိုခြိမ်းခြောက်နေခဲ့သည်။

အမိတိုင်းပြည် သမိုင်းမှ ဘယ်တော့မှ ပျောက်ကွယ် မသွားနိုင်တော့သည့် ရှစ်လေးလုံးအရေးတော်ပုံ။ အရေးတော်ပုံနေ့မတိုင်မီ တစ်ရက်တွင် ရှစ်လေးလုံးအတွက် စတင်လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည့် ဆယ်ကျော်သက် အထက်တန်း ကျောင်းသားလူငယ်များ။

လူငယ်လေးလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။

ဆန့်ကျင်တော်လှန်မှုနှင့် အကြမ်းဖက်မှုများ ပင်လယ်ဝေပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပြိုလဲပြီး တိုက်ပွဲသစ်တစ်ခု စတင်သောကာလ။

ထိုနေ့ထိုရက်များအကြား….။

ကူးခတ်ရုန်းကန်ရင်း သူ့ဘဝနေ့ရက်များက မရေရာ…။

ဒဏ်ရာလွန်အအိပ်မဲ့ညတွေထဲ ရင်ခွင်တစ်စုံလုံး ယိမ်းထိုးလှုပ်ခါ…။

ယိမ်းထိုးလှုပ်ခါနေသည့် ရထားတစ်စီးပေါ်ကနေ မြင်လိုက်ရသည့် အဆုံးအစမဲ့ လယ်ကွင်းများ…။ မြူနှင်းတွေကြား အရှိန်နှေးနှေး ပေါ်ထွက်လာနေသည့် နေလုံးကြီး။

အို….လှလိုက်သည့် နံနက်ခင်း။

နောက်ဆုံးထိတွေ့ခွင့်ရလိုက်သည့် နံနက်ခင်းမှန်း သူ ဘယ်သိနိုင်မလဲ….။

၁၉၉၁ ၊ ဒီဇင်ဘာ ၁၄ ရက်။

သူ့ တစ်သက်တာ မေ့မရနိုင်သည့် နေ့စွဲ…။

ရန်ကုန်မြို့ တစ်နေရာမှ သူ့အိမ်ဆီ မဖိတ်ခေါ်ထားသည့် ဧည့်ဆိုးများ ရောက်လာခဲ့သည့် ထိုနေ့ညသန်းခေါင်…။

သွေးစွန်းအေးစက်နေသည့် စစ်ကြောရေးငရဲခန်းထဲ ဖြတ်သန်းခဲ့ရသည့် ထို ၁၀ ရက်။

ဆယ်စုနှစ်ပေါင်းများစွာဟု ထင်ခဲ့ရသည့် ငရဲခန်းနေ့ရက်များ…။

၁၀ ရက်တိုင်တိုင် သူ့ကို စစ်ကြောသည်။ နှိပ်စက်သည်။ လျှို့ဝှက်နိုင်ငံရေးလှုပ်ရှားမှုများနှင့် “အိုးဝေ”အမည်ရှိ ကျောင်းသားသမဂ္ဂ နိုင်ငံရေးစာစောင်ထုတ်ဝေခဲ့မှုကြောင့် စစ်ခုံရုံးက သူ့ကို ထောင် ၁၀ နှစ် ချလိုက်သည်။

လူငယ်ဘဝ၏ အကောင်းဆုံးအရွယ်…..နှလုံးသားမှာ သွေးအထွက်ဆုံးအချိန်များ…။

———-

ထောင်ဝန်ထမ်းတစ်ဦး သူ့လက်ထဲ ခိုးကြောင်ခိုးဝှက်လာထည့်ပေးသွားသည့် စာရွက်လေးတစ်ရွက်။ သူ စိတ်လှုပ် ရှားစွာ ဖွင့်ဖတ်မိသည်။

စာရွက်လေး လာပေးသွားသည့် ထောင်ဝန်ထမ်းက ကွမ်းယာကြိုက်သည်။ ကင်းစောင့်ရင်း စားရန် ကွမ်းယာကို သတင်းစာစက္ကူအပိုင်းအစများနှင့် ထုပ်လာတတ်သည်။

အင်္ဂလိပ်လို ရေးထားသည့် စာရွက်တစ်ခုခုနှင့် ထုပ်ယူလာရန် လူငယ်လေးက သူ့ကို မှာခဲ့သည်။

စာရွက်အလွတ်တစ်ရွက်၊ ပုံနှိပ်ထားသည့် စာရွက်အပိုင်းအစ၊ ဘောလ်ပင်၊ ခဲတံ….။

သည်အရာအားလုံးကို ဥပဒေနှင့် ဆန့်ကျင်သော ပစ္စည်းများအဖြစ် သတ်မှတ်ထားသည့် အင်းစိန်အကျဉ်းထောင်။

သည်လိုနေရာမျိုးတွင် သူ့လက်ထဲရောက်လာသည့် စာရွက်ကို သူ ရင်တထိတ်ထိတ်ခုန်စွာ ဖတ်ကြည့်မိသည်။

အင်္ဂလိပ်သတင်းစာအပိုင်းအစလေး…။

ရေခဲမြစ်များအကြောင်း ရေးထားသည့် ဆောင်းပါးတစ်ပုဒ်မှ စာပိုဒ်အချို့ ….။

ဆောင်းပါးအပြည့်အစုံမဟုတ်။

တစ်ပိုဒ်နှစ်ပိုဒ်မျှသာ ပါသည်။

သူ မသိသေးသည့် အင်္ဂလိပ်စကားလုံးအချို့လည်း ပါနေသည်။

အကျဉ်းခန်းတံခါးဖွင့်ချိန် မရောက်သေး။

အကျဉ်းသားတစ်ဦးအနေနှင့် ရေချိုးရန်၊ အကျဉ်းခန်းအတွင်း အနံ့ဆိုးနှင့် တနေ့လုံး ဒုက္ခပေးသည့် အလေးအပေါ့စွန့်စရာ ဒန်ဖလားမြေအိုးများကို သွန်ပြီး ဆေးကြောရန် တစ်နေ့လျှင် မိနစ်အနည်းငယ်မျှသာ အကျဉ်းခန်းအပြင်သို့ သူ ထွက်ခွင့်ရသည်။

အကျဉ်းခန်းတံခါးဖွင့်သည်နှင့် သူ တစ်နေရာကို တန်းပြေးတော့မည်…။

■ ဈာန်ဟိန်း

အပိုင်း (၇) ပြီး။

အပိုင်း (၈) ကိုဆက်လက်ဖတ်ရှုရန် >>>>>