သတိ… စပ်ဆေးမသုံးရ

0
1396

စပ်ဆေးကို အသံတိတ်လူသတ်သမားလို့ ခေါ်ဝေါ်ကြပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ကျန်းမာရေး စောင့်ရှောက်တဲ့စနစ် ယိုယွင်းလာချိန်မှာတော့ စပ်ဆေးတွေဟာ ခေါင်းပြန်ထောင်လာနေပါတယ်။

အထူးသဖြင့် လက်နက်ကိုင်ပဋိက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆေးရုံ၊ ဆေးခန်းမရှိ၊ ဆရာဝန်၊ သူနာပြု မရှိဖြစ်နေတဲ့အချိန် စပ်ဆေးတွေက နေရာပြန်ယူလာပါတယ်။

တင်းကျပ်လွန်းတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ၊ လက်နက်ကိုင်တိုက်ပွဲတွေက ဒေသခံတွေကို ဆေးရုံ၊ ဆေးခန်းသွားဖို့ များစွာ အခက်တွေ့စေပါတယ်။ ဒီလိုအချိန်မှာ လွယ်လွယ်ဝယ်လို့ရတာဆိုလို့ စပ်ဆေးတွေပဲ ရှိပါတယ်။

စပ်ဆေးတွေဟာ ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်တွေမှာတောင် ဈေးချိုချိုနဲ့ လွယ်လွယ် ပေါပေါဝယ်လို့ရနေပါတယ်။

မြို့ပေါ်တွေမှာ ဆိုရင်လည်း ငွေကြေးကျပ်တည်းလို့ ဆေးရုံ၊ ဆေးခန်း မသွားနိုင်တဲ့ အခြေခံလူတန်းစားတွေဟာ စပ်ဆေးတွေကို အားကိုးနေကြတာ တွေ့ရပါတယ်။

တကယ်တော့ စပ်ဆေးဆိုတာ အသံတိတ်လူသတ်သမားဖြစ်လို့ မသုံးစွဲကြဖို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

စပ်ဆေးကြောင့် ကျောက်ကပ်၊ အသည်း ပျက်နိုင်တာ၊ အစာအိမ်သွေးကြော ပေါက်နိုင်တာ၊ အရိုးတွေ ပွနိုင်တာ အပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိသလို အသက်ပါပေးလိုက်ရတဲ့သူတွေလည်း ရှိပါတယ်။

စပ်ဆေးက ကြောက်စရာကောင်းတဲ့ အသံတိတ်လူသတ်သမား ဖြစ်တယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ ကုသပေးခဲ့ဖူးတဲ့ ဆရာဝန်တစ်ဦးက ရှင်းပြထားတာကို ဒီနေရာမှာ  ကြည့်နိုင်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကို နေ့စဉ် လာရောက်ကုသကြတဲ့ လူနာ တစ်ရာလောက်မှာ အနည်းဆုံး သုံးလေးဦးက စပ်ဆေးတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရောက်လာတာဖြစ်တယ်လို့ ၂၀၁၇ ခုနှစ်က VOA မြန်မာပိုင်း သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဆေးမျိုးစုံကို ဆေးဝါးကျွမ်းကျင်မှုမရှိဘဲ ဆေးဝါး အပြင်းစားတွေကို ဖြစ်သလိုရောစပ်ပြီး ရောင်းချတာဖြစ်လို့ စပ်ဆေးတွေဟာ လတ်တလောမှာ ရောဂါသက်သာတယ် ထင်ရပေမယ့် ရေရှည်မှာတော့ ဘေးထွက်ဆိုးကျိုးများစွာနဲ့ ဒုက္ခရောက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

စပ်ဆေးအန္တရာယ် အကြောင်းဖော်ပြထားတဲ့ VOA သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

စပ်ဆေးတွေဟာ အပြင်စား အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ ပိုးသတ်ဆေး၊ အားဆေး စတဲ့ ဆေးပေါင်းစုံကို ရောသမမွှေထားကြတာပါ။

အဲဒီဆေးတွေက ကြောက်စရာကောင်းပြီး မသုံးတတ်ရင်ဘေးဖြစ်စေပါတယ်။

စပ်ဆေးတစ်ခွက်မှာပါတဲ့ ဆေးဝါးတွေအကြောင်းနဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေဆီသာ ပြသသင့်တဲ့အကြောင်းတွေကို ကျန်းမာရေးအသိပညားပေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Hello ဆရာဝန်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

လူတစ်ယောက်ရဲ့ ရောဂါအခြေအနေကို မျက်စိနဲ့ ကြည့်ပြီးခန့်မှန်းလို့ မရပါဘူး။ ဆရာဝန်တွေ၊ ဆေးပညာ တတ်ကျွမ်းတဲ့သူတွေ သေသေချာချာ စမ်းသပ်ကြည့်မှ သိနိုင်တာမျိုးပါ။

အဲဒီလိုအခြေအနေမှာ ဆေးဝါးအကြောင်း ဘာမှမသိတဲ့သူ ဒါမှမဟုတ် လပိုင်းလောက်ပဲ ဆေးဝါး သင်တန်းတက်ထားသူတွေဆီက စပ်ဆေးကို ဝယ်သောက်တာဟာ ကိုယ့်ဒုက္ခ ကိုယ်ပိုက်ဆံပေးဝယ်လိုက်သလိုပါပဲ။

ဘေးပတ်ဝန်းကျင်က ဘယ်လိုပဲညွှန်းဆိုနေပါစေ စပ်ဆေးဆိုရင် မသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

စပ်ဆေးတွေကြောင့် ကျောက်ကပ်၊ အသည်း ထိခိုက်နိုင်တာ အပါအဝင် ဘေးထွက်ဆိုးကျိုးတွေများတဲ့ အကြောင်းကို ထားဝယ်ဒေမှာ တာဝန်ကျနေတဲ့ ဆရာဝန်တစ်ယောက်ကို Dawei Watch မေးမြန်းတင်ဆက်ထားတာကိုလည်း ဒီနေရာမှာ  ကြည့်နိုင်ပါတယ်။

အသက် သေဆုံးနိုင်တဲ့အထိပါ အန္တရာယ်ရှိတဲ့ စပ်ဆေးကို မသုံးစွဲကြဖို့ သတင်းမီဒီယာတွေကလည်း ကျွမ်းကျင်သူတွေကို မေးမြန်းပြီး အသိပညာပေးထားကြပါတယ်။

၂၀၂၂ ခုနှစ်က ဧရာဝတီသတင်းဌာက ဖော်ပြထားတဲ့ စပ်ဆေးအန္တရာယ် ရုပ်သံသတင်းကို ဒီနေရာမှာ  ကြည့်နိုင်ပါတယ်။

BBC သတင်းဌာနက ရေးသားထားတာကို ဒီနေရာမှာ  ကြည့်နိုင်ပါတယ်။

အာဏာမသိမ်းခင်တုန်းကတော့ စပ်ဆေးတွေရောင်းချတာကို ဖမ်းဆီးအရေးယူတာတွေအထိ ရှိခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ လူ့အသက်ကို နုတ်ယူမယ့်စပ်ဆေးတွေက နေရာတိုင်းမှာ လွယ်လွယ်ဝယ်လို့ရနေသလို၊ တွင်တွင်ကျယ်ကျယ်လည်း သုံးစွဲနေကြဆဲပါ။

“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းကျန်းမာမာ အသက်ဆက်နိုင်ကြဖို့ အတွက် စပ်ဆေးကို မသုံးစွဲကြဖို့နဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပဲ တိုင်ပင်ဆွေးနွေးပြသပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူကြဖို့ တိုက်တွန်းလိုပါတယ်။

အယူအဆမှား၊ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်မှု စတာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။