တနင်္သာရီကို ခြိမ်း‌ခြောက်လာတဲ့ ဥတုကပ်ဘေး

0
1153

အယ်လ်နီညို ရာသီဥတုကြုံကြရတော့မယ်လို့ ကြားသိနေရပေမယ့် တနင်္သာရီတိုင်းတွင်တော့  ထူးပြီးစိုးရိမ်နေကြခြင်းမရှိပေ။

ပြင်ကြီးကျွန်းရွာသား ဦးမင်းအောင်လည်း ထို့အတူပင်။

မိုးရာသီ သောက်သုံးရေအလျှံအပယ်ဖြစ်နေတော့ လယ်ထဲဆင်းလိုက်၊ ထားဝယ်မြစ်ထဲ ငါးဖမ်းထွက်လိုက်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းနေပါတယ်။

မကြာခင် ရာသီဥတုကပ်ဘေးတစ်ခုကျရောက်လာမှာကို သာမန်တောင်သူတစ်ဦးဖြစ်တဲ့ ဦးမင်းအောင် ဂရုစိုက်ရကောင်းမှန်း၊ စိုးရိမ်ပူပန်ရကောင်းမှန်း မသိ။

“အယ်လ်နီညိုမဖြစ်လည်း ရေကနှစ်တိုင်း ရှားနေတာပဲလေ” လို့ ဦးမင်းအောင်ကဆိုပါတယ်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်းကျေးရွာဟာ နွေရာသီဆို နှစ်တိုင်း သောက်သုံးရေ အကြီအကျယ်ပြတ်လပ်တဲ့ ဒေသတစ်ခုပါ။ နှစ်တိုင်း ရေအလှူရှင်ကိုမျှော်ရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

မနှစ်ကဆိုရင် ကျွန်းပေါ်သောက်သုံးရေ မရှိတော့တဲ့အထိဖြစ်သွားခဲ့လို့ တစ်ဖက်ကမ်း သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရွာမှာ လှေနဲ့သွားပြီး သောက်သုံးရေဝယ်သုံးခဲ့ရပါတယ်။ အချို့ဆို ချိုးရေမရှိတော့လို့ ထားဝယ်မြစ်ထဲ ရေဆင်းကူးရတဲ့အထိ ဖြစ်ခဲ့ကြတာပါ။

အခုလည်း ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုက ပြင်ကြီးကျွန်းရွာကို မနှစ်ကထက် ပိုဆိုးတဲ့ အခြေအနေတစ်ခုဖြစ်လာဖို့ တာစူနေပါတယ်။

အစွန်းရောက်ရာသီဥတု အယ်လ်နီညိုဟာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ဖို့ ချဉ်းကပ်လာနေပါပြီ။

စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ စစ်ဘေးအပါအဝင် အထွေထွေ အကျပ်အတည်း ကြုံတွေ့နေကြတဲ့  မြန်မာနိုင်ငံသားတွေအတွက် အယ်လ်နီညိုဟာ နောက်ထပ်ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

မိုးလေသပညာရှင်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားတာ၊ ရောဂါပြန့်ပွား ကူးစက်မှုနှုန်းများတာ၊ အစာရေစာငတ်မွတ်ခေါင်းပါးတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များတာ စတာတွေဖြစ်နိုင်တယ်လို့ သူ့ရဲ့ Facebook လူမူကွန်ယက်မှာ ရေးသားသတိပေးထားပါတယ်။

တောင်ပိုင်းနဲ့ အယ်လ်နီညို

မြန်မာပြည်က တခြားဒေသတွေနဲ့စာရင် မြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ တနင်္သာရီတိုင်းဟာ အီကွေတာနဲ့ပိုနီးပါတယ်။ ဒါကြောင့် အယ်လ်နီညိုဖြစ်ရင် တနင်္သာရီတိုင်းဟာ အခြားဒေတွေထက် ပိုမိုပူးပြင်းနိုင်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် မြန်မာနိုင်ငံအနေဟာ အယ်လ်နီညိုရိုက်ခတ်မှုအားနည်းတဲ့ ဒေသထဲပါဝင်ပေမယ့် အပူချိန်ကတော့ မြင့်တက်ဖို့ရှိနေပါတယ်။

အယ်လ်နီညိုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်ထက် ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောဆိုပါတယ်။

“တနင်္သာရီတိုင်းက မြန်မာပြည်တစ်ခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အီကွေတာနဲ့ပိုနီးတဲ့အတွက် ၂၀၂၄ ထဲမှာ အပူချိန်ပိုများနိုင်ပါတယ်” လို့ ဦးဝင်းနိုင်ကဆိုပါတယ်။

၂၀၂၃ ဒီဇင်ဘာလအထိ တနင်္သာရီတိုင်းမှာ မိုးရွာသွန်းနိုင်ခြေရှိနေသေးသလို အပူချိန်မြင့်တက်နိုင်ခြေလည်း ရှိတဲ့အတွက် မိုးရွာနေပေမဲ့ ပူအိုက်နေတာမျိုး ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

မိုးခေါင်ရေရှား ဖြစ်လာနိုင်သလား

တနင်္သာရီတိုင်းဟာ မိုးရာသီတလျှောက်လုံး မိုးရေချိန်တွေကြောင့် ပွင့်လင်းရာသီမှာ ရေတွင်းရေကန်တွေ ပြည့်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ဧပြီ၊ မေလ တွေရောက်ရင်တော့ ခမ်းခြောက်လာလေ့ရှိပြီး သောက်သုံးရေတွေရှားပါးလာပါပြီ။ မေလကိုကျော်ပြီး ဇွန်လထဲရောက်ရင်တော့ မိုးပြန်ရွာလေ့ရှိတာကြောင့် ရေပြန်ပြည့်လေ့ရှိပါတယ်။ ဒါက သာမန်အခြေအနေ ဖြစ်ရိုးဖြစ်စဉ်ပါ။

အခုက သာမန်အခြေအနေမဟုတ်ဘဲ ပူးပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတု ကျရောက်နေတဲ့ ကာလဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာနောက်ကျနိုင်သလို မိုးခေါင်တာလည်းဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ခန့်မှန်းချက်တွေအရတော့ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄  ဇန်နဝါရီလအတွင်း အားအကောင်းဆုံးဖြစ်မယ်လို့ဆိုထားပါတယ်။ နောက်ပိုင်းမှာတော့ အားပျော့လာနိုင်ပေမယ့် အယ်လ်နီညိုဖြစ်စဉ်က ၂၀၂၄ စက်တင်ဘာလအထိ ကြာနိုင်တယ်လို့ ဆိုထားပါတယ်။

မိုးရေကိုမှီခိုနေရတဲ့ တနင်္သာရီတိုင်းဟာလည်း မိုးရွာနောက်ကျရင်၊ မိုးခေါင်ခဲ့ရင် သောက်သုံးရေ ပြဿနာရှိလာနိုင်ပါတယ်။

“ပြီးခဲ့တဲ့နှစ်နှစ်လောက်တုန်းက ထားဝယ်မှာလည်း မြေအောက်ရေအဆင့် တောတော်ကျသွားတယ်လို့ ကြားရတယ်။ အခုအယ်လ်နီညိုမှာလည်း မိုးသာစောစောမကျခဲ့ရင်(မိုးစောစာမရွာရင်) ရေအခက်အခဲတွေ့နိုင်တာပေါ့” လို့ ထားဝယ်ဒေသခံ ရေပညာရှင် ဦးကျော်ဦးက ပြောပါတယ်။

အလားတူဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်ကဖြစ်ပွားခဲ့ဖူးပါတယ်။

၁၉၉၇-၉၈ ခုနှစ် ဂေါ်ဇီလာအမည်ရ အယ်ယ်နီညိုကြောင့် မြန်မာနိုင်ငံတဝှမ်း မိုးခေါင်ရေရှားဖြစ်ခဲ့ဖူးတာပါ။ မှတ်တမ်းတွေအရ အဲဒီနှစ်အယ်လ်နီညိုမှာ မြန်မာနိုင်ငံတဝှမ်း မြို့ကြီး ၁၈ မြို့မှာ အပူချိန်စံချိန်သစ်တွေတင်ခဲ့ပြီး အခြားမြို့ ၁၅ မြို့မှာတော့ မိုးရေချိန်အနည်းဆုံး စံချိန်တင်ခဲ့ဖူးပါတယ်လို့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောဆိုခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ် အယ်လ်နီညိုဟာလည်း ကမ္ဘာမှာအပြင်းထန်းဆုံးဖြစ်ခဲ့ပြီး သဘာဝဘေးမျိုးစုံကျရောက်ခဲ့ဖူးပါတယ်။

အခုနှစ်မှာရင်ဆိုင်ရမယ့် အယ်လ်နီညိုဟာလည်း သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အပူချိန်တွေထက် ပိုပြင်းထန်နိုင်တယ်လို့ World Metrological Organization (WMO) အဖွဲ့က မေလ ၃ ရက်က သတိပေးထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့မှာဆိုရင် အဝီစိတွင်းတွေတူးပြီး မြေအောက်ရေထုတ်ယူသုံးစွဲမှုများလာတာကြောင့် အယ်လ်နီညိုမှာ ရေပိုရှားနိုင်တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အရာရှိတစ်ဦးကပြောပါတယ်။

“မြေအောက်ရေတွေ အချိန်မီပြန်မဖြည့်နိုင်ရင်တော့(မိုးမရွာရင်) ရေကတော်တော်လေးကို ပြဿနာတက်နိုင်တယ်။ ထားဝယ်အနေအထားနဲ့လေ။ ပြီးတော့ ကော့သောင်းမှာဆိုလည်း အဲဒီအတိုင်းပဲ။ ကော့သောင်းကတော့ ထားဝယ်ထက်စာရင် အခြေအနေပိုဆိုးတယ်” လို့အဲဒီအရာရှိကဆိုပါတယ်။

ထားဝယ်ဟာ နှစ်စဉ် အဝီစိတွင်း ရာနဲ့ချီတူးပြီး မြေအောက်ရေထုတ်ယူသုံးစွဲနေတာကြတာပါ။ ဒါပေမဲ့ မြေအောက်ရေ ပြန်ပြည့်ဖို့ အစီအစဉ်ချမှတ် လုပ်ဆောင်တာမျိုးတော့ မရှိပါဘူး။

“ထားဝယ်မှာ ရေသိုလှောင်ဖို့အင်မတန်အားကောင်းတဲ့ ရေအောက်မြေလွှာကြီးက ရှိနေတယ်လို့ ကျွန်တော်ကောက်ချက်ချတယ်။ လူတွေက မမြင်ရလို့မသိတာ။ ဒီရေလှောင်ကန်ကြီးရှိနေပေမယ့် မိုးကလည်းအများဆုံး ရွာပေမယ့် မိုးရေကို မြေအောက်ရေလှောင်ကန်ထဲကို အပြည့်အဝမသွင်းနိုင်လို့သာလျှင် မိုးနည်းနည်းကြာသွားတာနဲ့ မြေအောက်ရေခမ်းတယ်။ ရေ Level ကျသွားတယ်ဆိုတာ ကြားနေရတာပေါ့” ဟု ရေပညာရှင် ဦးကျော်ဦးကဆိုသည်။

မြေအောက်ရေကြောထဲမှာ ရေစုနိုင်ဖို့အတွက် ဘယ်လိုနေရာမျိုးမှာ ရေစုကန်ကြီး ဆောက်ပြီးတော့ အရန်ရေစုကန်တွေကတစ်ဆင့် မြေအောက်ရေကြောထဲကို စိမ့်ဝင်စေမလဲဆိုတာ လုပ်ဖို့လိုတယ်လို့လည်း သူကရှင်းပြပါတယ်။

မြေအောက်ရေကို စနစ်တကျ ထိန်းသိမ်းတာမျိုးမရှိတဲ့အတွက် နွေရောက်လာရင် မြေအောက်ရေ ခမ်းသွားတတ်ပါတယ်။

ထားဝယ်ဒေသခံတွေကတော့ ဒီပြဿနာကို အလွယ်ဖြေရှင်းဖို့အတွက် ရေတွင်းတွေကို ပိုပြီးနက်နက်တူးလာကြပါတယ်။

“တစ်နှစ်ဆိုရင်တော့ တွင်းတစ်ရာလောက်တူးရတယ်။ ထားဝယ်မြို့ထဲမှာတော့ အခုနောက်ပိုင်း ပေလေးဆယ် တူးကြတာ အနည်းဆုံးပဲ။ ပေနှစ်ဆယ်သုံးဆယ်တူးရင် နွေကာလဆိုရေခမ်းသွားလို့ ကြိုပြီးတော့ တူးထားကြတာပေါ့” လို့ ထားဝယ်မြို့ခံ အဝီစိတွင်းတူးသမားတစ်ဦးကဆိုပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်နိုင်

တနင်္သာရီတိုင်းဟာ ရော်ဘာ၊ ကွမ်းသီး၊ စပါး စတဲ့သီးနှံတွေကို အများဆုံးစိုက်ပျိုးလုပ်ကိုင်ပြီး ဒေသခံတွေ အသက်မွေးဝမ်းကျောင်းနေကြတာပါ။

ပူးပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုကြောင့် တိုင်းထဲက ကွမ်းသီး၊ ရော်ဘာ စတဲ့နှစ်ရှည်အပင်တွေ သေဆုံးတာ အထွက်နှုန်းလျှော့ကျတာတွေ ဖြစ်လာနိုင်တယ်လို့ ထားဝယ်ခရိုင်မှာနေတဲ့ စိုက်ပျိုးရေးကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

“ခါတိုင်းအယ်လ်နီညိုမရှိတဲ့ နှစ်တောင်မှ တော်တော်လေးပူပြင်းတာဆိုတော့ အဲဒီအချိန်မှာတောင် ကွမ်းသီးခြံ တော်တော်များများ သေတာတွေတွေ့နေရတော့ အယ်လ်နီညိုရှိတယ်ဆိုရင်တော့ သေနှုန်းကပိုပြီးတော့ များလာနိုင်တယ်ပေါ့လေ” လို့ စိုက်ပျိုးရေးကျွမ်းကျင်သူကဆိုပါတယ်။

ဒါကြောင့် နှစ်ရှည်အပင်တွေစိုက်ပျိုးထားကြတဲ့သူတွေအနေနဲ့  အပူလောင်ပြီးသေဆုံးတာတွေမဖြစ်အောင် အပူဒဏ်ကာကွယ်ဖို့ အပင်အောက်ခြေမှာ မြက်ဖုံးပေးတာမျိုးတွေလုပ်ကြဖို့နဲ့ ရော်ဘာအပင်တွေ အထွက်နှုန်းကျဆင်းမှု လျှော့နည်းအောင် မြေဩဇာကျွေးပေးထားဖို့လိုတယ်လို့ အဲဒီစိုက်ပျိုးရေးကျွမ်းကျင်သူက သတိပေးပါတယ်။

အလွန်ပူးပြင်းတဲ့ ရာသီဥတုကြောင့် တောမီးလောင်တာတွေလည်းရှိလာနိုင်တာမို့ ဥယျာဉ်ခြံသမားတွေနဲ့ ကြိုတင်သတိထားရမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း သတိပေးထားပါတယ်။

စပါးစိုက်ပျိုးကြတဲ့သူတွေအနေနဲ့လည်း မူမမှန်တဲ့ရာသီဥတုကြောင့် ဆုံးရှုံးမှုများမယ်လို့ဆိုပါတယ်။ ရိပ်သိမ်းချိန်မှာ အဖျက်မိုးကြောင့် စပါးပျက်စီးတာတွေရှိလာနိုင်တယ်လို့  ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဒါ့အပြင် မိုးခေါင်ရေရှားမှုကြောင့် စပါးစိုက်ပျိုးရေးထိခိုက်နိုင်ပြီး  စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်လာဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။

ဥတုကပ်ဘေးနှင့် တော်လှန်ရေး

ဥတုကပ်ဘေးတွေက စစ်ကောင်စီကို ထိခိုင်နိုင်ခြေထက် တော်လှန်ရေးသမားများကိုသာ ထိခိုက်နိုင်ခြေက ပိုများတယ်လို့ ISP Myanmar အဖွဲ့က သုံးသပ်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့ ကုန်း‌ဈေးနှုန်းကြီးမားတဲဒဏ်ကို ခံစားနေရတဲ့ မြန်မာလူ့အဖွဲ့အစည်းဟာ ချည့်နဲ့နေပါပြီ။

အဲဒီအချိန်မှာ အယ်လ်နီညိုလိုမျိုး ဥတုကပ်ဘေးပါ ထပ်ရင်ဆိုင်ရမယ်ဆိုရင် မြန်မာလူ့အဖွဲ့အစည်းဟာ တစ်ဦးကိုတစ်ဦး ကူညီထောင့်ပံ့မှုလုပ်နိုင်တော့မှာမဟုတ်သလို လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာလည်း ထောက်ပံ့ပေးနိုင်တော့မှာ မဟုတ်တော့ဘူးလို့ သုံးသပ်ထားတာပါ။

လက်နက်ကိုင်တော်လှန်ရေးမှာ အားကောင်းတဲ့ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး ဒေသကပြည်သူတွေဟာ သိပ်မကြားသေးမီကမှ မိုခါမုန်တိုင်းဒဏ်ကို ခံစားထားရတာဖြစ်ပါတယ်။

မုန်ခါမုန်တိုင်းဒဏ်ကို အများဆုံးခံစားခဲ့ရပြီး ထိခိုက်မှုအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေဟာလည်း အခုချိန်အထိ နလန်ပြန်မထနိုင်သေးပါဘူး။

အဲဒီလိုအခြေအနေမှာ အယ်လ်နီညိုရာသီဥတုဘေးကိုပါ ထပ်ပြီးခံစားလာရမယ်ဆိုရင် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်တော့မှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာလည်း ပြည်သူတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရတာဖြစ်လို့ ရိက္ခာအခက်အခဲ၊ လက်နက်ခဲယမ်းလိုအပ်ချက် စတဲ့စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ ထားဝယ်အရှေ့တောဒေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

“အယ်လ်နီညိုဖြစ်လာရင် ကိုယ်တပ်ဖွဲ့အတွက် ဘာလုပ်ထားရမလဲဆိုတာကို အခုကတည်းက စဉ်းစားထားရမယ်။ တစ်ဖက်မှာလည်း ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာပါ စဉ်းစားထားဖို့လိုတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့လို ခံယူထားရင် ပြည်သူတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လေ” လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေမှာလည်း စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ လိုသလောက်မရတာတွေ ရှိလာနိုင်ခြေရှိပါတယ်။

“အခုတောင်မှ စစ်ဘေးရှောင်တွေအတွက် အလှူခံရတာ ပိုခက်ခဲလာတယ်” လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ပူးပြင်းတဲ့ရာသီဥတုကြောင့် သောက်သုံးရေလုံလုံလောက်မရရင် ဝမ်းပျက်၊ ဝမ်းလျှော၊ ရောဂါတွေ စစ်ဘေးရှောင်တွေခံစားရနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

အပူဒဏ်ကာကွယ်ဖို့နဲ့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အသက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ်လို့လည်း ကျန်းမာရေးကျွမ်းကျင်သူကဆိုပါတယ်။

ဒါကြောင့် အခုစတင်သက်ရောက်နေပြီဖြစ်တဲ့ အယ်လ်နီညိုဖြစ်စဉ်က တနင်္သာရီတိုင်းကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ပေးတော့မှာပါ။

လတ်တလောမှာတော့ သက်ရောက်မှု မကြီးသေးလို့ လူတွေဂရုမစိုက်ကြပေမယ့် မကြာခင်အချိန်မှာတော့ ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ကြုံတွေ့ရတော့မှာပါ။

အခုပြင်ဆင်ချိန် နည်းနေပြီဆိုပေမယ့် လုံးလုံးမပြင်တာထက် အခုကစပြင်ကြဖို့လို့ပြီလို့ ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

မွန်ပြည်နယ်မိုးလဇပြည်နယ်ဦးစီးမှူးကလည်း“အယ်လ်နီညိုရာသီဥတုဖြစ်ရင် ကောင်းတာဆိုလို့ ဘာတစ်ခုမှမရှိဘူး။ သူက အစွန်းရောက်ရာသီဥတုတွေကို ဖြစ်စေပြီးတော့ သဘာဝဘေးတွေ အမျိုးမျိုးကျရောက်လေ့ရှိတယ်” လို့ ပြောဆိုလိုက်ပါတယ်။