လောင်းလုံး သကျက်တောရွာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ နေအိမ်နှစ်လုံးနှင့် တဲတစ်လုံး မီးရှို့ခံရ

0
3421

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောရွာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နေအိမ်နှစ်လုံးနှင့် ထန်းရည်တဲတစ်လုံး မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီခန့်တွင် သကျက်တောနယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ထန်းရည်လာဝယ်တဲ့ရဲကို ချောင်းပြီးပစ်တာကနေ စဖြစ်တာ။ ရဲတွေက အမြဲတမ်း (ထန်းရည်) လာဝယ်နေကျပဲ အဲဒီဆိုင်မှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ သကျက်တောနာရေးကူညီမှုရုံးအနီးတွင်ဖြစ်သည်။

အနီးနားရှိ ဒေသခံများမှာ ပစ်ခတ်သံများကြောင့် ထွက်ပြေးသွားချိန်တွင် နေအိမ်နှစ်လုံးနှင့် ထန်းရည်တဲကို စစ်ကောင်စီတပ်က မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

နာရေးကူညီမှုရုံးအနီးရှိ သံပန်း၊ သံတံခါးလုပ်ကိုင်နေသော ဓနိမိုး၊ ဝါးထရံကာ နေအိမ်တစ်လုံး၊ သံချဲ့စက်ငှားရမ်းခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် တစ်ထပ်တိုက်အိမ်တစ်လုံးနှင့် ထန်းရည်တဲတို့ မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဘာမှကို မကျန်တော့ဘူး။ ရှိသမျှပစ္စည်းတွေ အကုန် မီးထဲပါကုန်ပြီ။ သံပန်းအိမ်မှာလည်း အလုပ်လုပ်တဲ့ ပစ္စည်းတွေ အကုန်ပဲ (မီးထဲ) ပါသွားတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သကျက်တောနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေသည်။ သို့သော်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသခံအချို့မှာ နေအိမ်စွန့်ခွာပြီး ‌နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နာရေးကူညီမှုရုံးမှာ မီးလောင်းကျွမ်းသည့်အထဲ မပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

၂၀၂၂ ခုနှစ် မေလ ၅ ရက်ကလည်း သကျက်တောနယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ညဘက်လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

သကျက်တောကျေးရွာသည် ထားဝယ် လောင်းလုံး ရှင်မော်သွားလမ်းပေါ်တွင်တည်ရှိပြီး ထားဝယ်မြို့မှ မိုင် ၃၀ ကျော် ကွာဝေးသည်။