အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

0
4036

Princes in The Darkness 1990s

အခန်း(၇)

ဗေဒါက မျက်လုံးတို့ကို အားယူဖွင့်လိုက်သည်။

မျက်နှာကျက် ခရမ်းရောင်။

နုံးချိနေသော ခန္ဓာကိုယ်ကို တံတောင်စစ်ဖြင့် အားယူကာ ထရန်ပြင်သည်။

ဘယ်ဘက်တံတောင်အောက်မှ စူးခနဲ။

ညာဘက်လက်ဖြင့် ထိုတံတောင်အောက်ကို နှိုက်လိုက်၏။

ကွန်ဒုံး ထည့်သည့် ပလပ်စတစ်အမာအိတ်တစ်ခု ထွက်လာသည်။

ကုတင်ခြေရင်းသို့ ခြေထောက်ချလိုက်ချိန်တွင်လည်း နောက်ထပ် ကွန်ဒုံးအိတ် နှစ်ခု ။

ညက အတော်များသွားသည်ပဲ။

စိုးမြတ်တို့အဖွဲ့နှင့်သူ တရုတ်တန်းတွင် အရက်ပြင်းသောက်ကြသည်။ ထူးထူးခြားခြား ကင်းမြီးကောက်များစိမ်ထားပြီး အားရှိပါသည်ဆိုသော အရက်။

နောက်တော့ စိုးမြတ်က အလုံလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းထောင့်မှ သူ့အပိုင် ကေတီဗွီသို့ ခေါ်သွားသည်။

ကေတီဗွီတွင် စိုးမြတ်ဖန်တီးပေးသော ဘိန်းဖြူကို အတူတူရှုကြ၏။

ထို့နောက်…သူတို့ တနေရာဆက်ကြပြန်သည်။

ဘယ်နေရာ၊ ဘယ်အရပ်မှန်းတော့ ဗေဒါမမှတ်မိတော့။

ဗေဒါမှတ်မိသည်က ခြံကျယ်ကြီးတစ်လုံးထဲမှ ခေတ်မီတိုက်ကြီး။

တိုက်ကြီး ၏ ဝင်ဝင်ချင်းတွင် နဝတအစိုးရ အတွင်းရေးမှူး(၁)  နှင့် ဓာတ်ပုံတွဲရိုက်ထားသည့် လူတစ်ယောက်ပုံ အကြီးကြီး။

ဓာတ်ပုံထဲက လူကပင် စိုးမြတ်နှင့်ဗေဒါတို့ကို ပြာပြာသလဲကြိုဆိုသည်။

“ကိုတင်နွယ်” ဟု စိုးမြတ်က မိတ်ဆက်ပေးသည်။

မကြာမီ ကိုတင်နွယ်၏ အထူးသီးသန့်ဆိုသော နတ်မိမယ်လေးများ သူတို့ရှေ့ရောက်လာ၏။

စိုးမြတ်က တစ်ယောက်ရွေး၊ သူက ရွှေအိုရောင်ဆံပင်နှင့် နတ်မိမယ်လေးတစ်ယောက်ကိုရွေး။

သူ့ကားနှင့်ပင် ဒီဟိုတယ်ကိုရောက်လာကြ။

သူနှင့် ရွှေအိုရောင်ဆံပင် နတ်သမီးလေးက တခန်း။

ပြီးတော့..ပြီးတော့..ထို့နောက်..ထို့နောက်မှာ။

ဒီကုတင်ခြေရင်းက ကွန်ဒုံးအခွန်တွေက သက်သေပေါ့။

ဗေဒါက နောက်ကျိကျိဖြစ်နေသော ခေါင်းကို ခါရမ်းလိုက်သည်။ ထို့နောက် ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး ဘီယာတစ်ဗူးဖွင့်သောက်လိုက်၏။

ထိုအခါမှ ခေါင်းက အနည်းငယ်ကြည်လင်သွားသည်။

ရွှေအိုရောင်ဆံရှည်မလေး များ ရှိနေဉီးမလားဟု ရေချိုးခန်း တံခါးကို သွားလှပ်ကြည့်လိုက်၏။

မရှိ။

ဘယ်အချိန်က လစ်သွားသည်မသိ။

စားပွဲပေါ်တင်ထားသည့် နာရီကို ကြည့်လိုက်မှ ညနေ လေးနာရီထိုးသည်ကို သိလိုက်ရသည်။

ဗေဒါက ဟိုတယ်ခများ ရှင်းခဲ့မရှင်းခဲ့ မေးမြန်းရန် စိုးမြတ်ဆီ ဖုန်းခေါ်လိုက်၏။

မကိုင်။

ထို့ကြောင့် ရေမိုးချိုးကာ အောက်ထပ်သို့ ဆင်းလာပြီး အခန်းသော့အပ်လိုက်သည်။

ကောင်တာကို စုံစမ်းကြည့်သည့်အခါ စိုးမြတ်ဧည့်သည်မို့ အခန်းခရှင်းစရာမလိုတဲ့။

တယ်ဟုတ်ပါလားပေါ့။

ကားပေါ်သို့ ရောက်သည်နှင့် ဗိုက်က ဆာလာသည်။

ဗေဒါက လမ်းပေါ်တွင် တွေ့သည့် စားသောက်ဆိုင်တစ်ခုတွင် ကားထိုးရပ်ကာ ခေါက်ဆွဲကြော်တစ်ပွဲ၊ ဝီစကီတစ်ပက်မှာလိုက်၏။

ထိုအချိန်တွင် စိုးမြတ် ဆီမှ ဖုန်းပြန်ဝင်လာသည်။

“ခုန ကေ့စ်တစ်ခု သွားရှင်းနေလို့..အခုတော့ပြီးသွားပြီ..ဗေဒါ..မင်းဘယ်မှာရှိမလဲ”

ဗေဒါက သူထိုင်နေသည့် စားသောက်ဆိုင်နာမည်ကို ပြောလိုက်၏။

ခဏအကြာတွင် စိုးမြတ်နှင့် သူ့တပည့်များ ရောက်ချလာသည်။

သည်တခေါက်ရောက်လာသည် က ကားသုံးစီးနှင့်။ လူက ဆယ်ယောက်ကျော်။

စိုးမြတ် က ဗေဒါ၏ ဝိုင်းတွင်လာထိုင်ပြီး ကျန်သူများက အခြားဝိုင်းများတွင် ထိုင်လိုက်ကြသည်။

ဧရာကြီးက ခပ်လှမ်းလှမ်းဝိုင်းတွင်ထိုင်ရင်း ဗေဒါ့ကို ပြုံးပြ၏။

“မင်းတို့ သောက်ချင်တာ၊ စားချင်တာ မှာကြ”

စိုးမြတ် က အော်ပြောလိုက်ပြီး ဗေဒါ့ ရှေ့မှ ဝီစကီခွက်ကို ကြည့်လိုက်သည်။

“ရက်လား..ဘလက်လား..တစ်လုံးမှာလိုက်လေကွာ..ငါလည်းသောက်မှာပေါ့”

ဗေဒါက ရက်လေဘယ်တစ်လုံး မှာပေးလိုက်၏။

“မနေ့ညကတည်းက မင်းကို ငါ အကူအညီတောင်းမလို့ပဲ..ဗေဒါ..ဒါပေမယ့်..တွေ့တွေ့ချင်းဆိုတော့…အခွင့်အရေးမယူချင်လို့”

“ပြောပါ..ကိုစိုးမြတ်..ခင်ဗျားတုန်းကလည်း ကျွန်တော့်ကို အများကြီးကူညီခဲ့တာပဲကိုး”

စိုးမြတ်က သူ၏ ဂျာကင်အိတ်ထဲမှ သတင်းစာခေါက်တစ်ခုကို ထုတ်လိုက်သည်။

ထို့နောက် ဗေဒါရှေ့သို့ ထိုးပေးလိုက်၏။

ဗေဒါက သတင်းစာခေါက်ကို ဖြန့်လိုက်သည်။

သတင်းစာခေါင်းကြီးက “ရန်ကုန်မြို့၏ အကြီးဆုံးနိုင်ငံတကာဆိပ်ကမ်းဖွင့်ပွဲအား နိုင်ငံတော်အကြီးအကဲတက်ရောက်” ဆိုသည့်သတင်း။

ဓာတ်ပုံထဲတွင် နိုင်ငံတော်အကြီးအကဲဆိုသူများ၏နဘေး..အဘိုးကြီးတစ်ဉီးနှင့် မစ္စတာလု တို့ က ရှင်းပြနေကြသည့်ပုံ။

“အဲ့ဒီဆိပ်ကမ်းကြီးတစ်ခုလုံးက….မင်း အလုပ်ရှင်တွေပိုင်တာ..ဗေဒါ”

ဗေဒါက သူသိပြီးသားဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကဲ..ကျွန်တော့်ကို ပြောစရာရှိတာသာ ပွင့်ပွင့်လင်းလင်းပြော..ကိုစိုးမြတ်”

စိုးမြတ်က စကားမပြောသေးပဲ…လာချပေးသည့် ရက်လေဘယ်ပုလင်းကို ဖင်ကိုရိုက်ပြီး လှည့်ဖွင့်လိုက်သည်။

ထို့နောက် သူ့ရှေ့မှ ဖန်ခွက်ထဲသို့ ငှဲ့လိုက်၏။

ရေခဲထည့်ကာ ရေရောသည်။ တငုံငုံလိုက်ပြီးမှ။

“အခု ငါ့ ဖား က နှပ်ချေးကွာ…ငါတို့မှာ သူ့အတွက် အသက်တွေပေးပြီးအလုပ်လုပ်ရတာ…ပိုက်ဆံက ထင်သလောက်မထွက်ဘူး..ဂျင်တဝိုင်းဆို သိန်းရာဂဏန်းလောက် သူရပေမယ့်..ငါတို့ကျ ဆယ်ဂဏန်းတောင် ပြန်မထွက်ဘူး..ငါက အကြောင်းမဟုတ်ဘူး..ဟိုမှာကြည့်..ငါ့ကျောင်းသားတွေ..သူတို့မှာလည်း ပါးစပ်နဲ့ နောက်မှာလည်း မိသားစုနဲ့ကွာ..အဲ့ဒါ”

စိုးမြတ်က နောက်ထပ် ဝီစကီတစ်ငုံငုံလိုက်ပြန်သည်။

“နေပါဉီး..ဖား ဆိုတာ ဘာလဲ..ကျွန်တော်နားမလည်ဘူး”

“ဟာ..မင်းကလည်း..ငါ့ကို နောက်ကွယ်က ငွေထုတ်ပေး၊ လမ်းကြောင်းရှင်းပေးတဲ့ သူဌေးကို ပြောတာ”

“အော်..သဘောပေါက်ပြီ..အဲ့ဒီတော့..ကျွန်တော်က..ခင်ဗျားကို မစ္စတာလု တို့နဲ့ ချိတ်ပေးရမယ်ပေါ့..အဲ့ဒီလိုလား”

ဗေဒါက တည့်တည့်ပင်မေးချလိုက်သည်။

“အင်း…သဘောကတော့ အဲ့ဒီသဘောပေါ့..ဗေဒါရာ..သူတို့မှာ အလုပ်လေးဘာလေး ခိုင်းစရာရှိရင်..ငါလုပ်ပေးနိုင်တယ်ဆိုတာ မင်းက အသိပေးစေချင်တာ..တော်ကြာ ငါဝင်ဂျွိုင်းလိုက်လို့…မင်းအပေါ်ပါ သူတို့က ခေါက်သွားမှာ စိုးရိမ်တယ်”

“ကိစ္စမရှိပါဘူး..ဒီအလုပ်တောင် ကိုစိုးမြတ်ကျေးဇူးကြောင့် ကျွန်တော်ရထားတာပဲကိုး..အခုပဲ..သူ့ဆီ ဖုန်းခေါ်လိုက်မယ်”

ဗေဒါက တိုက်ရိုက်ဖုန်းခေါ်မည်ဆိုသဖြင့်စိုးမြတ်မှာ ရုတ်တရတ်လန့်သွား၏။

“ဒီအဘိုးကြီးဆီကို မင်းက တိုက်ရိုက်ခေါ်မှာလား”

စိုးမြတ်က သတင်းစာထဲတွင်ပါသော မစ္စတာလုဘေးမှ အဘိုးကြီးကို လက်ညိှးထောက်ပြသည်။

ဗေဒါက မစ္စတာလုပုံကို ထောက်ပြလိုက်၏။

“အော်..အဲ့ဒါ အဘိုးကြီးရဲ့ တတိယသား လုလောပဲ”

“ကျွန်တော်ကတော့ နာမည်အရင်းတွေဘာတွေ အခုထိ သေချာမသိပါဘူး..ဒါပေမယ့်..အခုပဲ ခင်ဗျားကိစ္စ သူကိုပြောလိုက်မယ်”

ဗေဒါက မစ္စတာလု ထံသို့ ဖုန်းတိုက်ရိုက်ခေါ်လိုက်သည်။

ကံကောင်းထောက်မစွာပင် မစ္စတာလုက ဖုန်းကိုင်၏။

ဗေဒါက အကြောင်းစုံရှင်းပြလိုက်သောအခါ မစ္စတာလုက ရှောရှောရှူရှူပင်။

သူ့ထံသို့ စိုးမြတ်ကို ခေါ်လာခဲ့ရင် ပြန်ပြောသည်။

စိုးမြတ်မှာ တကယ်ပင် ဝမ်းသာအားရဖြစ်နေ၏။

ဗေဒါ၏ ကားပေါ်တွင် ထိုင်လိုက်ရင်း တလမ်းလုံး ဟာသများ ပြောလာသည်။

ယောမင်းကြီးလမ်းရှိ ခြံကြီးသို့ရောက်သောအခါ စိုးမြတ်သည် ဗေဒါရောက်ခါစက ကဲ့သို့ပင် အိမ်ကြီး၏ ခမ်းနားမှုကို တအံတဩဖြစ်လျက်။

ဧည့်ခန်းအဝတွင် ရှမ်းတရုတ်မ ငယ်ငယ်ချောချောလေး သုံးယောက်က သူတို့ကို ကြိုဆိုနေရာချပေးသည်။

စိုးမြတ်ရော ဗေဒါပါ စကပ်တိုမ ဖွေးဖွေးလေးများအား ထိုင်ကြည့်နေရင်း နာရီဝက်ခန့်စောင့်နေလိုက်၏။

ခဏအကြာတွင် အပေါ်ထပ်မှ ဂျာနူး ဆင်းလာသည်။

ဂျာနူးက အနီရောင်ချိတ်ထမီနှင့် မြန်မာရင်ဖုံးကို ထူးထူးခြားခြားဝတ်ထား၏။

“ရှင်တို့ကို မစ္စတာလောက အပေါ်ထပ် အခန်းမှာတွေ့ပါမယ်..ကျွန်မနဲ့လိုက်ခဲ့ပါ”

ဗေဒါနှင့် စိုးမြတ်မှာ ဂျာနူးခေါ်ဆောင်ရာ အပေါ်ထပ်သို့ ကြောင်လိမ်လှေကားကြီးအတိုင်း တက်သွားကြသည်။

အပေါ်ထပ်ရှိ ဧည့်ခန်းကျယ်ကြီးကိုကျော်ဖြတ်ပြီးသည့်အခါ အခန်းတံခါးတစ်ခုကို ဂျာနူးက ခေါက်လိုက်ပြီးနောက် တွန်းဖွင့်လိုက်၏။

ထိုအခန်းသည်လည်း အတော်ပင်ကျယ်ဝန်းသည်။

စားပွဲရှည်ကြီး၏ ထိပ်ဆုံးတွင် မစ္စတာလု ထိုင်နေ၏။

သူ၏ ဘယ်ဘက်တွင် လောရှည်။ ညာဘက်တွင် မစ္စတာလုနှင့်အတော်ရုပ်ချင်းဆင်သည့် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ကလေးတစ်ဉီး။

လောရှည် က သူတို့နှစ်ဉီးကို ထိုင်ရန် အချက်ပြလိုက်သည်။

နီးစပ်ရာ ခုံတွင် သူတို့ ဝင်ထိုင်လိုက်ကြ၏။

ဗေဒါကပင် စိုးမြတ်နှင့် မစ္စတာလု ကို မိတ်ဆက်ပေးလိုက်သည်။

“စိုးမြတ်…မင်းနာမည်ကိုတော့ ငါတို့ ကြားဖူးပြီးသားပါ..ငါတို့သိချင်တာက..ဗေဒါကို စကားဝှက်နဲ့ လိပ်စာ မင်းပြောပြခဲ့တာလို့သိရတယ်…မင်းနဲ့ငါတို့ချင်း ဘာအဆက်အသွယ်မှ မရှိပါပဲ..မင်းက ဒီစကားဝှက်ကို ဘယ်လိုသိတာလဲ”

“ရှောက်လုံးဆီက သိရတာပါ”

“ဘယ်ကရှောက်လုံးလဲ”

“၁၆ လမ်းက”

လောရှည်က မစ္စတာလုအနားသို့ တစ်စုံတစ်ခုတိုးတိုကပ်ပြောလိုက်သည်။

မစ္စတာလုက ခေါင်းညိတ်လိုက်၏။

“ကဲ..ရပြီ…မင်း ငါ့ကို ပြောချင်တဲ့ဟာတွေ ပြောတော့”

မစ္စတာလုက လမ်းဖွင့်ပေးလိုက်သည်။

စိုးမြတ်က သူသည် ရန်ကုန်မြို့၏ တရားမဝင်လုပ်ငန်းအများစုအကြောင်းကို နောကြေနေကြောင်း၊ ထိုအလုပ်များဆီမှ ဆက်ကြေးများရယူထားကြောင်း၊ မြို့နယ်အလိုက် အပိုင်လူမိုက်များသည်လည်း သူ့ဩဇာအောက်က မလွတ်နိုင်ကြောင်း၊ မစ္စတာလုတို့ ၏ ငွေကြေးအကူအညီသာရလျှင် နောက်ထပ် ငွေရပေါက်ရလမ်းများကို ကူညီပေးနိုင်ကြောင်း ဆက်တိုက်ရှင်းပြနေ၏။

မစ္စတာလုတို့ သုံးဉီးမှာလည်း စိုးမြတ်ပြောသမျှကို ဂရုတစိုက်နားထောင်နေသည်။

စိုးမြတ်၏ စကားဆုံးသည်နှင့် မစ္စတာလုက စီးကရက်ကို မီးညိှ့လိုက်ရင်း..

“ဟုတ်ပြီ..မင်းပြောတာတွေအကုန်လုံး..ငါသဘောပေါက်ပြီ..ဒီတော့..ရန်ကုန်မှာ ငွေများများရနိုင်သမျှ အလုပ် အကုန် ငါတို့လုပ်မယ်…အဲ့ဒီအတွက် မင်းကို ငါတို့ ငွေအရင်းအနှီးထုတ်ပေးမယ်…တရားမဝင်လုပ်ငန်း မှန်သမျှ မင်းနာမည်ခံပြီးလုပ်ပေး..မင်းတပည့်တွေအတွက်ရော..မင်းအတွက်ပါ..ငွေကြေးနဲ့ အဖမ်းအဆီးဇယားတွေကနေ ငါတို့ တာဝန်ယူပေးမယ်..ဘယ်လိုလဲ”

စိုးမြတ်၏ မျက်နှာမှာ ဝင်းလက်သွားသည်။

“ဒါပေမယ့်တစ်ခုတော့ရှိတယ်….မင်းအနေနဲ့ ငါတို့နဲ့ တိုက်ရိုက်မဆက်သွယ်ရဘူး…ဗေဒါ နဲ့ပဲ ငွေရေးကြေးရေးကိစ္စကို ဆက်သွယ်ရမယ်..လုပ်ငန်းစတင်မယ်ဆို..ဗေဒါက တဆင့် ငါတို့ကို အစီရင်ခံရမယ်…မင်းလုပ်ငန်းအထိုင်ကျပြီဆို…လောရှည်နဲ့ ဗေဒါက လာစစ်ဆေးမယ်…သူတို့ လက်ခံမှ ငါသဘောတူမယ်…ရတဲ့ဝင်ငွေကို ငါတို့က ငါးဆယ်ရာခိုင်နှုန်း၊ မင်းနဲ့ဗေဒါက ငါးဆယ်ရာခိုင်နှုန်းယူကြ..ဘယ်လိုလဲသဘောတူလား”

“သဘောတူပါတယ်”

“တစ်ခုတော့ ပြောလိုက်မယ်..မင်း အခု ငါတို့အတွက် အလုပ်တွေလုပ်ပေးလို့ စီးပွားရေးအရ အဆုံးအရှုံး ရှိတာကို ငါတို့ ဂရုမစိုက်ဘူး..ငါတို့အတွက် ငွေက အဓိကမဟုတ်ဘူး..အဓိက က တရားမဝင်လုပ်ငန်းလုပ်ကွက်မှန်သမျှ ငါတို့နောက်ကွယ်က ကြိုးကိုင်နိုင်ဖို့ပဲ…ဒီတော့…ငွေရှုံးလည်း ထပ်ရင်းနိုင်တယ်…အင်း..တစ်ခုတော့ရှိတယ်..ရိုးရိုးသားသားရှုံးတာမဟုတ်ပဲ..ငါတို့အပေါ် ကွက်ကျော်ရိုက်ပြီး..သစ္စာတော့မဖောက်နဲ့….သစ္စာဖောက်ခဲ့ရင်..မင်း..ကိုယ့်တရားကိုယ်စီရင်ခံရမယ်..လက်ခံလား”

“လက်ခံတယ်..စိုးမြတ်ကြီးဆိုတာ နာမည်တစ်လုံးနဲ့နေတာ. ဘယ်တော့မှ သစ္စာမဖောက်ဘူး”

“ကောင်းပြီလေ..ဒါဆို စာချုပ်မှာ လက်မှတ်ထိုးဖို့လုပ်”

မစ္စတာလုက စကားဆုံးသည်နှင့် မတ်တပ်ထရပ်ကာ အခန်းတွင်းမှ ထွက်သွား၏။

လောရှည်နှင့် လူငယ်လေးကပါ သူ့နောက်က လိုက်သွားသည်။

စိုးမြတ်နှင့်ဗေဒါမှာ အခန်းတွင် ထိုင်ကျန်ရစ်၏။

ခဏအကြာတွင် ဂျာနူးက စာချုပ်တစ်စောင်ကို ကိုင်လျက် အခန်းထဲဝင်လာသည်။

“ငါတို့က ဘာကို လက်မှတ်ထိုးရမှာလဲ..ဗေဒါ”

စိုးမြတ်က နားမလည်သဖြင့်  ဗေဒါအား မေးလိုက်၏။

“ဘာလဲ..ခင်ဗျားက သူနဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမယ်ထင်နေတာလား…လာမှ ဖတ်ကြည့်ပေါ့ဗျာ”

ဗေဒါက ဂျာနူးကြားအောင် တမင်တကာ ခပ်ကျယ်ကျယ်လေးပြောလိုက်ခြင်းပင်။

ဂျာနူးကို မြင်သည်နှင့် စချင်နောက်ချင်စိတ်တို့က ကလိကလိဖြင့်ထိန်းမရ။

ဗေဒါ့ ပစ်ချက်မှန်သည်။

ဂျာနူးထံမှ မျက်စောင်းတချက် ပြန်လာ၏။

စက်ရုပ်မလေး၏ ခံစားချက်မရှိသောမျက်နှာအား စိတ်ကောက်တတ် စိတ်ဆိုးတတ်သည့် ခံစားချက်သံပတ်တို့ တရစ်ချင်းတင်းပေးနိုင်နေသည့်အတွက် ဗေဒါ ကျေနပ်နေသည်။

ယခုအချိန်တွင် ရန်ကုန်၏ ဗိုလ်တကာ့ဗိုလ်လုပ်ချင်သည့် စိုးမြတ်နှင့် ပိုက်ဆံများထားစရာမရှိဖြစ်နေသော မစ္စတာလုတို့ တွေ့ဆုံမှုကို ဗေဒါ စိတ်မဝင်စား။

ဂျာနူး၏ မျက်စောင်းဝင့်ဝင့် တစ်ချက်သည်သာ။

……………………………………………………………………………………

ထိုညနေက စိုးမြတ်၏ မျက်နှာမှာ အရောင်များဝင်းလက်လျက်။

ဗေဒါအား ကျေးဇူးတင်သည့်အနေဖြင့် သည်တညလည်း အောင်ပွဲခံပေးမည်ဟု ဆိုလာသည်။

သို့သော် ဗေဒါက ငြင်းလိုက်၏။

စိုးမြတ်နှင့် လမ်းခွဲပြီးသည်နှင့် ဗေဒါထံသို့ မစ္စတာလု၏ ဖုန်းဝင်လာသည်။

“စိုးမြတ်ကို လွှတ်မထားရန်နှင့် အမြဲစောင့်ကြည့်နေရန်” မှာကြားခြင်းပင်။

သူ့တုန်းကကဲ့သို့ပင်..စိုးမြတ်နောက်တွင်လည်း မစ္စတာလု လူများ ရောက်နေလောက်ပြီဖြစ်ကြောင်း ဗေဒါ မှန်းဆကြည့်မိလိုက်သည်။

နောက်နှစ်ရက်ခန့်အကြာတွင် ဗေဒါ၏ တိုက်ခန်းသို့ လောရှည်နှင့် လူသုံးယောက် ရောက်လာ၏။

မစ္စတာလုက ဗေဒါ၏ လက်အောက်တွင် ထိုလူသုံးယောက်ကို ထားရန် ပို့လိုက်ခြင်းဖြစ်သည်။

လောရှည်နှင့်အတူ ဖိုင်တွဲတစ်တွဲလည်းပါလာ၏။

“ဗေဒါ..ဒါ မင်းလက်အောက်မှာ တွဲထားမယ့်..ငါတို့လူတွေ…မင်း..ဒီဖိုင်ထဲမှာ ပါတဲ့ဟာတွေကို အလွတ်ကျက်ပါ..သူတို့ကိုလည်းကျက်ခိုင်းပါ”

လောရှည်ပြန်ထွက်သွားသည့်အခါ ဗေဒါက ဖိုင်ကို လှန်ကြည့်လိုက်သည်။

ရန်ကုန် – မန္တလေးလမ်းမကြီးသို့ ဖြတ်သွားသည့်အခါ မြို့ဝင်စစ်ဆေးရေးဂိတ်များနှင့် ရှောင်တခင်ဂိတ်များ၊ ထိုဂိတ်များတွင် ရှိတတ်သည့်အဖွဲ့အစည်းများ၊ မည်သည့်အဖွဲ့အစည်းတွေ့လျှင် ကားမီးကို မည်သို့ အချက်ပြရမည်ဆိုသည် နည်းစနစ်များဖြစ်နေသည်ကိုတွေ့ရသည်။

ရဲစစ်ဆေးရေးတွေ့ရင် အချက်ပြမီး ဘယ်ဝမ်း ညာဝမ်း၊ အကောက်အခွန်ဆိုလျှင် ဘယ်ဝမ်း ညာတူး၊ စစ်တပ်၊ထောက်လှမ်းရေးဖြစ်လျှင် ဘယ်တူး၊ညာတူး စသဖြင့် အဖွဲ့အစည်းတိုင်းအတွက် ကားမီးသင်္ကေတများ၊ မီးပွိုင့်များတွင် အရေးပေါ်ဖြတ်လိုပါက ပြရမည့်အချက်ပြမီးစနစ်များ စသည့် သူတို့နှင့် အာဏာပိုင်အဖွဲ့အစည်းများကြားမှ စနစ်တကျအချိတ်အဆက်များကို ဗေဒါ အံဩစွာ ဖတ်ကြည့်နေမိသည်။

လက်နက်ကိုင်သူများ စီးပွားရေးလုပ်သည့်အခါ စစ်ရေးသင်္ကေတများပင်…လမ်းမပေါ်ရောက်လာသည့်အဖြစ်။

မည်သို့ပင်ဆိုစေ..လောရှည်ခိုင်သည့်အတိုင်း ဗေဒါတို့ လေးယောက်သား ထိုစာများ သင်္ကေတများကို အလွတ်ကျက်မှတ်ရတော့၏။

သုံးရက်မြောက်နေ့တွင် စာစစ်မှူးလောရှည် ရောက်လာသည်။

ဗေဒါကား ပညာတတ်ဖြစ်သည့်အပြင် နဂိုကတည်းက ဉာဏ်ကောင်းသဖြင့် စာမေးပွဲအောင်၏။

ကျန်သုံးယောက်မှ အခြေအနေမဟန်။

ထို့ကြောင့် လောရှည်က နောက်ငါးရက်အချိန်ထပ်ပေးသွား၏။

ငါးရက်မြောက်နေ့တွင်တော့ သူတို့အားလုံး အောင်မှတ်ရကြလေပြီ။

ထို့နောက်တွင်တော့ လောရှည် သူတို့ထံရောက်မလာတော့။

သူတို့လည်း ရင်းနှီးနေကြပြီဖြစ်သဖြင့် တိုက်ခန်းတွင် အရက်သောက်လိုက်၊ ပိုကာဒေါင်းလိုက်ဖြင့်သာ အချိန်ဖြုန်းနေကြ၏။

တပတ်ခန့်ကြာသောအခါ။

“တီးတောင်..တီးတောင်”

ဘဲလ်တီးသံကြောင့် ရေချိုးနေရာမှ သဘက်ကို ပတ်ကာ ဗေဒါထွက်လာလိုက်သည်။

ညက ညဉ့်နက်သည်အထိ သောက်ကြသောကြောင့် ကျန်သုံးဉီးမှာ ရှေ့ခန်းတွင် ပိုးလိုးပက်လက်။

ဗေဒါက သူတို့ကိုကျော်ခွပြီး တံခါးဖွင့်ပေးလိုက်၏။

“ဂျာနူး”

ဗေဒါ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။

အပေါ်ပိုင်ဗလာကျင်းဖြစ်နေသော ဗေဒါကို မြင်တော့ ဂျာနူးက ရှက်ကိုးရှက်ကန်း။

“ဒီတခါတော့…အတည့်ခေါ်သားပဲ”

ဂျာနူးက စကားလွှဲလိုက်သည်။

“ဘာလဲ စက်ရုပ်မလို့ ပြန်ခေါ်ရမလား”

ဂျာနူးမျက်နှာက ချက်ချင်းပြန်တည်သွား၏။ ဗေဒါက သတိကြီးစွာဖြင့် လက်ကို ကာလိုက်သဖြင့် ဂျာနူး မျက်နှာက ပြုံးယောင်ယောင်။

ထို့နောက် ဗေဒါလက်ထဲသို့ ကားသော့တချောင်းထိုးထည့်ပေးလိုက်သည်။

“အောက်မှာ ကားထားခဲ့တယ်..ရှင်တို့အခုချက်ချင်း အဲ့ဒီကားနဲ့ မန္တလေးကို သွားရမယ်”

“ဘာလဲ..ကျုပ်က ဒီကိုယ်လုံးတီးနဲ့ မန္တလေးသွားရမှာလား”

ဂျာနူးက ဗေဒါစကားကို ဆုံးအောင်ပင် နားမထောင်။ ချာခနဲလှည့်ကာ အောက်သို့ ဆင်းသွားတော့၏။

…………………………………..

ထိုနေ့က သူတို့လေးဉီးသား ကားဖြင့် မန္တလေးသို့ တက်ကြရသည်။

ထုံးစံအတိုင်းနောက်တစ်နေ့တွင် နောက်ထပ်ကားတစ်စီးကို ရန်ကုန်သို့ ပြန်မောင်းလာရ၏။

လမ်းတလျှောက် သူတို့ ကျက်မှတ်ခဲ့သည့် အချက်ပြစနစ်များကို အသုံးချကြည့်ရာ အားလုံးအဆင်ပြေချောမွေ့လျက်။

တလလုံးလုံး…ငါးကြိမ်တိုင်တိုင် မန္တလေးနှင့် ရန်ကုန်ကို သူတို့ ဆင်းချည်တက်ချည် လုပ်ကြရသည်။

ဒီတခါတော့ ဗေဒါလည်း မည်သည့်ပစ္စည်းများပါသည်ကို မစပ်စုချင်တော့။

နောက်ဆုံးအခေါက်တွင် ဗေဒါတစ်ဉီးတည်း ယောမင်းကြီးလမ်းခြံသို့ ကားသွားပို့ရသည်။

ရုံးခန်းအတွင်းသို့ ဝင်သွားသည့်အခါ အထဲတွင် ဂျာနူးတစ်ယောက်တည်း။

ဗေဒါက ကားသော့ကို အပ်လိုက်သည်။

ထို့နောက် သူဝယ်လာသည့် သနပ်ခါးတုံးများကို ဂျာနူးထံ ထိုးပေးလိုက်၏။

“ဒါက ဘာလဲ”

“မင်း လိမ်းဖို့လေ”

“ကျွန်မ သနပ်ခါး မလိမ်းတတ်ဘူး”

“လိမ်းကြည့်ပါ..လှမှာ”

စကားဆက်ပြောလျှင် ဂျာနူးက ပြန်ပေးနေမည်စိုးသဖြင့် ဗေဒါက စကားဆုံးအောင်မပြောပဲ ထထွက်ခဲ့လိုက်သည်။

“ဒီမှာ..ဒီမှာ”

တံခါးဝအရောက် ဂျာနူးက နောက်မှလိုက်လာ၏။

ကျေးဇူးတင်စကားပြောတော့မည်။

ဗေဒါက ဂျာနူးကို လှည့်ကြည့်လိုက်သည်။

ဂျာနူးက ဗေဒါနှင့်အနီးကပ်ဆုံးတိုးလာ၏။

“ရှင့်ကို ကျွန်မပြောစရာရှိတယ်’

ဗေဒါက ပြောဆိုသည့်သဘောနှင့် မေးဆတ်ပြန်လိုက်သည်။

“ဟိုတခါ ရှင်ခေါ်လာတဲ့လူ နဲ့ မစ္စတာလု အလုပ်စလုပ်နေပြီ…ပြီးခဲ့တဲ့အပတ်က မစ္စတာလု ဆီက သိန်းတစ်ရာ ထုတ်သွားတယ်..အဲ့ဒါ..ရှင်သိအောင်”

ဂျာနူးက ပြန်လှည့်ထွက်သွား၏။

ဗေဒါ စိတ်ထဲ မတင်မကျဖြစ်ကျန်ရစ်ခဲ့သည်။

အစောပိုင်းပြောစဉ်က ဗေဒါက တဆင့်လုပ်ရမည်ဟုပြောခဲ့ပြီး အခုတစ်ခါ မစ္စတာလု က စိုးမြတ်ကို တိုက်ရိုက်ငွေပေးနေပြန်၏။

စိုးမြတ်နှင့်သူ ဖုန်းအဆက်အသွယ်ရှိသော်လည်း ထိုကိစ္စကို စိုးမြတ်က တခွန်းမှမဟ။

မစ္စတာလုကလည်း သူ့အား လုံးဝမပြော။

သူတို့လောကတွင် ကိုယ့်အကန့်နှင့်ကိုယ် အလုပ်လုပ်ကြသည့် စနစ်ကြောင့်ဟုသာ ဗေဒါ ဖြေတွေးလိုက်သည်။

သို့သော်..ထူးခြားတာကတစ်ခုက..ထိုကိစ္စက ဂျာနူးက သူ့အား ဘာကြောင့် သိစေချင်သနည်း။

သူ သိသင့်သည်ဟု ဂျာနူးက ယူဆသဖြင့် လာပြောခြင်းလား။

ဒါဆို..ဂျာနူးက ဘယ်သူ့လူလဲ။

ဗေဒါ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသွားသည်။

ခက်ဇော်

*** အခန်း ၈ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***