သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၃)

0
3836
မင်းသမီးစခန်းခွာစစ်ကနေ ဟွာဟင် စခန်းသစ်အထိရောက်သွားတဲ့ တခုတည်းသော စစ်ကြောင်းတာဝန်ခံ တပ်ရေးဗိုလ်ကြီး ကိုဝင်အောင် စစ်ရေးပြ အခမ်းအနားတခုမှာ နေရာယူနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၂)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၆၃-

(၁) ရတ်ချပူရီအချုပ်မှ ကန်ချနပူရီထောင်ဆီသို့

ကမာပုလောစခန်းကနေ ထွက်လာတဲ့ ကိုဌေးအောင်နဲ့ ကျနော်ဟာ ဘန်းပုံမှာ တညအိပ်ပြီးတဲ့နောက် ဘန်ကောက်ရုံးကို ရောက်လာပါတယ်။ နောက်တနေ့မှာတော့ စကားပြန် ကိုအိုက်စံနဲ့အတူ ကျနော်တို့တို့ (၃) ဦး ရတ်ချပူရီကိုတခါ ပြန်ဆင်းလာပြီး ထော်လှမ်းရေးအကူအညီနဲ့ ကိုသောင်းထွန်းတို့ အုပ်စုကို ထောင်ဝင်စာသွားတွေ့၊ အားပေး စကားပြောကြပါတယ်။

ပြီးတော့ ကိုဌေးအောင်နဲ့ ကိုအိုက်စံက ဟွာဟင်ဒေသရှိ စခန်းသစ်ဘက် ခရီးထွက်သွားပါတယ်။ ကျနော်က ရတ်ချပူရီနဲ့ ကန်ချနပူရီဘက်မှာ လုံးချာလည်နေပြီး ရဲဘော်တွေကို ထောင်ဝင်စာတွေ့လိုက်၊ ထောက်လှမ်းရေးတွေနဲ့ နယ်စပ်ထဲ ဝင်လိုက်-ထွက်လိုက်၊ ဟိုနားဒီနားသွားလိုက်၊ DVB အတွက် သတင်းအတိုအစတွေ ပို့လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။

ကျနော်တို့ ရဲဘော် (၂၃)-ဦး ရတ်ချပူရီအချုပ်ထဲမှာ တလနီးပါး ကြာပြီးတဲ့အခါမှာတော့ ထိုင်းနယ်မြေထဲ တရားမဝင်ခိုးဝင်မှုနဲ့ ထောင်ဒဏ် (၃)-လစီ စီရင်ချက်ချခံရပြီး ရတ်ချပူရီအချုပ်ကနေ ကန်ချနပူရီထောင်ဆီ လွှဲလိုက်ပါတယ်။

ထောင်ဒဏ် (၃)-လပြည့်လို့ နယ်စပ်ကိုသွန်မယ့်နေ့ မတိုင်ခင်လေးမှာ အရင် ကန်ချနပူရီက ထောက်လှမ်းရေး (၂)-ဦးကို ခေါ်ပြီး သူတို့ (၂၃)-ဦးကို ကျနော် သွားထုတ်ပါတယ်။ ပြီးတော့ ထောက်လှမ်းရေးရဲ့ လမ်းပြမှုနဲ့ ကန်ချနပူရီမြို့ပြင် ကွေးမြစ်တဖက်ကမ်းက မြန်မာဘုန်းကြီးကျောင်းတခုဆီ ကျနော်တို့ ရောက်လာပါတယ်။

ကျောင်းအမည်နဲ့ ဘုန်းကြီးဘွဲ့အမည်တွေကို မမှတ်မိတော့ပေမယ့် ဒီကျောင်းဟာ ၁၉၄၀- ပြည့်လွန်နှစ်တွေတုန်းက ဂျပန်ပြန် ရဲဘော်သုံးကျိပ် တပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ BIA စစ်ကြောင်းတခု ဘန်ကောက်-ကန်ချနပူရီ-အများသွားတောင်ကြား-ဆင်ဖြူတိုင်ကနေ ထားဝယ်ဘက် မဝင်ခင် စခန်းချခဲ့တဲ့နေရာဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်တာကို ကျနော် အမှတ်ရနေပါတယ်။

ကျောင်းထိုင်ဆရာတော်ရော၊ ဒကာတွေပါ ထိုင်း-ထားဝယ်တွေ ဖြစ်နေတဲ့အတွက် ကျနော် အတော်အံ့သြခဲ့ရပါတယ်။ မင်းသမီးစခန်းမှာ နေစဉ်တုန်းက ကန်ချနပူရီကို သွားလိုက်-လာလိုက် (၁၀)- နှစ်လောက် ဖြတ်သွားနေပေမယ့် သမိုင်းဝင် ထားဝယ်ဘုန်းကြီးကျောင်း ဒီနေရာမှာရှိမှန်း ကျနော်လုံး၀ မသိခဲ့ပါ။

ရဲဘော် (၂၃)-ဦးထဲမှာ အများစုက ထားဝယ်သားတွေ။ ဒါမှမဟုတ် ထားဝယ်စကားကို နားလည်သူတွေဖြစ်တဲ့အတွက် ဒီကျောင်းမှာ ကျနော်တို့ တည်းခိုနေထိုင်ရေး အားလုံး အိုကေ ပါပဲ။ အဲဒီမှာ ဆွေးနွေးပွဲလုပ်ပြီး ရဲဘော်တွေရဲ့ ဆန္ဒကိုမေးမြန်း၊ သူတို့ သွားချင်တဲ့နေရာဆီ ဆက်ပို့ဖို့ စီစဉ်ရပါတယ်။

ကိုသောင်းထွန်း၊ ကိုရဲမင်းအောင်နဲ့ အခြား ရဲဘော် (၃)- ဦးလောက်က ဘန်ကောက်ကိုတက်ပြီး ဟွာဟင်က စခန်းသစ်ဖက် ဆက်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အများစုကတော့ တပ်ရင်း-(၁) မိသားစုတွေနဲ့ ရဲဘော်တွေရှိရာ ထန်းဟင်ဒုက္ခသည်စခန်းထဲ ဝင်မယ်လို့ ဆန္ဒပေးကြပါတယ်။

ဒီလိုနဲ့ ဘန်ကောက်တက်မယ့်လူတွေက ကျနော်နဲ့အတူ ဘတ်စ်ကားစီးပြီး ဘန်ကောက်ရုံးကိုပြန်။ ကျန်ရဲဘော်တွေကိုတော့ ဘုန်းကြီးကျောင်းမှာ ဆက်တည်း။ (၂) ရက်လောက်ကြာရင် ထောက်လှမ်းရေးက တာဝန်ယူပြီး ထန်းဟင်စခန်း အဝင်ဝရှိ တဂိုလမ်းရွာက ကိုကရင် (အရင် မောထာရွာမှာတုန်းက ကျောင်းသားတွေနဲ့ ရင်းနှီးသူ) အိမ်ဆီ ပို့ပေးမယ်လို့ သဘောတူ ခဲ့ပါတယ်။

(၅)-ရက်လောက် ကြာပြီးတဲ့နောက် ထောက်လှမ်းရေးတွေနဲ့ အချိတ်အဆက်လုပ်ပြီး ကိုကရင်အိမ်က ရဲဘော်တွေကို ထန်းဟင်စခန်းထဲပို့နိုင်ဖို့ တဂိုလမ်းရွာဆီ ကျနော်ရောက်လာခဲ့ပါတယ်။ ဘန်းပုံကနေ အငှားဆိုင်ကယ်နဲ့ လာတာဆိုတော့ သတ်မှတ်ချိန်ထက်စောပြီး မနက် ၉-နာရီလောက်ကတည်းက ကျနော်ရောက်သွားတာပါ။

ဒါပေမယ့် ၁၀-နာရီလောက်အထိ ထောက်လှမ်းရေးတွေက ရောက်မလာသေးပါဘူး။ ရဲဘော်တွေကလည်း စခန်းထဲဝင်ချင်လွန်းလို့၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်းလွန်းလို့ တရွရွဖြစ်နေကြပါပြီ။

“ခင်ဗျားကလည်းဗျာ၊ ဒီရွာနဲ့ ထန်းဟင်စခန်းကြား ဘာမှပြဿနာ မရှိဘူး။ ကျနော် ပိုင်ပါတယ်။ နေ့စဉ် ဒီလိုပဲ ကျနော်လူတွေပို့နေတာပဲဟာ” လို့ အိမ်ရှင်လည်းဖြစ်၊ ကားဆရာလည်းဖြစ်တဲ့ ကိုကရင်က ပြောပါတယ်။

ကျနော်လည်း ထောက်လှမ်းရေးတွေ မလာတော့ဘူးထင်ပြီး “ဒါဆိုလည်း ခင်ဗျားတာဝန်ယူရင် ပြီးတာပဲလေ” လို့ ပြောပြီး ရဲဘော်တွေကို သူရဲ့ ဖိုးဝီး-ကားပေါ် တင်ပေးလိုက်ပါတယ်။ ပြီးတော့ တာဝန်တခု ပြီးသွားတဲ့သဘောနဲ့ အေးအေးလူလူ ဘန်းပုံရွာဆီ ကျနော်ပြန်လာပါတယ်။

အဲဒီတော့မှ ကိုရွှေထောက်လှမ်းရေး ၂-ဦးရဲ့ ကားနဲ့ လမ်းမှာတိုးပါတယ်။ ”ငါတို့ကို မစောင့်ပဲ ဘာလို့ မင်း အဲဒီလိုလုပ်တာလဲ” ဆိုပြီး သူတို့က ကျနော်ကို ဆူပါတော့တယ်။ ကျနော်လည်း ဘာမှ မဖြစ်လောက်ဘူးထင်ပြီး သူတို့ကားနဲ့အတူ အေးအေးဆေးဆေးပဲ ဘန်းပုံကိုပြန်၊ အဲဒီကနေ ဘတ်စကားနဲ့ ဘန်ကောက်ကို ပြန်တက်လာပါတယ်။

———

ထောင်က ပြန်လွတ်လာတဲ့ ရဲဘော် ၂၀ ထပ်မံအဖမ်းခံရတဲ့ ထန်းဟင် ဒုက္ခသည်စခန်းရှိ ရဲဘော်မိသားစုအချို့ကို မြင်ရစဉ်။

(၂) ရှေ့နေကောင်းမှူကြောင့် ထောင် ၂-ခါချခံရသူများ

ဒါပေမယ့် ည ၁၀-နာရီလောက်မှာ သတင်းဆိုးက ဝင်လာပါလေရော။ “မင်း ငါတို့ကို မစောင့်ပဲ သောက်ရမ်း လုပ်လိုက်လို့ သူတို့အားလုံး အော်စော်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ။ အခု မင်းလူတွေ ရတ်ချပူရီအချုပ်ထဲ ပြန်ရောက်နေပြီ” ဆိုပြီး ထောက်လှမ်းရေးက ကျနော့်ဆီ ဖုန်းဆက်လာပါတယ်။

ဒီ သတင်းကိုကြားတော့ ကိုယ့်နားကိုယ်တောင် မယုံပါဘူး။ အခုပဲ အဲဒီထောင်ကနေ လွတ်လာလို့ ဒုက္ခသည်စခန်းဆီ ပြန်ဝင်တဲ့လူတွေကို ဒုက္ခသည်စခန်းစောင့် အောစော် (ထိုင်း ပြည်သူ့စစ်) က ဘာလို့ ပြန်ဖမ်းတာလဲ။ စခန်းထဲမှာလည်း ကိုမင်းအောင်တို့၊ ဆရာအောင်မြင့်တို့ အပါအဝင် ကျောင်းသားတွေ ရာနဲ့ချီရှိနေလျက်နဲ့၊ ကရင်ဒုက္ခသည်တွေလည်း ထောင်နဲ့ချီရှိနေလျက်နဲ့၊ ဘာလို့ဖမ်းတာလဲ…  ကျနော်ဘယ်လိုမှ စဉ်းစားလို့မရ။

နောက်ပိုင်းမှ ပြန်သိရတာက စစ်ဘောင်းဘီဝတ်၊ စစ်ကျောပိုးအိပ်ပါတဲ့ လူငယ်အမျိုးသားချည်း (၂၀)-နီးပါး တင်လာတဲ့ ဖိုးဝီးကားကို သံသယရှိတဲ့အတွက် ထန်းဟင်စခန်းစောင့် အောစော်တွေက ရှာဖွေရေးလုပ်တယ်လို့ ဆိုပါတယ်။ ကျနော့်ကို တာဝန်ခံသွားတဲ့ ကိုကရင်ပဲ ကောင်းကောင်း ရှင်းမပြတတ်တာလား။ ဘာတွေ လွဲသွားသလဲ မသိပါ။ သူတို့ အဖမ်းခံလိုက်ရတဲ့ကိစ္စကို ထန်းဟင်စခန်းထဲမှာရှိနေတဲ့ ကိုမင်းအောင်တို့၊ ဆရာအောင်မြင့်တို့တောင် မသိလိုက်ဘူးလို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ တနာရီလောက် ထပ်စောင့်လိုက်ရင် အားလုံး အိုကေ မယ့်ကိစ္စကို ဆန္ဒစောပြီး လုပ်လိုက်တဲ့ ကျနော်ရဲ့ ဆုံးဖြတ်ချက်တခုကြောင့် ရဲဘော် (၂၀)-နီးပါး နောက်ထပ် ထောင် (၃)-လ ထပ်ကျခံလိုက်ရပါတယ်။

နောင်တဆိုတာ နောင်မှရတယ်ဆိုတဲ့အတိုင်း ကျနော်ဘာမှ မတတ်နိုင်တော့။ ရတ်ချပူရီအချုပ်ကို ပြန်သွား။ ရဲဘော်တွေကို ထောင်ဝင်စာသွားတွေ့၊ သူတို့ကို တောင်းပန်ရုံကလွဲပြီး ကျနော်ဘာများ တတ်နိုင်ဦးမည်နည်း။

ရဲဘော်တွေကတော့ ကျနော့်အမှား မဟုတ်ပဲ သူတို့ဖက်က သွားချင်လွန်းတဲ့အမှားဆိုပြီး ကျနော် စိတ်သာအောင် ပြောဖော်ရပါတယ်။ ဒါပေမယ့် ဘာမှမပြစ်မရှိပဲ ထောင်ထဲမှာ နောပ်ထပ် (၃)-လထပ်နေရမယ့် သူတို့ဘဝကို ကျနော် ယူကြုံးမရ ဖြစ်နေမိပါတယ်။ တကယ်တန်း ထောင်ထဲဝင်နေသင့်သူဟာ သူတို့မဟုတ်ဘဲ ကျနော်သာဖြစ်တယ်လို့ ကိုယ်ဘာသာ စီရင်ချက်ချနေမိပါတယ်။

ထောင်ဝင်စာတွေ့တာ၊ ထောင်က လွတ်ချိန်မှာ နယ်စပ်ကိုမပို့အောင် ပိုက်ဆံပေးပြီး ရွေးရတာ၊ ထောက်လှမ်းရေး ငှားတာ၊ လူတွေသယ်ရတဲ့ အလုပ်တွေဟာ ငွေကုန်ကြေးကျ အတော်များတဲ့ကိစ္စပါ။

ပထမ တကြိမ်တုန်းက ရှိစုမဲ့စု အကုန်ခံထားတဲ့ တောင်ပိုင်းကော်မတီဟာ ဒီတကြိမ်မှာတော့ ပိုက်ဆံလည်း မလုံလောက်။ နောက်တခါ ထန်းဟန်ဒုက္ခသည် စခန်းအခြေနေကလည်း မဲဆောက်ဘက်က စခန်းတွေလို လွတ်လပ်မှု မရှိတဲ့အတွက် ဒုက္ခသည် စခန်းကနေ နယ်စပ်ပြန်ဝင်ပြီး တောထဲမှာထပ်မံအခြေစိုက် လှုပ်ရှားဖို့ဆိုတာ သိပ်မလွယ်တဲ့ သဘောမျိုး ဖြစ်လာနေပါတယ်။

ဒီလိုနဲ့ ဒီရဲဘော်တွေ ဒုတိယအကြိမ် ပြန်လွတ်ချိန်မှာ ထန်းဟင်စခန်းဆီ ပြန်မပို့တော့ပဲ စန်ခရပူရီနယ်စပ် ကလော့ကာနီ ဒုက္ခသည်စခန်းဘက်မှာ အသွန်ခံလိုက်မယ်။ အဲဒီမှာရှိတဲ့ အရင် (၁၀၁)-တပ်ရင်းက လူဟောင်းတွေနဲ့ ပေါင်းပြီး တပ်ရင်း-(၁) စခန်းခွဲအဖြစ် မွန်နယ်မြေမှာ လှုပ်ရှားမယ်လို့ ကျနော်တို့ စိတ်ကူး လိုက်ပါတယ်။ အဲဒီစိတ်ကူးကို အကောင်ထည်ဖော်တဲ့အနေနဲ့ ဒီရဲဘော် (၂၀) – စလုံး ထောင်ကလွတ်ချိန်မှာ ကလော့ကာနီဘက် ရောက်သွားပါတယ်။

သူတို့ထဲက တချို့က အခုချိန်အထိ စန်ခရပူရီမှာ ရရာအလုပ် လုပ်သူလုပ်၊ ကလော့ကာနီနဲ့ ဘန်းတုန်ယန်း ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်အဖြစ် လျှောက်သူလျှောက်ဖြစ်နေပါတယ်။ အများစုကတော့ အင်အား-(၅၀) ဝန်းကျင်ရှိ တပ်ရင်း-(၁) မှာ တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းနေပြီး တပ်ရင်းမှူးအသစ် ကိုသိန်းလွင်နဲ့အတူ မွန်နယ်မြေ၊ ကရင်နယ်မြေတွေမှာ လှုပ်ရှားနေဆဲ ဖြစ်တာကို ပြီးခဲ့တဲ့နှစ် (၂၀၁၁- ခရီးစဉ်ကိုဆိုလို) ထိုင်းခရီးစဉ်အတွင်း ကျနော်တွေ့ခဲ့ရပါတယ်။

—————

UN အသိအမှတ်ပြု မနီလွိုင်ကျောင်းသားစခန်းရောက် မင်းသမီးခစန်းက ABSDF ရဲဘော်ဟောင်းများ။

(၃) ဟွာဟင်စခန်းအထိရောက်သွားသည့် တခုတည်းသောစစ်ကြောင်း

ကန်ချနပူရီခရိုင်အတွင်းရှိ ကလော့ကာနီ၊ ရတ်ချပူရီခရိုင်ရှိ ထန်းဟင် ဒုက္ခသည်စခန်းတွေကနေ တောင်ပိုင်း ပရာကျွတ်ခရိုင်ဖက်ရှိ ဟွာဟင်- စခန်းသစ် သူပုန်စခန်း အခြေနေဘက်လှည့်ရမယ်ဆိုရင် မင်းသမီးစခန်းကျပြီးနောက် ခွာစစ်ဆင်လာတဲ့ စစ်ကြောင်း (၄)-ခုထဲက တပ်ရေးဗိုလ်ကြီး ကိုဝင်အောင် ဦးစီးတဲ့ စစ်ကြောင်းတခုပဲ မင်းသမီးစခန်းကနေ ဟွာဟင်ဒေသ စခန်းသစ်အထိ အောင်မြင်စွာရောက်သွားခဲ့ပါတယ်။

အခြားစစ်ကြောင်းတွေဖြစ်တဲ့ တပ်ရင်းမှူး ချစ်ကိုကို ဦးဆောင်တဲ့အဖွဲ့နဲ့ ထောက်လှမ်းရေးမှူး ကိုဇော်သန်း ဦးဆောင်တဲ့အဖွဲ့တွေ ပင်လယ်ပြင်ထဲမှာ နဝတ-တပ်ရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။

ဗလဖ-အဖွဲ့ဝင် ကိုသောင်းထွန်းဦး ဆောင်တဲ့အဖွဲ့က ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ထောင်နှစ်ကြိမ်ကျပြီးတဲ့နောက် ရဲဘော် (၂၀)- ခန့် ကလော့ကာနီဘက် ရောက်သွားပါတယ်။

တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် ဦးဆောင်တဲ့ စစ်ကြောင်းဟာ တနင်္သာရီမြစ်ဝရှိ သဂျက်၊ ကော့မပြင်းဘက်မှာ တိုက်ပွဲ ၃- ကြိမ်လောက် ဖြစ်ခဲ့ပေမယ့် ကိုယ့်ဖက်က အကျဆုံးမရှိပဲ စခန်းသစ်အထိ ချောချောမောမော ရောက်သွားတယ်လို့ ကိုဝင်းအောင်က ကျနော့်ကို ပြန်ပြောပြါတယ်။

မဟာမိတ်တွေဖြစ်တဲ့ KNU တပ်တွေနဲ့ မြိတ်-ထားဝယ်တပ်ဦး (အရင် ဗကပ-တနသာၤရီတိုင်း) တပ်ဖွဲ့တွေ အားလုံးလည်း စခန်းသစ်ဖက်မှာ စုရုံးရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။ နောက်တခါ တပ်ရင်း-၇ မှူး ကိုဆလိုင်းယောအောင်တို့ တပ်တွေလည်း ရောက်နေပြီး စခန်းသစ်ရှေ့ရေးကိစ္စ ကိုဌေးအောင်တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အဲဒီအချိန်မှာ ကျနော်ဟာ ဘန်ကောက် ဘန်းကပိ The Mall ကုန်တိုက်အနီးရှိ ဗဟိုထောက်ပံ့ရေးရုံးမှာ တည်းခိုနေပြီး ABSDF အလုပ်ထက် DVB အလုပ်တွေကို ဦးစားပေးလုပ်နေတဲ့အချိန် ဖြစ်တဲ့အတွက် စခန်းသစ်ဖက်က နောက်ဆက်တွဲ အခြေအနေတွေကို ထဲထဲဝင်ဝင် သိပ်မသိတော့သလို ဟွာဟင်ဖက်ကိုလည်း ပြန်မရောက်ဖြစ်တော့ပါ။

အဲဒီအချိန်မှာ ဘန်ကောက်နဲ့ သိပ်မဝေးတဲ့ ထန်းဟင်ဒုက္ခသည် စခန်းတွင်းရှိ ရဲဘော်တွေ၊ မိသားစုတွေဆီက အဆိုပြုချက်တခုကို ကျနော်တို့ ဘန်ကောက်ရုံးမှာရှိတဲ့ တောင်ပိုင်း တာဝန်ခံတွေ (ဗလဖ-အဖွဲ့ဝင် ကိုမင်းအောင်၊ ကျနော်နဲ့ ဒုရင်းမှူး ဆရာအောင်မြင့်) ဆီ ရောက်လာပါတယ်။

အဆိုပြုချက်ရဲ့အနှစ်ချုပ်ကတော့ မဲဆောက်ဘက်က စခန်းတွေမှာ လုပ်နေကြသလိုမျိုး ဒုက္ခသည်စခန်းကနေ နယ်စပ်ကိုဖြတ်၊ မြန်မာနယ်ထဲပြန်ဝင်ပြီး စစ်ပြန်တိုက်ဖို့အရေးဟာ ထန်းဟင်စခန်းရှိတဲ့ ကန်ချနပူရီ၊ ရတ်ချပူရီဖက်မှာဖြစ်နိုင်ခြေ သိပ်နည်းတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေနေအရပ်ရပ်ကြောင့် နယ်စပ်ပြန်ဝင်ပြီး တော်လှန်ရေး ဆက်လုပ်ဖို့ အခြေနေ မကောင်းမတော့ဘူးလို့ ယူဆတဲ့အတွက် ထန်းဟင်ဒုက္ခသည်စခန်းကနေ ဘန်ကောက်ကိုတက်၊ UN အသိအမှတ်ပြု ဒုက္ခသည်အဖြစ်လျှောက်ပြီး တတိယ နိုင်ငံထွက်ရေးဘက် အခြေအနေတွေက ဦးတည်လာတယ်ဆိုပါတော့။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၄) >>>>>

ထက်အောင်ကျော်