ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ပါဝင်

0
3383

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၉၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၆၀ ဦးပါဝင်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဇန်နဝါရီ ၅) ထုတ်ပြန်သည်။

ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချခံရသည့် 7 day သတင်းထောက်ဟောင်း စိုင်းကိုကိုထွန်း၊ တပ်ပေါင်းစုသပိတ်ကော်မတီ၊ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူး ထူးမြတ်လွင်၊ ရှေ့နေ ဒေါ်စန္ဒာချိုနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့သည်။

“သူတို့ ပြန်လွတ်လိုက်တာက သူတို့ စိတ်တိုင်းကျချုပ်ထားပြီးပြီ၊ တစ်နှစ်အောက်ပဲ ကျန်ပြီ၊ ဒီတိုင်းလည်း ပြန်လွတ်ဖို့ လူတွေပဲ၊ အခုလက်ရှိ သူတို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မျက်နှာပန်းလှအောင် ဖော်ရှိုး(ဟန်ပြ)တစ်ခုလုပ်ပြတာပေါ့နော်” ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးနေသည်များရှိသလို တစ်ဖက်တွင်လည်း အာဏာရှင်စနစ်တော်လှန်နေသူများ၊ ထောက်ပံ့နေသူများကို ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦး လွတ်မြောက်ခဲ့သည်။

လွတ်ငြိမ်းသက်သာခွင့်ရသူများသည် နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟုဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ ၇၀၁၂ ဦးတွင် တနင်္သာရီတိုင်းက ၂၅၃ ဦး ပါဝင်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ၏ ဇန်နဝါရီလ ၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၃၃၇၅ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူမှာ ၃၄၆၃ ဦးရှိသည်ဟု သိရသည်။