တိုင်းအတွင်း ဂတ်စ်ဈေးကျ

0
3040

ကမ္ဘာ့ဂတ်စ်ဈေးကွက်တွင် ဈေးကျလာသဖြင့် တိုင်းတွင်းဂတ်စ်ဈေးလည်း လိုက်ပါ၍ကျဆင်းလာကြောင်း တိုင်းအတွင်း ဂတ်စ်တင်သွင်းဖြန့်ဖြူးနေသူများနှင့် အရောင်းကိုယ်စားလှယ်အချို့က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဂတ်စ်ဈေးမှာ ၄၈ ကီလိုလျှင် ၁၄၆,၀၀၀ ကျပ်ရှိရာမှ ဇန်နဝါရီလ ၅ ရက်နေ့တွင် ၁၃၈,၀၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ဂတ်စ်တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

၂၀၂၂ ခုနှစ် ဇူလိုင်၊ ဩဂုတ်လများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်အတွင်း ဂတ်စ်ပြတ်လပ်ခဲ့ပြီးနောက် တိုင်းအတွင်း ဂတ်စ်ဈေးနှုန်းမှာလည်း ၄၈ ကီလိုလျှင် ကျပ် နှစ်သိန်းခန့်အထိ မြင့်တက်သွားခဲ့သည်။

ယင်းနောက်တွင် ဂတ်စ်များ ပြန်လည်ရရှိပြီးနောက် မြိတ်၊ ထားဝယ် ဈေးကွက်တွင်ပါ ဈေးနှုန်းများ တဖြေးဖြေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ဂတ်စ်တင်သွင်း ဖြန့်ဖြူးရောင်းချနေသူများထံမှ သိရသည်။

“မနေ့ကမှ ဈေးကျတယ်။ ၁၉၅၀၀၀ ကနေ တဖြေးဖြေးနဲ့ ကျလာတာ။ ကမ္ဘာ့ဈေးကွက်ကျလို့ ကျတာ” ဟု ဂတ်စ်တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ ထားဝယ်ဈေးကွက်တွင် ဂတ်စ်တစ်ကီလိုဈေး ၃၄၀၀ ကျပ်ရှိရာမှ ယခု ဇန်နဝါရီလ ၅ ရက်နေ့တွင် ၃၂၀၀ ကျပ်ဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်မြို့တွင်းရှိ ဆိုင်အများစုတွင် ဂတ်စ်တစ်ကီလိုလျှင် ၃၄၀၀ ကျပ်မှ ၃၅၀၀ ကျပ်အတွင်း ဈေးများဖြင့် ရောင်းချနေကြကြောင်း ဂတ်စ်အရောင်းဆိုင်အချို့ထံမှ သိရသည်။

“အိမ်မှာတော့ ဟိုနေ့က ၄ ကီလိုအိုးတစ်လုံးလဲတာ ၁၄၀၀၀ ပေးရတယ်။ တစ်ကီလို ၃၅၀၀ ဈေးပေါ့။ အရင်က အဲဒီ ၄ ကီလိုအိုးကို ၁၈၀၀၀ အထိ ဖြစ်သွားသေးတယ်” ဟု ဂတ်စ်အသုံးပြုသည့် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ မြိတ်ဈေးကွက်တွင်လည်း ဂတ်စ်ရောင်းသည့် လက်လီဆိုင်တွင် တစ်ကီလိုလျှင် ၃၃၀၀ ကျပ်ဈေးရှိကြောင်း မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဂတ်စ်အရောင်းဆိုင်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဈေးကတော့ ဒီနေ့တစ်ဈေး၊ မိုးလင်းတစ်ဈေးပြောင်းနေတယ်။ အခုလက်ရှိဈေးကတော့ ၃၃၀၀၊ တစ်ရက်နဲ့ တစ်ရက်တော့ ဈေးက မတူဘူး” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကမူ ပြီးခဲ့သည့်ပတ်က ၁၅ ကီလိုတစ်အိုးလျှင် ၅၅၀၀၀ ကျပ် (တစ်ကီလို ၃၆၀၀ ကျပ်ကျော်) ပေးရကြောင်း ဆိုသည်။

ကမ္ဘာ့ဈေးကျလာသဖြင့် ဂတ်စ်ဈေးပြန်ကျလာခြင်းဖြစ်သလို ဂတ်စ်အဝယ်တော်များ ဂတ်စ်ရရှိမှုကို ဖြည့်ဆည်း နေနိုင်သဖြင့်လည်း ဂတ်စ်ဈေးကျလာခြင်းဖြစ်သည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။

ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်ဈေးနှင့် ဖောက်သည်ဒိုင်ကြီးများတွင် ဂတ်စ်ဈေး ကျဆင်းလာသော်လည်း လက်လီဈေးကွက်တွင် သိသိသာသာဈေးနှုန်းကျသွားခြင်းတာ မရှိကြောင်း သုံးစွဲသူအချို့က ပြောဆိုကြသည်။